အာဖရိကမှာ အီဘိုလာဖြစ်ပွားခြင်းက အာရှလိုဝေးလံတဲ့ဒေသတွေက ပင်လယ်ယာစိုက်ပျိုးရေးနဲ့ ပြည်ပ တင်ပို့မှု တို့ အပေါ်သက်ရောက်မှုစတင်နေကြောင်းနဲ့ ပထမအကြိမ် ပြင်းထန်တဲ့ သက်ရောက်မှုကြုံတွေ့နေရတဲ့ထဲမှာ ထိုင်း ဆန်လုပ်ငန်းလည်း ပါဝင်ကြောင်း သိရပါတယ်။ အာဖရိကဟာ ထိုင်းဆန်အတွက် အဓိကဈေးကွက်တစ်ခုဖြစ်ပါ
တယ်။ ဒါပေမဲ့ ဆန်တင်ပို့သူတွေအနေနဲ့ဝယ်လိုအားဖြည့်ဆည်းဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဘန်ကောက်ရှိ ဆန်တင်ပို့သူတွေ ပြောကြားချက်အရ အာဖရိကစားသုံး သူတွေက နှစ်စဉ်ဆန်တန်ချိန် ၉ သန်း စားသုံးကြောင်း၊ အဲဒီပမာဏအနက် သုံးပုံနှစ်ပုံမှာ တင်သွင်းထားပြီးဖြစ်ကြောင်း၊ ဒါပေမဲ့လက်ရှိအခြေအနေအရ အနောက် အာဖရိကဆိပ်ကမ်းတွေကို၎င်းတို့ဆန်တွေတင်ပို့လို့ မရဘူးလို့ သိရပါတယ်။ ဆန်တင်ပို့ဖို့အတွက် သင်္ဘောသားတွေ ရှာမရဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ အသက်အန္တရာယ် ဆုံးရှုံးစေတဲ့ အီဘိုလာဖြစ်မှာကို စိုးရိမ်တာကြောင့်လို့ ထိုင်းဆန်တင်ပို့သူ အသင်းဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Vichai Sriprasert က ပြောကြားကြောင်း သိရပါတယ်။ အနောက်အာဖရိက ကုန်သည်တွေက ခရစ်စမတ်ကာလအ တွင်း ရောင်းချနိုင်ဖို့ ဆန်သိုလှောင်ဖို့ ကြိုးစားနေကြတယ်။ အဲဒီလိုသိုလှောင်နိုင်ဖို့ အခုအချိန်ဝယ်ယူရမှာဖြစ်ပေမဲ့ လက်ရှိ အခြေအနေအရသင်္ဘော လုံလုံလောက်လောက် ရှာမရတာက ကုန်သွယ်မှုအခြေအနေတစ်ခုလုံးကို ထိ ခိုက်စေနိုင်တယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။ ယခုနှစ် လက်ရှိအချိန်ထိ အာဖရိကကို ထိုင်းဆန်တန်ချိန် ၃ ဒသမ ၃ သန်း ကျော်တင်ပို့ပြီးသွားပြီဖြစ်လို့ ပြီးခဲ့ တဲ့ နှစ်တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၇၅ သန်းပြည့်မီဖို့ အနည်းငယ်လို နေသေးတယ်လို့ ဆိုပါတယ်။ ပမာဏများစွာ တင်ပို့ခဲ့တဲ့ အဓိကနိုင်ငံတွေက ဘီနင်၊ အိုင်ဗရီကို့စ်၊ တောင်အာဖရိက၊ ကင်မရွန်၊ မိုဇမ်းဘစ်နဲ့ နိုက်ဂျီး ရီးယားနိုင်ငံများဖြစ်ပါတယ်။ ယခုလိုအမြင့်ဆုံးတင်ပို့ရမယ့် ရာသီအချိန်မှာ ဆန်အလျင်အမြန် တင်ပို့နိုင်မှုမရှိခြင်းက သိုလှောင်ဆန်တွေ အပြည့်ဖြစ်နေတဲ့ ထိုင်းဆန်တင်ပို့သူတွေအတွက် အခက်အခဲတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေက ဆန်လုပ်ငန်းအတွင်း ကွင်းဆက်တန်ပြန်ဖြစ်ပေါ်မှုတွေ ဖြစ်လာပြီး တောင်သူတွေကို ရိုက်ခတ်လာနိုင်တယ်လို့လည်း Vichai က ထပ်လောင်းပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ သိုလှောင်ရုံတွေကနေ ဆန်မထုတ်နိုင်ဘူး၊ အလားတူ ဆန်စက်လုပ်ငန်းရှင်တွေဆီကလည်း ဆန်မဝယ်နိုင်ဘူး၊ ဆန်စက် သိုလှောင်ရုံတွေမှာလည်း ဆန်တွေပြည့်နေတယ်၊ အကယ်လို့ ဆန်တင်ပို့သူတွေကို ဆန်ထုတ်မရောင်းနိုင်ရင် တောင်သူတွေဆီက မဝယ်နိုင်တော့ဘူး၊ လူတော်တော် များများက ဆန်မဝယ်ယူနိုင်တော့လို့ တောင်သူရောင်းဈေး ကျဆင်းမယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။ အာရှဆန် ကို ဒီသီတင်းပတ်တွေမှာ ဝယ်လိုအားနည်းနေတဲ့အပြင် အီဘိုလာဖြစ်ပွားမှုကြောင့်အရင်ကထက် ဈေးကွက် ကျ ဆင်း ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လူကိုသေစေနိုင်တဲ့ ဗိုင်းရပ်စ်ကျရောက်နေတဲ့ နိုင်ငံတွေမှာစားနပ် ရိက္ခာ ဈေးနှုန်း ပိုပြီး ကြီးလာဖွယ်ရှိတယ်လို့ FAO က သတိပေးပြောကြားထားပါတယ်။ အချို့သောအာဖရိကလယ်သမားတွေဟာ လယ်ထဲမဆင်းနိုင်ကြဘူး၊ သင်္ဘောနဲ့ရောလေကြောင်းနဲ့ပါ ဆန်တင်သွင်းမှုက ရောက်ရှိဖို့ မသေချာဘူးလို့လည်း FAO ကဆိုပါတယ်။ အိန္ဒိယဆန်တင်ပို့သူများအသင်း ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ VijaySatia ပြောကြားရာမှာတော့ ၎င်းတို့အနေနဲ့ အာရှဆန်တင်ပို့မှုက အာဖရိက နိုင်ငံများကို ရောက်ရှိနိုင်တယ်၊ ဒါပေမဲ့ ကုန်ကျစရိတ်ပိုကြီးမယ်လို့ ဆိုပါတယ်။ ဆန်တင်ပို့သူတွေအနေနဲ့ ပြသနာနည်းတဲ့ ဆိပ်ကမ်းတွေကတစ်ဆင့် တင်ပို့ပြီး အဲဒီကတစ်ဆင့် ရထား၊ ကားနဲ့ တင်ပို့လို့ရတယ်။ ဒါပေမဲ့ စားသုံးသူဈေးနှုန်းက အရမ်းကို မြင့်တက်နေမှာဖြစ်ပေမဲ့ ဆန်တင်ပို့သူတွေ အနေ နဲ့ တော့ ဈေးနှုန်းက နိမ့်နေမယ်လို့လည်း ၎င်းတို့က ထောက်ပြပါတယ်။ အချို့ဆိပ်ကမ်းများမှာကုန်တင်ကုန်ချနည်းသွားပေမဲ့ သင်္ဘောသားများအာဖရိက ဆိပ်ကမ်းများကိုသွားဖို့ ငြင်း ဆိုတဲ့ပြသနာက အရမ်းကြီးတော့ မကြီးသေးပါဘူးလို့ ဆိုပါတယ်။