အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ကုန်တက်များတိုးလာ အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုအနေဖြင့် ကုန်တက် များတိုးလာကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) က သိရသည်။ '' ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် တိုးလာတာကို တွေ့ရပါတယ်။ ဒီအချိန်ဟာ အင်းအိုင် ဖော်ချိန် လို့သိရပါတယ်။ ရန်ကုန်ကို ကားလမ်းနဲ့ရောရေလမ်းကပါ ရေထွက်ကုန်တွေ တင်ပို့ခဲ့ရာမှာ အောက်တိုဘာလ တစ်လလုံး အနေနဲ့ ပိဿာချိန် ၄ဝဝဝဝဝ ခန့် တင်ပို့ပေးခဲ့ရပါတယ်။ အပတ်စဉ်ရေလမ်းက ဝင်ရောက်မှုမှာ ပထမပတ်ထဲမှာ ပိဿာ ၁ဝ၆၆ဝဝ ခန့်၊ ဒုတိယပတ်မှာ ပိဿာ ၅၇ဝ၇ဝ ခန့်၊ တတိယပတ်မှာ ပိဿာချိန် ၇၅ဝ၁ဝ ခန့်၊ စတုတ္ထပတ်မှာ ပိဿာချိန် ၇၆၇ဝဝ ခန့်နောက်ဆုံး ပတ် ထဲမှာ ပိဿာချိန် ၈၈၄ဝဝ ခန့် ဝင်ရောက်ခဲ့ပါတယ်'' ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ '' တော်သလင်း၊ သီတင်းကျွတ်ဆို အင်းဖော်ချိန်ဖြစ်ပေမဲ့ အရင်နှစ်ကထက်စာရင် ငါးဖမ်းဆီးရရှိမှု လျော့နည်းပါတယ်။ဒီနှစ်ဟာ မိုးနောက်ကျပြီး ငါးနေငါးထိုင်ကွင်းတွေဆီ ရေဝင်ရောက်တာ လျော့နည်းလို့လား၊ ငါးသားပေါက်ချိန် နောက်ကျလို့လား၊ နောက်မိုးကိုစောင့်နေတာလားတော့မသိပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဝါရင့် အင်းသူကြီးတစ်ဦးကသုံးသပ်ပြောကြားသည်။ ခင်မျိုးသွယ်
Background