မုံရွာကုန်စည်ဒိုင် စက်တင်ဘာလလယ် ပဲဈေးကွက်မှာ ပဲအများစုဈေး အေးခဲ့ပေမဲ့ ပဲလက်ကျန်လျော့လာတဲ့ ငုံနီကတော့ ဈေးဆက်လက်မာနေတာ တွေ့ရပါတယ်။ ယခုအပတ်အတွင်း ဒေသခံလှောင်လက်တွေဆီမှာ ငုံနီ လက်ကျန်အိတ်၅သောင်းဝန်းကျင်သာကျန်ရှိနိုင်ဖွယ်ရှိတယ်လို့ကုန်သည်တွေခန့်မှန်းထားကြပြီးလာမဲ့ အောက်တိုဘာမှာ
အိန္ဒိယဘက်က ဝယ်လိုအားကောင်းလာနိုင်ခြင်းကို မျှော်လင့်ကာ ပဲကိုထိန်း ရောင်းလျက်ရှိတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။လောလောဆယ်ငုံနီ တစ်တင်း၂၁၈၀၀ ကျပ်မှ ၂၂၃၀၀ ကျပ်ကြား ဈေးလှုပ်နေပြီး ဒေသခံ ကုန်သည် ဝယ်လက်ဝယ်ယူမှုသာရှိတဲ့အတွက်တစ်ရက်အိတ်၂၀၀မှ၅၀၀ကြားသာအရောင်းအဝယ် ဖြစ်နေတယ်လို့ဆိုပါတယ်။ စိမ်းကြီး ဈေးကွက်အနေနဲ့လက်ကျန်ပဲကိုသာ မန်းလက်ကိုရောင်းချမှုရှိပြီး လာမဲ့လထဲမှာ မြစ်အနောက်ဘက်ဒေသ ဂန့်ဂေါဘက်က ပဲတီအသစ်ဝင် လာ ဖွယ်ရှိတယ်လို့သိရပါတယ်။ ယခုအပတ်ထဲမှာ စိမ်းကြီးတစ်တင်း ၃၃၀၀၀ ကျပ်မှ ၃၃၅၀၀ ကျပ် ကြားပေါက်ဈေး ဖြစ်ခဲ့ကာ တစ်ရက်အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ပဲကြီးဈေးကွက်အနေနဲ့ ဝါတွင်း ကာလ ပဲကြော်ဖိုလုပ်ငန်းတွေ တွင် ကျယ် နေပေမဲ့ အခြားဈေးသက်သာတဲ့ ပဲတွေ အစားထိုး သုံးစွဲ နေကြလို့ ဝယ်လိုအားလျော့ကာ ဈေးလည်း လျော့ကျလာခဲ့တာတွေ့ရပါတယ်။ ယခုအပတ် အတွင်း တစ်တင်း ၂၄၅၀၀ ကျပ်မှ ၂၃၅၀၀ ကျပ်ထိ ဈေးကျခဲ့ကာ ဒေသခံ ဝယ်လက်ထက် ပခုက္ကူပဲကြော်လုပ်ငန်းမှ အဝယ် သွက်ခဲ့လို့ တစ်ရက်အိတ် ၁၀၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ယခု တစ်ပတ်ထဲမှာ ဒေသတွင်း လက်လီအသုံးသာရှိကြတဲ့စွန်တာနီ၊ ပဲနီ လုံးကြားတို့ ပဲလက်ကျန်နည်းသလောက် ဝယ်လက်အေးခဲ့လို့ တစ်တင်း ၁၇၇၀၀ ကျပ်နဲ့ ၁၈၅၀၀ ကျပ် အသီးသီးဈေးအေးသွားခဲ့ပြီး အရောင်းအဝယ်အနေနဲ့ စွန်တာနီတစ်ရက် အိတ် ၃၀၀ နီးပါး၊ပဲကြား တစ်ရက်အိတ် ၂၀၀ နီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ကုန်သည်လှောင်လက်တွေဆီမှာသာလက်ကျန်အနည်းငယ်ရှိတော့တဲ့မတ်ပဲ ဈေးကွက်မှာတော့ ဝယ်လက်အနည်းငယ်ရှိပြီး တစ်တင်း ၂၈၅၀၀ ကျပ်နဲ့ အနည်းငယ် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ယခု တစ်ပတ်မှာ ကျဈေးနဲ့ ရောင်းအသွက်ဆုံး ပဲကတော့ ကုလားပဲ မျိုးစုံဖြစ်ပြီး ထိုင်ဝမ်တစ်တင်း ၁၃၇၀၀ ကျပ်၊ V2 တစ်တင်း ၁၃၆၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၃၅၀၀ ကျပ်အသီးသီး ပေါက်ဈေးဖြစ်ခဲ့ကာ ဝါတွင်းကာလ ပဲ ကြော်အရောင်း အဝယ်သွက်လို့ ခွဲစက်သမား ပုံမှန် အဝယ်ရှိတာကြောင့် ကုလားပဲမျိုးစုံတစ်ရက်အိတ် ၁၀၀၀ ထိ အရောင်းအဝယ် ရှိခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။