၂၀၂၀ ပြည့်နှစ်၊ဒီဇင်ဘာလ ၁၀ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSME) အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ဆွစ်ဇာလန် နိုင်ငံက မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အကူအညီပေးရေးအစီအစဉ်အရ Swiss Federal Institute of Intellectual Property (IPI) နှင့် ပူးပေါင်းကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာယှဉ်ပြိုင်မှုများမြင့်မားပြီး၊ ကမ္ဘာ့စျေးကွက် ကျယ်ပြန့်လာသောကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ကဏ္ဍတိုင်းအတွက် ပိုပြီးအရေးကြီး လာကြောင်း၊မူပိုင်ခွင့်စနစ်သည် ဖန်တီးသူနှင့် သုံးစွဲသူတို့အကြား အကျိုးစီးပွားဟန်ချက်ညီစေပြီး ဆန်းသစ်တီထွင်မှုများကို အားပေးဆွဲဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို တို့အာဏာသက်ဝင်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက်များကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထား ခြင်းများအား ကြိုတင်လက်ခံခြင်းကို ဆောင်ရွက်နိုင်စေရန်မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါကြောင်း၊
မူပိုင်ခွင့်ကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကိုအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အထူးလိုအပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိရိယာ (Economic Development Tool) တစ်ခုအဖြစ် နိုင်ငံများစွာက အသုံးပြုလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကိုပြဋ္ဌာန်း ကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်ခြင်း၊ လူသားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းဖြင့် စာပေအနုပညာ နှင့်စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဤဆွေးနွေး ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ သိကောင်းစရာများကို လေ့လာခွင့်ရရှိနိုင်မည့်အပြင် ဆွစ်ဇာလန်နိုင်ငံ၏အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများတွင် မူပိုင်ခွင့်၏အရေးပါပုံများကို လေ့လာခွင့်ရရှိနိုင်မည်ဖြစ်ပြီး မိမိတို့အနေ ဖြင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူပိုင်ခွင့် အကာအကွယ်ပေးမှုများကို အတတ်နိုင်ဆုံး အသုံးပြုကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆွစ်ဇာလန်သံရုံးမှ Head of Cooperation and Deputy Head of Mission ဖြစ်သူ Mr. Giacomo Solari က မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအညွှန်းကဏ္ဍများတွင် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေမှုအခြေအနေများ ၊အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ ပြဌာန်းထားရှိမှုအခြေအနေများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ Swiss Federal Institute of Intellectual Property (IPI)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များ စုစုပေါင်း (၃၀၀) ဦးခန့် အွန်လိုင်းမှပါဝင်တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC(IR)