ကားကောင်း ကားသန့်များနှင့် ကားဟောင်းများ ဈေးတန်းနှစ်မျိုးဖြင့် ရပ်တည်နေ ရန်ကုန်မြို့ကားဈေးကွက်မှာ ဇူလိုင် ၂၃ ရက်ခန့်မှစ၍ လိုင်စင်မဲ့ကားများ အခွန်ပေးဆောင် လိုင်စင်သစ်ထုတ်ပေးချိန်မှ ယခုလ ၂၄ရက်ထိ နှစ်လနီးပါးခန့် ကာလအတွင်း ဈေးကွက်တွင်းသို့ ကားကောင်းကားသန့်များဝင်ရောက်လာသဖြင့် ဝယ်စီးများ အကြိုက်ဖြစ်သလို ယခင်ရှိနှင့်ပြီး ကားဟောင်းများမှာလည်း ဈေးတန်း တစ်ခုဖြင့် ရပ်တည်နေကြောင်း သိရသည်။ ထိုသို့ အခွန်ပေးဆောင်လိုင်စင်ချထားခြင်း ဆောင်ရွက်ပေးမှုကြောင့် ဝယ် ရောင်းများသာမက ဝယ်စီးများပါ လူတန်းစားအများစု မိမိကြိုက်နှစ်သက်ရာကား ရွေးချယ်စီးနင်းခွင့်ရခဲ့ပြီး မိုဒယ်အမြင့်များ၊ ပုံစံသစ်များ၊ အသွင်ဆန်းပြားသည့် ကား များ ပြောင်းလဲစီးနင်း လာကြောင်း သိရသည်။ ကားလောကနှင့်မစိမ်းသောသူများမှာလည်း အခွန်ဆောင်လိုင်စင်သစ် ယူ မည့်ကားအား မိမိစိတ်ကြိုက်ပုံစံ မိမိကိုယ်တိုင် ရှာဖွေဝယ်ယူကာ ကိုယ်ပိုင် အမည်ပေါက်ကား စီးနင်းလာကြပြီး ကားလောကနှင့် အကျွမ်းတဝင်မရှိဘဲ မျက်မြင် စိတ်ချယုံကြည် ရသောကားမှသာ စီးချင်သူများမှာ မိမိအမည်ပေါက်မရသော်လည်း အမြင့်ကား၊ အသန့်ကားများအား အက္ခရာနံပါတ်ထွက်ပြီးသားအဆင့် စိတ်ကြိုက် ရွေးချယ်ဝယ်ယူစီးနင်းကြောင်း သိရသည်။ ကားဈေးကွက်တွင်းသို့ အခွန်ဆောင်လိုင်စင်သစ် ရယူထားသော ကားများ စီးရေထောင်ဂဏန်းချီ ဝင်ရောက်လာချိန်တွင် သြဂုတ်လ ဆန်းပိုင်းမှစ၍ ကားဈေး များစွာ တဖြည်းဖြည်းကျဆင်းလာကာ ငွေကြေးအသင့်အတင့်သာတတ်နိုင်၍ ကား စီးရန် အစီအစဉ်မရှိသူများပါ သိန်း ၁ဝဝ အောက်တန်ဖိုးရှိကားများ ဝယ်ယူစီးနင်းလာကြောင်း သိရသည်။ ယခုကားဈေးကွက်အတွင်း ယခင်ကကဲ့သို့ ကားဟောင်းများ၊ အများစု ရှိမနေဘဲ ယခင်လေလံအောင်ခဲ့ပြီးသော ကားများ၊ ဌာနဆိုင်ရာမှ အသစ်ထုတ်လုပ် ရောင်းချသော မိုဒယ်မြင့် အဆင့်မြင့်ကားများ၊ စက်မှုဇုန်များမှ ပြောင်းလဲထုတ်လုပ် လာသည့် ပုံစံသွက် အမြင့်ကားများ၊ အခွန်ပေးဆောင် လိုင်စင်သစ်ရယူထားသည့် ကားများစသည်ဖြင့် ဝယ်စီးမည့်သူများအကြိုက် ရွေးချယ်စရာ ကားကောင်း/ ကားသန့် များလာကြောင်း၊ ဈေးတန်းများမှာ လိုင်စင်သစ် အက္ခရာနံပါတ်ဖြင့် ကားသန့်များမှာ ဈေးတန်းတစ်ခု၊ ယခင်ရှိပြီး ကားဟောင်းများမှာ ဈေးတန်းတစ်ခု ဖြစ်နေသော်လည်း ယခုချိန် ကားဝယ်စီးမည်ဆိုက မိမိသုံးစွဲနိုင်သည့်ငွေကြေးတန်ဖိုး နှင့်ကိုက်ညီမည့် ကားမျိုးဝယ်နိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင် ကိုမြင့် ကျော်မှ ပြောသည်။ SN
Background