
ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှု အရှိန်ယူစပြုနေသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ နိုင်ငံ တကာနှင့် ကူးလူးဆက်ဆံကာကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသဖြင့် နိုင်ငံ တကာ ထွက်ကုန် အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍ မြန်မာနိုင်ငံရှိ စားသုံးသူပြည်သူများသည် နိုင်ငံ တကာမှထုတ်လုပ်ဖြန့်ချိသည့်လူသုံး၊ အိမ်သုံးပစ္စည်းများကိုတိုးတက် လာသော ခေတ်ကာလနှင့်အညီ ကျယ်စွာ ဝယ်ယူသုံးစွဲ လျက်ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ဖြစ်ပျက်မှုသတင်းအစုံစုံကို အချိန်တိုအတွင်း သိရှိနေရသည်။ တချို့လည်း ဝမ်းသာကျေနပ်စရာသတင်း၊ တချို့လည်း ဝမ်းနည်းကြေကွဲဖွယ် သတင်း၊ တချို့ လည်း ငိုအားထက်၊ ရယ်အားသန်ဖြစ်ရသော သတင်း များဖြစ်သည်။ မျက်စိနာနေသောကလေးတစ်ဦးကို မျက်စဉ်းခတ်ရာမျက်စဉ်းဆေးရည်ဘူးနှင့် စူပါဂလူးဆေးရည်ဘူး မှားခပ်၍ဆေးရုံသို့ သွား၍ ကုသခဲ့ရတာတွေ၊ ဆပ်ပြာရည် ကို ပိုးသတ်ဆေးအမှတ်ဖြင့် စိုက်ခင်းထဲသုံးတာတွေ၊ ဝက်ပုံ၊ ကြက်ပုံပါသော အတောင့်ခဲများကို ဝက်၊ ကြက်အားဖြည့်စာဟူ၍ မသိဘဲ သရေစာအမှတ်ဖြင့်စားရာမှ မူးဝေအော့အန် ဖြစ်ရတာတွေ၊ နှလုံးငြိမ်ဆေးကိုသောက်ရ မည့် အစားပုံစံတူ၊ အရွယ်တူဆေးကိုအလွယ်ဝယ်ယူသောက်မိ၍ အသက် သေဆုံးတာတွေ၊ ယားနာလိမ်းဆေးကို မျက်နှာလိမ်းမိ၍ အလှပျက်ရတာ တွေ၊ အရက်ပြန်နှင့်အရက်ပုလင်းမှားသောက်မိ၍ သေဆုံးကြရတာ တွေ၊ အေအိုင်ဒီ အက်(စ် )ရောဂါပျောက်သည်ဆိုသည့် ဘာတွေရေးသားထားမှန်းမသိ၊ ဘာတွေပါဝင်မှန်းမသိဘဲ ပျောက်ချင်ဇောဖြင့် ဝယ်သောက်မိ၍ အချိန်မတိုင်ဘဲ အသက်ပျောက် ခဲ့တာတွေ စသည်ဖြင့် စုံလင်စွာဖတ်ရှုရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ပင်ဖြစ်သည်။
အထက်ပါ ဖြစ်စဉ်သတင်းများသည် စားသုံးသူပြည်သူ ၅၁ သန်းကျော်ထဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်သတင်းများဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအများစုမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းမှထုတ် လုပ်သော၊ ပြည်ပမှ လူသုံး၊ အိမ် သုံး ပစ္စည်းများ တွင် မြန်မာနိုင်ငံသားအများစု နားလည်သော မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိ၍ ဖြစ်ပွားရခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များဖြစ်နေခြင်းဖြစ်သည်။ ဤသည်ကို အချိန်မီတားဆီးခြင်း မပြုလုပ် ပါက စားသုံးသူများအတွက် အန္တရာယ်ကြီးထွားလာနိုင်ပါ သည်။ မရှူနိုင်မကယ်နိုင်ဖြစ်မှာ စိုးရိမ်ရပါသည်။ ဖြစ်မှကုစားခြင်း ထက်မဖြစ်ခင် ကြိုတင်ကာကွယ်ရန်လိုအပ်နေပါသည်။လူသုံးအိမ်သုံးပစ္စည်းများရယူသုံးစွဲရာတွင် မြန်မာ ဘာသာဖြင့် ထင်ရှားစွာ ရေးသားဖော်ပြထားခြင်းမရှိသောကြောင့် စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှုများကြုံတွေ့လာ၍လည်းကောင်း၊ စားသုံး သူပြည်သူများ၊ လုပ်ငန်းရှင်များမှလည်း မိမိထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသော ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြနိုင်ရေး။ တောင်းဆိုလာကြ၍ လည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည်စားသုံးသူများ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈)ဖြင့် ကုန်စည်များ ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံ စေရေးအတွက် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်ထုတ်ပြန် ခဲ့ပါသည်။
အဆိုပါပစ္စည်းများပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များနှင့် အထူးသတိပေးလိုသည့် အကြောင်းအရာများ ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲ လျက်ဖြစ်စေဖော်ပြပေးရန်အထူးလိုအပ်ပါသည်။ သို့မှသာ စားသုံးသူ များသည် မည်သို့သုံးစွဲရမည်၊ ဘယ်လိုထားသို သိမ်းဆည်းရမည်၊ ဘယ်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ကြောင်း၊ ဘေးထွက်ဆိုးကျိုး ဘယ်လို ဖြစ်မည် စသည်ဖြင့် သိရှိနိုင်မည်ဖြစ်သည်။
အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ ၅၁ သန်းကျော်သော စားသုံးသူပြည်သူများကို ပိုမိုအကာကွယ် ပေး နိုင်ရေး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ် နှင့်အညီ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လူသုံး၊ အိမ်သုံးပစ္စည်းများထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ စားသုံးသူများနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်၍ လည်းကောင်း၊ တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး အတွက်လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ် မျှတမှုရှိစေရေးအတွက်လည်းကောင်း၊ စားသုံးသူများ ထိခိုက်နစ်နာ ဆုံးရှုံးမှု မရှိစေရေး၊ စားသုံးသူ အခွင့်အရေးများ ပြည့်ဝစွာရရှိရေး အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များ ကျင့်ဝတ်နှင့်အညီ ဆောင် ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် စားသုံးသူအကာကွယ်ပေးရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ထုတ်ပြန် ခဲ့ပါသည်။
ထိုညွှန်ကြားချက်တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အတွက်ကုန်စည်များ၌ သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေး ထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စားသုံးသူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းစွာဖြင့် ယုံကြည် စိတ်ချစွာသုံးစွဲနိုင်ရန် ထင်ရှားစွာဖော်ပြ ပေးရန်နှင့် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ခြောက်လ အချိန်သတ်မှတ်ပေးထားပြီးခြောက်လ နောက်ပိုင်း တွင်မူ လိုက်နာမှုမရှိပါက စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူအကာ အကွယ်ပေးရေးဥပဒေ (၂၀၁၄)၊ ပုဒ်မ (၁၉)အရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် အောက်ပါအတိုင်း ညွှန်ကြားချက်ကို အသေးစိတ် ဖော်ပြထားပါသည်။
စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းသည် စားသုံးသူများ ကိုသာ ကာကွယ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဟန့်တား နှောင့်ယှက်သောလုပ်ငန်းမဟုတ်ပေ။ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းများကို အကာအကွယ်ပေးပြီး လုပ်ငန်းများ အောင်မြင်တိုးတက်ရန် ကူညီပေးသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူအကာအကွယ်ပေးခြင်း လုပ်ငန်းသည် စားသုံးသူများ၏ အခွင့်အရေးများအားပြည့်ဝစွာရရှိရေး၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲလုပ်ဆောင်နိုင်ရေး၊ ဆုံးရှုံးနစ်နာမှုများ ကို ကုစားဖြေရှင်းပေးနိုင်ရန် နိုင်ငံတကာစားသုံးသူ စံနှုန်းသတ်မှတ် ချက်များနှင့်အညီ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ အရ ဆောင်ရွက်လျက်ရှိသလို၊ တခြားတစ်ဖက်မှလည်း လုပ်ငန်း ရှင်များအားနိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များ နှင့်အညီ ကုန်စည် နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေး၊ အကြံပြုခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေး ကွက်အထိထိုးဖောက်၍ ဈေးကွက်ချဲ့ထွင်၍ အောင်မြင်မှုများရရှိ စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းဆို သည်မှာ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာသည်။ စားသုံးသူများ ၏ လိုအပ်ချက်နှင့်စိတ်ကျေနပ်မှုကို အလေးထား၍ အမြတ်ကြီးစား မပြုလုပ်ဘဲ သင့်တင့်မျှတသော ဈေးနှုန်းသတ်မှတ်၍ ဖြန့်ဖြူးရောင်းချ ဆောင်ရွက်သည်။ စားသုံးသူများအပေါ် ရိုးသားဖြောင့်မတ်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်စာနာစိတ်ထားကာ ဆောင်ရွက် သည်။ စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးကို အဓိက ထားသည်။ စားသုံးသူမှပေးသော ငွေကြေးနှင့် ထိုက်တန်သော အကျိုးရှိမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများပေးနိုင်ရန် အလေးထား သည်။ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု၊ စားသုံးသူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဂရုတစိုက်ဆောင်ရွက်သည်။ စားသုံးသူများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီးပွင့်လင်း မြင်သာမှုရှိစွာဆောင်ရွက်သည်။ လုပ်ငန်းရေရှည်တည်တံ့ရပ်တည် နိုင်ရေးအတွက်သာ ဆောင်ရွက်သည် စသည့်အချက်များဖြင့် ပြည့်စုံ ရန်လိုအပ်ပါသည်။
ဆိုလိုသည်မှာ လုပ်ငန်းရှင်များသည် စားသုံးသူများ၏ ရပိုင် ခွင့်များကို လက်ခံအသိအမှတ်ပြု၍ ရိုးသားဖြောင့်မတ်စွာဖြင့် အကောင်းဆုံးသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင် ရွက်ပြီး စတင်ထုတ်လုပ်ဆောင်ရွက်သည့်အချိန်မှစ၍ စားသုံးသူ ပါးစပ်ထဲ ရောက်သည်အထိ ထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူး၊ ရောင်းချ သည့် အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စားသုံး သူများ၏ စိတ်ကျေနပ်မှုရရှိစေရေးအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေး စစ်မှန်၊ အချိန်မှန်စွာဖြင့် ပြုလုပ်ပေးရန်တာဝန်ရှိ ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။
စားသုံးသူများသည် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန် အကူအညီပေးနေသော အရှင်သခင် များဖြစ်ကြသည်ကို သတိမူသင့်ပါသည်။ နှစ်ဆယ့်တစ်ရာစုခေတ် စားသုံးသူများသည် လူသုံး၊ အိမ်သုံးနှင့် ဝန်ဆောင်မှုလုပ်ငန်းများရယူသုံးစွဲရာတွင် အကျိုးရှိခြင်း၊ ရေရှည်အသုံးခံခြင်း၊ သတင်းအချက် အလက်များပြည့်စုံစွာပါရှိခြင်း၊
ဘေးဥပဒ်အန္တရာယ်ကင်းရှင်းခြင်း စသည့်အချက်များကို အလေးပေးကာ ရွေးချယ်ဝယ်ယူကြသည်ကို တွေ့ရှိရပါသည်။ လူကြီး၊ လူငယ်၊ ကလေးနှင့်ယောကျာ်း၊ မိန်းမ စသည့် အသက် အရွယ်အပိုင်း အခြားအလိုက် စိတ်ကျေနပ်မှုရရှိခြင်းလည်း တူညီနိုင်မည်မဟုတ်ပေ။ စီးပွားရေးလုပ်ငန်းရှင်များသည် ရာသီဥတု၊ အချိန်အခါ၊ အသက်အရွယ်အလိုက် စိတ်ကျေနပ် မှုရရှိ စေရန်ဆောင်ရွက်ကြမှသာလျှင် ရေရှည်တည်တံ့၍ အောင်မြင်နိုင်မည့် လုပ်ငန်းတစ်ခုကို တည်ထောင်ရာရောက် ပေမည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ခေတ်၊ စနစ်များနှင့်အညီ စားသုံးသူများကိုအကာအကွယ်ပေးနိုင်ရေး၊ ဆုံးရှုံးနစ်နာမှု များကို ကုစားဖြေရှင်းနိုင်ရေး၊ လုပ်ငန်းရှင်များ လူသုံး၊ အိမ် သုံးပစ္စည်းများ ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချ ရာတွင် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေး ကွက်အထိ ချဲ့ထွင်ထိုးဖောက်နိုင်ရေးအတွက် လိုအပ်သောဥပဒေ၊ ညွှန်ကြားချက်များထုတ်ပြန်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါ သည်။ စားသုံးသူများကို ကာကွယ်ပေးရင်း လုပ်ငန်းရှင်များ ရေရှည်အကျိုး ဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ် ပါသည်။ မည်သူ့ကိုသာစေ၊ မည့်သူ့ကိုနာစေဆို၍ အမိန့်များ ကို အလျင်စလို ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပေ။ သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ပညာရှင်များနှင့် အကြိမ် ကြိမ် ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြု ချက်ရယူကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၅၁ သန်း ကျော်သော စားသုံးသူများ၊ လုပ်ငန်းရှင်များ အကျိုးအတွက်သော်လည်း ကောင်း၊ ပြည်သူများ သာယာဝပြောသော ပတ်ဝန်းကျင် ကောင်းတွင် သက်တမ်းစေ့နေနိုင်ရေး အတွက်လည်းကောင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အတွက် လည်ကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် လည်းကောင်း၊ ထိခိုက်နစ်နာဆုံးရှုံးမှုများကို မဖြစ်ခင် ကြိုတင်ကာကွယ် နိုင်ရေးအတွက်လည်းကောင်း ညွှန်ကြားချက်အား ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။
သို့ရာတွင် ရည်ရွယ်ချက်ကောင်းများဖြင့် ထုတ်ပြန်ခဲ့ သော အမိန့်ကြော်ငြာစာဖြစ်သော်လည်း ဌာနတစ်ခုတည်း အနေဖြင့်ဆောင်ရွက်ပါက ထိုက်သင့်သလောက်အောင်မြင်မှု ရရှိမည်ဖြစ်သော်လည်း အချိန်ရှည်ကြာပေမည်။ ၅၁ သန်း ကျော်သော ပြည်သူများ ထိခိုက်နစ်နာ၊ သေဆုံးမှုများဆက် လက် ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူများအကျိုး အတွက်ထုတ်ပြန်သော ညွှန်ကြားချက်ကို ပြည်သူများဖြစ် သည့် စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာဆက်စပ်ဌာနများအားလုံးမှ လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်းအောင်မြင်နိုင်မည့် ညွှန်ကြားချက်တစ်ခုဖြစ်၍ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် လိုက်နာလုပ်ဆောင်ကြရန် လိုအပ်ပါ သည်။
သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များသည် ၅၁ သန်း ကျော်သော ပြည်သူများအကျိုးအတွက် ထုတ်ပြန်ထားသော၊ တိုက်တွန်းထားသော ညွှန်ကြားချက်နှင့်အညီ ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများ နှင့် ပတ်သက်၍သတင်းအချက်အလက်များ၊ ညွှန်ကြားချက် များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရွယ်အစားဖြင့် ဖော်ပြပေးရန်၊ စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြ ပေးရန်၊ ကုန်စည်ပေါ်တွင် အချက်အလက်ဖော်ပြရန် မဖြစ် နိုင်ပါက လက်ကမ်း စာစောင်၊ အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန် စည်နှင့်အတူ စားသုံးသူသို့ တစ်ပါတည်း ပေးအပ်ရန်၊ ပြည်ပမှ တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်ဖြစ်ပါက ဈေးကွက်ဖြန့်ဖြူး ခြင်းမပြုမီ ထက်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်းပြုလုပ်၍ ပြုပြင်ရောင်းချရန်၊ သက်ဆိုင်ရာဌာန များ၏ လိုက်နာရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ ဖော်ပြ ရန်အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြရန် လိုအပ်မည် ဖြစ်ပါသည်။ စားသုံးသူများမှလည်း မိမိသက်ရှည်၊ ကျန်းမာ ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်အတိုင်း လိုက်နာကူညီပေးကြရန် တိုက်တွန်းအပ်ပါသည်။ သို့မှသာ စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ ဆုံးရှုံးနစ်နာ မှုများကင်းဝေး၍ ငြိမ်းချမ်းပျော်ရွှင်သော ပတ်ဝန်းကျင် ကောင်းတွင် ကျန်းမာစွာဖြင့် သက်တမ်းစေ့နေထိုင်သွားနိုင်မည်ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တိုက်တွန်းအပ် ပါသည်။
နိုင်ဦး(DOCA)
