Main menu

Background

သီတင်းကျွတ်ပွဲတော်နှင့် အတူ လှုပ်ရှားလာတဲ့ ဈေးကွက်

Tue, 10/12/2010 - 03:52 -- Anonymous (not verified)

သီတင်းကျွတ်ပွဲတော်နှင့် အတူ လှုပ်ရှားလာတဲ့ ဈေးကွက်        ဝါလကင်းလွတ်သီတင်းကျွတ်ကာလသို့ ရောက်ရန် ရက်သတ္တပတ်အနည်း ငယ်သာ လိုပါတော့တယ်။ ဝါကျွတ်ကာလ အချိန်အခါဟာ လူကြီးလူငယ် လူလတ် မရွေး စိတ်လှုပ်ရှားကြတဲ့ အချိန်အခါပါပဲ။ ဝါကျွတ်ကာလလို့ ခေါ်ကြတဲ့ သီတင်း ကျွတ် အခါသမယဟာသက်ကြီးရွယ်အိုများနဲ့ အမိအဖတို့ကို ကန့်တော့ကြတဲ့လ ဖြစ်လို့ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင် တိုင်းအတွက် အထွတ်အမြတ်ထားရာ အချိန် အခါလည်းဖြစ်ပါတယ်။      အခုလို သီတင်းကျွတ်ကာလ နီးကပ်လာတာနဲ့အမျှ စတိုးဆိုင်ကြီးတွေ၊ စူပါ မားကက်တွေဟာသူ့ထက်ငါအပြိုင်အဆိုင် သီတင်းကျွတ် ဈေးရောင်းပွဲတော်တွေကို ပြုလုပ်လာကြပါတယ်။ အဲဒီလို ဈေးရောင်းပွဲတော်တွေ ပြုလုပ်လာတဲ့အတွက် သီတင်းကျွတ်ကာလမှာ ကန်တော့ပန်းဆင်ကြတဲ့သူတွေမှာ အပြိုင်အဆိုင်ဈေးကွက် ထဲက မိမိကြိုက်တဲ့ ပစ္စည်းကို မိမိကြိုက်တဲ့ဈေးနှုန်းနဲ့ လွတ်လပ်စွာနှိုင်းယှဉ်ရွေးချယ် ဝယ်ယူရရှိနိုင်ပြီး ကန်တော့လက်ဆောင်ပေးနိုင်ကြတာကို တွေ့ရပါတယ်။       သီတင်းကျွတ်ပွဲတော်ကိုအမှီပြုပြီး ကန်တော့လက်ဆောင်ပစ္စည်း ဈေးကွက် တွေလှုပ်ရှားလာသလို လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်နဲ့ အလှဆင် ပစ္စည်းတွေဟာလည်း အသက်ဝင်လှုပ်ရှားနေပါပြီ။လမ်းဘေး ဈေးသည်ကနေ စူပါ မားကက်တွေ၊ ဟိုက်ပါမတ်တွေအထိ ရာသီစာဈေးကွက်ကို နည်းလမ်းမျိုးစုံနဲ့ ထိုးဖောက် ရောင်းချနေကြတာ တွေ့ရပါတယ်။စီးတီးမတ်နဲ့သီတင်းကျွတ်ပွဲတော်       စီးတီးမတ်မှာတော့ သီတင်းကျွတ်ပွဲတော်အတွက် ဈေးရောင်းပွဲတော် အဖြစ် လက်ဆောင်ခြင်းတွေကို အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ရောင်းချပေးလျက်ရှိ ကြောင်း သိရပါတယ်။ အဆိုပါ လက်ဆောင်ခြင်း တွေရဲ့ ဈေးနှုန်းဟာ ကျပ် နှစ် သောင်း ငါးထောင်ကျော်မှ နှစ်သိန်းခုနစ်သောင်းကျော်အထိရှိကြောင်း သိရပါတယ်။ လက်ဆောင်ခြင်းတွေအနက် ပြည်တွင်းပြည်ပက မုန့်မျိုးစုံနဲ့ သားရေစာများ ထည့်ထားသောခြင်းများကို ပိုမို ရောင်းချရကြောင်းကိုလည်း သိရှိရပါတယ်။စတားမတ်နဲ့လက်ဆောင်ခြင်း        စတားမတ်မှာလည်း လက်ဆောင်ခြင်းတွေကို ဈေးနှုန်းလျှော့ ချပြီး ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါတယ်။ ဒဂုံစင်တာမှာ ရှိတဲ့စတားမတ် စူပါမားကက်မှာ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ကျင်းပနေတယ်။      ''ကျွန်တော်တို့ စတားမတ်မှာ ဒီသီတင်းကျွတ်ပွဲတော် အထူး ဈေးရောင်းပွဲ အဖြစ်သတ်မှတ်ပြီး ရောင်းချပေးနေပါတယ်။ လက် ဆောင်ခြင်းတွေ ဝယ်ယူမယ်ဆိုရင် ဥပမာ ၅ ခြင်းနဲ့ အထက် ဝယ် ယူမယ်ဆိုရင် ဘယ်မြို့နယ်ပဲဖြစ်ဖြစ် အိမ်တိုင်ရာ ရောက် လိုက်ပို့ပေး တဲ့စနစ်ကို ကျင့်သုံးထားပါတယ်။ ဒါ့ပြင် ခြင်း ၁ဝဝ၊ ၂ဝဝ ယူမယ် ဆိုရင်တော့ ၃ရာခိုင်နှုန်းအထိ ဈေးလျော့ပေးထားပါတယ်''      ''ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် ဈေးရောင်းပွဲမှာတော့ အခု အချိန်အထိ လက်ဆောင်ခြင်းတွေမှာ မုန့်မျိုးစုံနဲ့ သားရေစာ ထည့် ထားတဲ့ခြင်းတွေ ပိုပြီးရောင်းရတယ်။ ယမကာထည့်ထားတဲ့ ခြင်း တွေကတော့ကုမ္ပဏီကြီးတွေက ကန်တော့ လက်ဆောင်ပေးတဲ့ အခါမှာ ဝယ်ကြတာပါ။ အခုအချိန်အထိတော့ အဲဒါက သိပ် မရောင်းရသေးဘူး''     ''များသောအားဖြင့်တော့ မုန့်ပုံးတွေ ရောင်းနေရတယ်။ ကော်ဖီမစ်၊ မုန့်ဘူး၊ မျက်နှာသုတ်ပုဝါ၊ ပုဆိုး၊ အချိုရည်၊ မီးဆိုင်း၊ မီးပုံးတွေ ရောင်းရပါတယ်။ မီးဆိုင်းတွေ မီးပုံးတွေကတော့ သီတင်းကျွတ်နား နီးရင် ပိုပြီးရောင်းရတယ်။''     ''မီးဆိုင်းကတော့ သူရဲ့အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးရတယ်။ မီးပုံးကတော့ လုပ်ငန်းလုပ်တဲ့သူတွေနဲ့ ပိုက်ဆံ တတ်နိုင်တဲ့သူတွေပဲ ဝယ်ကြတာ။ အိမ်မှာအလှဆင်ထားနိုင် အောင် လို့ပေါ့''ဟု ပြောပြခဲ့သူက စတားမတ်မှ မားကက်တင်းမန်နေဂျာ ဦးဇော်ဇော်အောင်ပါ။လူကြီးမိဘများအတွက် ကျန်းမာခြင်းလက်ဆောင်        လူကြီး မိဘတွေအတွက်လည်း ကျန်းမာခြင်း ကန်တော့ လက် ဆောင်အဖြစ် ထုပ်ပိုးမှုပုံစံအသစ်နဲ့ ထုပ်ပိုးထားပြီး ရောင်းချ ပေးလျက် ရှိတာကို တွေ့ရပါတယ်။         ''ဒါဟာ ဒီနှစ်မှစတဲ့ အစီအစဉ်အသစ်ပါ။ လူကြီးတွေများသော အားဖြင့် ကျန်းမာရေး ချို့တဲ့နေတဲ့ လူကြီးမိဘတွေ အတွက် ရည်ရွယ်ပြီး လုပ်ထားတာပါ။ ဒီအထုပ်ထဲမှာ Ensure အားဖြည့် အာဟာရမှုန့်က အဓိကပါပါတယ်။ ကျန်တာတွေကအချိုရည်၊ မုန့်၊ ဓာတ်ဗူး အဲဒါတွေ ထည့်ပေးထားတာပါ''လို့ စီးတီးမတ် အရောင်းဝန်ထမ်း တစ်ဦးက ပြောပြခဲ့တာပါ။စီးတီးမတ်နဲ့ သီတင်းကျွတ် အထူးဈေးရောင်းပွဲတော်        စီးတီးမတ်ရဲ့သီတင်းကျွတ် အထူးဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၇ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပသွား မယ်လို့ သိရ ပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ပစ္စည်းအမျိုး အစားပေါင်း ၁၅ဝကျော် ကို အထူးဈေးနှုန်းများနဲ့ ရောင်းချ သွားမှာဖြစ်ပြီး ဈေး ဝယ်ခွင့်ကတ်များကိုလည်း လက်ဆောင်အဖြစ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။       ဒါ့ပြင် ကလေးငယ်များ အတွက်ကိုလည်း အထူးအစီအစဉ် တစ်ရပ် အနေနဲ့ အောက်တိုဘာလ ၂၂ရက်နေ့ မှ ၂၄ရက်အတွင်း သီတင်းကျွတ် အထူးလက်ဆောင်အဖြစ် သကြားလုံးများ၊ အရုပ်များ ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။      ကျင်းပနေတဲ့ စီးတီးမတ်ရဲ့ အထူးဈေးရောင်းပွဲတော်မှာ လက်ဆောင်ခြင်းတွေ၊ လက်ဆောင်လက်ဆွဲအိတ်တွေ၊ မုန့်ပုံးတွေ၊ မုန့်ဘူး တွေ၊ မျက်နှာသုတ်ပုဝါ၊ ပုဆိုး၊ ကော်ဖီမစ်၊ အိုဗာတင်း၊ မိုင်လို၊ နက်စ် တွေအပြင် မီးပုံးတွေကိုလည်း ရောင်းချပေးလျက် ရှိနေတာကို တွေ့ရှိ ရပါတယ်။       လက်ဆောင်အိတ်တွေကတော့ ဒီနှစ်မှ စီတီးမတ်က ကိုယ်တိုင် တီထွင်ပြီး ချုပ်လုပ်ထားတာဖြစ်ပြီး၊ လက်ဆောင် အိတ်အတွင်းက ပစ္စည်းတွေဟာ လူကြီးမိဘများကိုကန်တော့ဖို့ အကောင်းဆုံး သော ပစ္စည်းများဖြစ်တယ်လို့ စီးတီးမတ် အရောင်းဝန်ထမ်း တစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။       လတ်တလောမှာ အရောင်းသွက်နေတာက လက်ဆောင်ခြင်း တွေ၊ မီးပုံးတွေ၊ လျှပ်စစ်မီးကြိုး၊ မီးဆိုင်းတွေ၊ ဖယောင်းတိုင်တွေ၊ ကော်ဖီမစ်တွေ၊ ဟော်လစ်တွေ၊ အိုဗာတင်းတွေ၊ မိုင်လိုတွေပါပဲ။ ပုဆိုးတွေလည်း လူကြီးသူမတွေကို လှူဖို့အဝယ်များကြောင်း တာဝန် ရှိသူ တစ်ဦးကပြောပါတယ်။      '' မနှစ်က အရောင်းသွက်ခဲ့တာက လက်ဆောင်ခြင်းတွေပါပဲ။ ဖယောင်းတိုင်တွေလည်း အရောင်းသွက်တယ်။ သာမန်ပုံစံတွေထက် လှပတဲ့ဒီဇိုင်းဆန်းတဲ့ဟာတွေ ပိုရောင်းရတယ်။ဘုရားပူဇော်ဖို့မီးပုံး လှလှလေးတွေ မီးဆိုင်းတွေလည်း အရောင်းသွက် တယ်။မုန့်မျိုးစုံ လည်း အရောင်းသွက်ခဲ့တယ်။ ဒီနှစ်လည်း ဒီပစ္စည်းတွေပဲ အရောင်း သွက်မှာပါ''လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။        ပြည်တွင်းဖြစ် မီးပုံးတွေအရောင်းသွက်သလို ပြည်ပကမီးပုံးတွေ လည်း အဝယ်လိုက်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပြည်တွင်းဖြစ်တွေက တစ်ဒါဇင် ၅ဝဝ ကျပ်ကနေပြီးအမျိုးမျိုးရှိသလို ပြည်ပဖြစ်တွေကလည်း တစ်လုံး ၂၅ဝဝ ကျပ်ကနေ ၄၅ဝဝ ထိ ရှိ ပါတယ်။သီတင်းကျွတ်ပွဲတော် သီးသန့်မလုပ်တော့တဲ့ စိန်ဂေဟာ       စိန်ဂေဟာ စူပါမားကက်ကြီးကတော့ သီတင်းကျွတ်ပွဲတော်ရယ် လို့ သီးခြားမလုပ်တော့ဘဲ စိန်ဂေဟာ (၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော် ကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၃ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။      ''ကျွန်မတို့ စိန်ဂေဟာစူပါမားကက်အနေနဲ့ သီတင်းကျွတ် ပွဲတော်ရယ်လို့ သီးသန့်မလုပ်တော့ဘဲ စိန်ဂေဟာ (၆) နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရောပြီး လုပ်သွားမှာပါ။ ကျင်းပမယ့်ရက်ကလည်း သီတင်းကျွတ်ကာလနဲ့တိုက်နေတော့ သိပ်ပြီးမထူးတော့ ဘူး ပေါ့။ အဲဒီ ဈေးရောင်းပွဲတော်မှာ ကုမ္ပဏီအသီးသီးကို ဖိတ်ကြားပြီး သူတို့ ကုမ္ပဏီကထုတ်လုပ်တဲ့၊ တင်သွင်းတဲ့ကုန်ပစ္စည်း တွေရောင်းနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ'' လို့ စိန်ဂေဟာစူပါမားကက်မှ ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရသိရှိရပါတယ်။ကယ်ပီတယ်ဟိုက်ပါမတ်နဲ့ သီတင်းကျွတ်ပွဲတော်        သီတင်းကျွတ်ကာလကိုရောက်ပြီဆိုရင် စူပါမားကက်တွေ၊ ဟိုက်ပါမားကက်တွေဟာ ဈေးရောင်းပွဲတော်တွေကို အပြိုင်အဆိုင် ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီလို ဈေးပွဲတော်တွေ အပြိုင်အဆိုင်ပြုလုပ်ကြတဲ့အတွက် ဈေးဝယ်သူတွေဟာ သီတင်းကျွတ်ကန်တော့ လက်ဆောင်တွေကို အပြိုင်အဆိုင်နဲ့ ရောင်းသူတွေကြားမှာ ဈေးနှုန်း သက်သာစွာနဲ့ ဝယ်ယူရရှိနိုင် တာကို တွေ့ရှိရပါတယ်။        ကယ်ပီတယ်ဟိုက်ပါမတ်က ''အောက်တိုဘာလ ၁၅ ရက်ကနေ ၂၅ ရက်နေ့အထိသီတင်းကျွတ် အထူးဈေးရောင်း ပွဲတော် ကျင်းပမယ်။ လက်ဆောင်ခြင်းတွေကို အထူးအစီအစဉ်အနေနဲ့ လဆန်းကတည်း က ရောင်းပေးနေတယ်။ လိုချင်တဲ့ပုံစံလည်းလုပ်ပေးတယ် ဖျော်ဖြေ ရေး အစီအစဉ်တွေလည်းရှိတယ်။ လက်ဆောင်တွေလည်း ပေး မယ်။ သီတင်းကျွတ် ဆီမီးပူဇော်ဖို့ ဖယောင်းတိုင် ပုံစံအသစ် တွေလည်း တင်ထားတယ်။ ပြည်ပက ဝင်လာတဲ့ မီးကြိုးမီးပုံးတွေ၊ပြည်တွင်းထုတ်တွေလည်း ရောင်းချ ပေးနေတယ်'' လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။       ကက်ပီတယ်ဟိုက်ပါမတ်မှအရောင်းဝန်ထမ်းတစ်ဦးက ''ကျွန်မတို့ ကယ်ပီတယ်ဟိုက်ပါမတ်မှာ ခါတိုင်းနှစ်တွေ လိုပဲဈေးရောင်းပွဲတော်ကို ကျင်းပနေပါတယ်။ စူပါ မားကက်တွေ၊ ဟိုက်ပါ မားကက်တွေ အခုလို အပြိုင်အဆိုင် ရောင်းချကြတဲ့ အတွက် ဈေး ဝယ်သူတွေ အခွင့်အလမ်း ပိုရတာပေါ့။ အခု သီတင်းကျွတ်ပွဲတော်မှာ အရောင်းရဆုံးက မုန့်ပုံးပါ။ လက်ဆောင်ခြင်းကတော့ အခုအချိန် သိပ် မရောင်းရသေးဘူး။      ဒီမှာက စက်မှုဇုန်နဲ့နီးတော့ သီတင်းကျွတ်နားနီးရင် ယမကာပါတဲ့ လက်ဆောင်ခြင်းကပိုပြီးရောင်းရတယ်။ မုန့်ပါတဲ့လက်ဆောင် ခြင်းကတော့ အခုလည်း ရောင်းနေရတာပါပဲ။ ဒါပေမယ့် သီတင်းကျွတ်နားနီးရင် ပိုပြီးရောင်းရတယ်။''''နောက် ဒုတိယအရောင်းရဆုံးက ကော်ဖီမစ်၊ နောက် အချိုရည်၊ မုန့်ဘူး၊ မျက်နှာသုတ်ပုဝါ၊ ပုဆိုး၊ဒါတွေပဲ အများ ဆုံး ရောင်းရတာ။ ကျန်တဲ့ ဓာတ်ဘူးတို့၊ ဖန်ခွက်တို့၊ ပန်းကန် တို့ကတော့ မင်္ဂလာဆောင် လက်ဖွဲ့ပစ္စည်းမျိုးဆိုတော့သီတင်းကျွတ် ပြီးမှ ရောင်းရတာ''      ''အခုဆိုရင် ကလေးတွေ လာဝယ်ကြတာများတယ်။ ဆရာ/ဆရာမတွေကို ကန်တော့ဖို့ဆိုပြီးဝယ်ကြတာ။ ကလေးတွေက သူတို့ အကြိုက်ဝယ်ကြတာ။ မိဘတွေက ပိုက်ဆံရှင်းပေးရုံပဲ။ သူတို့ ဆရာမ အကြိုက်သူတို့ပဲသိတာ ဆိုတော့ သူတို့ စိတ်ကြိုက်ဝယ်ကြတာနေမှာ'' လို့ ပြောပြ ခဲ့ပါတယ်။ဒဂုံစင်တာ    သီတင်းကျွတ် အထူးအစီအစဉ်အနေနဲ့ လက်ဆောင်ခြင်းတွေ ကို အမျိုးမျိုး လုပ်ထားတယ်။ လုပ်ထားတာကိုမကြိုက်ရင် လည်း လိုချင်တဲ့ပစ္စည်းနဲ့အသစ်လုပ်ပေး တယ်။ဝန်ဆောင်ခမယူဘူး။ဒဂုံ စင်တာအနေနဲ့ ဝါကျွတ်ကာလဂါရဝလို့ အမည် ပေးထားတဲ့ လက် ဆောင်ခြင်းတွေ ကို နှစ်လဆက်တိုက် ရောင်းချပေးမယ်။ သီတင်း ကျွတ် ပွဲတော်ရက်မှာ မြန်မာမုန့်တွေကို အထူး အစီအစဉ် အနေနဲ့ ရောင်းမှာ ဖြစ်တယ်။အဝတ်အစားတွေကို ဆိုင်ခန်း ၇ဝ ကျော်က အထူးဈေးနှုန်းနဲ့ ရောင်းချ ပေးမယ်။ အလှကုန်တွေလည်း အတူတူပဲ။ ဖျော်ဖြေရေး အစီအစဉ်တွေလည်း လုပ်ပေးသွားမယ်။ သီတင်းကျွတ် လက်ဆောင်တွေလည်းပေးဖို့ရှိတယ်။ ဒဂုံစင်တာ လာရင် လက်ဆောင်ရရင်ရ၊ မရရင် ပညာရစေချင်တယ်။မီးပုံးတွေ မီးဆိုင်းတွေလည်း သီတင်းကျွတ်အတွက် အထူး ဈေးနှုန်းနဲ့ ဒီဇိုင်းမျိုးစုံ ရောင်းချ ပေးနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။သစ်သီးဝလံပန်းမန်ရောင်းသူတွေလည်းပျော်     သီတင်းကျွတ်၊တန်ဆောင်တိုင်၊ သြင်္ကန် အစရှိတဲ့ပွဲတော်ရက် တွေမှာ အခါတိုင်းထက် ပိုရောင်းရလို့ သီတင်းကျွတ်အမီ ဝယ်သူ အကြိုက် အသီးတွေရဖို့ နယ်ကိုကြိုတင်မှာနေကြောင်း သီရိမင်္ဂလာ ဈေးမှ သစ်သီးရောင်းသူတစ်ဦးက ပြောပါတယ်။ သီတင်းကျွတ်ဆို ဘုရားကပ်ဖို့၊ ရဟန်းသံဃာ လှူဖို့၊ လူကြီးသူမ ကန်တော့ဖို့ အသီး တွေ အဝယ်များတယ်။ ဒီအချိန်မှာ ပုံမှန်ထက် အများကြီးပိုရောင်းရ တယ်။ ဒါကြောင့် လူကြိုက်များတဲ့ အသီးတွေ ဝါကျွတ်မရောက်ခင်ရက်နဲ့ တိုက်ပြီး ကိုယ့်လက်ထဲ ရောက်အောင် မှာထားရတယ်လို့ ၎င်းက ထပ်မံပြောပါတယ်။ ပန်းသည်တွေ ကလည်း သီတင်းကျွတ်လပြည့် အမီပန်းမျိုးစုံ ရရှိဖို့ ပန်းခြံတွေကို ကြိုတင် မှာနေကြောင်း သိရပါတယ်။တက္ကစီသမားတွေလည်း သီတင်းကျွတ်ကိုမျှော်      သီတင်းကျွတ်ပွဲတော်ကို မျှော်လင့်ပြီး စီးပွား ရှာနေသူတွေထဲမှာ တက္ကစီသမားတွေလည်း ပါပါတယ်။    ''တက္ကစီတွေ များလာတော့အရင်ကလို့ ဆွဲမကောင်းဘူး။အထူး ယာဉ်လိုင်းတွေကလည်း အများကြီးထွက်လာတယ်။ ရုံးတက်ချိန်နဲ့ ညပိုင်းပဲ လူရတယ်။ သီတင်းကျွတ်ဆိုရင် လူတွေက ဘုရားသွားကြ၊ လည်ကြ၊ပတ်ကြတယ်။အဲဒီအချိန်မှာ လိုင်းကားထက်စာရင်တက္ကစီစီး ကြတယ်။ သာမန်ရက်တွေမှာ တစ်ရက် နှစ်သောင်း၊ နှစ်သောင်းခွဲ ကျပ်လောက်ရရင် သီတင်းကျွတ်ရက်မှာ လေးသောင်း ၊ ငါးသောင်း ရနိုင် တယ်လို့ တက္ကစီ မောင်းသူတစ်ဦးက ပြောပါတယ်။ရင်ခုန်နှုန်းမြန်စေတဲ့ သီတင်းကျွတ်       သီတင်းကျွတ်ကာလကို ရောက်ပြီဆိုရင် ရင်ခုန်နှုန်းမြန်လာသူ တွေအများအပြားပါ။ သီတင်းကျွတ်ရင်ဆိုတဲ့ စိတ်ကူးနဲ့ ရင်ခုန်နေကြ သူ တွေထဲမှာ မင်္ဂလာမောင်နံှတွေလဲ ပါဝင်ပါတယ်။    မင်္ဂလာမောင်နံှတို့ထက်ပိုပြီး ရင်ခုန်ရသူ တွေကတော့ ဆွေမျိုးအင်အား တောင့်တင်းတဲ့ သူတွေပါပဲ။ ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေး၊ ဒေါ်လေး၊ ဦးလတ်၊ ဦး ငယ် အဒေါ်ငယ်ပါမကျန် ကန်တော့ကြရဦး မှာမို့ ရင်ခုန်သံတွေ မြန်နေတာကတော့ အိမ်ထောင်ဦးစီးများပါပဲ။    ''ကျွန်တော့်မှာဗျာ မိန်းမဘက်က ဆွေမျိုးတွေက ပိုများတယ်။ သူ့ဖက်ကို ပိုပြီး ဦးစားပေးရမှာဆိုတော့ ကြီးဒေါ်တစ်ယောက် ကို ၅ဝဝဝ လောက် သတ်မှတ်လိုက်ရင် ၅ယောက် ဆိုရင်ပဲ ၂၅ဝဝဝ ဖြစ်နေပြီ။ အခုလည်း ဒီစီးတီးမတ်မှာ သီတင်းကျွတ် ဈေးရောင်းပွဲ တော် လုပ်နေတယ်ဆိုလို့ အိမ်က သမီးနဲ့အတူ လာကြည့်တာ။ ဘာနဲ့ ကန်တော့ ရင်ကောင်းမလဲလို့၊ ဈေးလဲသက်သာ၊ အမြင်လည်းလှ၊ မိန်းမဘက်က အမိုျးတွေလည်း ကြည်ဖြူမယ့် ပစ္စည်းမျိုးကို လာရှာတာ''ပါလို့ ပြောပြခဲ့တဲ့သူက စမ်းချောင်းမှာနေတဲ့ ဦးခင်မောင်ဝင်းပါ။     ဝါကျွတ်ပွဲတော်ဆိုတာ မြန်မာတွေရဲ့ လေးစားမြတ်နိုးရတဲ့ ပွဲတော်ပါပဲ။ ရှေးယခင်က ငှက်ပျောသီး၊ အုန်းသီးနဲ့ ရိုးရာမုန့် တွေနဲ့သာ ကန်တော့ခဲ့ကြပေမဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့လူနေမှု ပုံသဏ္ဍာန်တွေနဲ့အတူ ဒီနေ့ ဒီအချိန်မှာတော့ ဝါကျွတ် ပွဲတော်နဲ့အတူ ပေါ် ပေါက်လာတဲ့ ဈေးရောင်းပွဲတော်တွေဟာ စီးပွားရေး  အခွင့် အလမ်း တွေကို ဖော်ဆောင် လို့ နေပါပြီ။ ရိုးရာအစဉ်အလာ ဓလေ့ကို ထိန်း သိမ်းရင်း နိုင်ငံရဲ့ စီးပွားရေးကိုပါ အထောက် အကူဖြစ်စေမယ့်ဝါကျွတ် ဈေးရောင်းပွဲတော်များကို ကြိုဆိုအပ်ပါကြောင်း။                                                              မယ်သီတ။လွင်လွင်မိုး