Main menu

Background

အိန္ဒိယမှ အီရန်သို့ ကုန်စည်တင်ပို့မှု ကျဆင်းလျက်ရှိခြင်း

Fri, 03/12/2021 - 10:51 -- journal_editor

အိန္ဒိယဘဏ်များ၌ အီရန်နိုင်ငံကအရန်ထားရှိသည့်ရူပီးငွေပမာဏမှာ လျော့ကျလျက်ရှိရာ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်အီရန်နိုင်ငံသို့ကုန်စည်တင်ပို့ရန်စာချုပ်အသစ်ချုပ်ဆိုမှုများမှာ ရပ်ဆိုင်းလုနီးပါး အခြေအနေသို့ရောက်ရှိနေကြောင်း EconomicTimesသတင်းဌာနမှဖော်ပြချက်အရသိရှိရပါသည်။

          ယခင်ကာလများ၌ အီရန်နိုင်ငံသည်၎င်း၏ရေနံထွက်ကုန်များအား အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချရာတွင်ရရှိသည့်ရူပီးငွေများအား အိန္ဒိယရှိ UCO နှင့် IDBIဘဏ်များ၌ အရန်အပ်နှံထားရှိလျက်အိန္ဒိယကုန်သည်များထံမှဘာစမာတီဆန်၊ လက်ဖက်ခြောက်၊ သကြား၊ ပဲပုတ်အမှုန့်နှင့်ဆေးပစ္စည်းများကိုပြန်လည်ဝယ်ယူတင်သွင်းရာ၌ အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင်အမေရိကန်နိုင်ငံ၏ စီးပွားရေးအရအရေးယူကန့်သတ်ထားရှိမှုအပေါ်ဖြေလျော့ပေးသည့်ကာလကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်မေလမှစတင်၍ အီရန်နိုင်ငံထံမှရေနံများအား ရူပီးငွေဖြင့်ဝယ်ယူခြင်းကိုအိန္ဒိယအစိုးရကရပ်ဆိုင်းခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ၂၂ လအတွင်း အိန္ဒိယသို့ရေနံစိမ်းတင်ပို့ရောင်းချရခြင်း မရှိပဲအိန္ဒိယဘဏ်များ၌ အပ်နှံထားသည့်အရန်ရူပီးငွေများဖြင့်လိုအပ်သော ကုန်စည်များ ဝယ်ယူတင်သွင်းခဲ့ရာ လက်ကျန်ငွေပမာဏတဖြည်းဖြည်းနည်းပါးလာခဲ့သည်။

          အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA)၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့်ဆန်လုပ်ငန်းရှင် Mr. Vijay Setiaက ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အတွင်း အိန္ဒိယမှ အီရန်သို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၇ သိန်းခန့်ရှိခဲ့သော်လည်း ယခုနှစ်၌ လွန်စွာလျော့နည်းဖွယ်ရှိကြောင်း၊ အိန္ဒိယဆန်ကုန်သည်များအနေဖြင့် လက်ရှိငွေပေးချေမှုစနစ်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ယခင်နှစ်ကစ၍ အီရန်နိုင်ငံဘက်မှ ကုန်ဖိုးငွေများ ပြန်လည်ရရှိမှုမှာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီး သင်္ဘောတင်ပြီး ၆ လအကြာမှ‌ငွေပေးချေမှုကိုလက်ခံရရှိခဲ့ကြောင်း ပြောဆိုပါသည်။

          အမည်မဖော်ပြလိုသော အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ယခုကဲ့သို့ နှောင့်နှေးမှုများ ဖြစ်ပေါ်ရခြင်းမှာ အီရန်နိုင်ငံ၏ ဘဏ္ဍာရေးစနစ်အပေါ် ကုန်သွယ်ရောင်းဝယ်ရာ၌ ငွေပေးချေမှုကို လွန်စွာခက်ခဲစေရန်အမေရိကန်နိုင်ငံက အရေးယူ ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် အိန္ဒိယနိုင်ငံရှိ အစိုးရဌာနများ၊ ကုန်သည်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ငွေပေး ချေမှုကိစ္စရပ်ကို မကြာမီဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းဖြင့်စသည်ဖြင့်ပြောဆိုမှုအား Economic Times သတင်းဌာနကဖော်ပြပါသည်။MEIR Commodities Indiaလီမိတက် ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Rahil Shaikhက အိန္ဒိယရှိ သကြားတင်ပို့သူများသည် ယူရိုငွေဖြင့် အီရန်နိုင်ငံနှင့် ကုန်သွယ်နိုင်မည့်အခြေအနေကို လေ့လာလျက်ရှိကြောင်း၊ ထို့အပြင် ယခုနှစ်၌ အီရန်နိုင်ငံ၏ သကြားဝယ်ယူနိုင်မှုမှာ နည်းပါးဖွယ်ရှိသဖြင့် အင်ဒိုနီးရှားနှင့် သီရိလင်္ကာ နိုင်ငံများ သို့ တိုးမြှင့်တင်ပို့နိုင်ရန် အလေးပေးလုပ်ဆောင်လာကြကြောင်း ပြောဆိုပါသည်။

          အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှအရာရှိတစ်ဦး၏ ပြောကြားချက်အရရှေ့ယခင်နှစ်၌ အိန္ဒိယ၏ အီရန်နိုင်ငံသို့ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂.၂ ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄၂% လျော့ကျခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း အီရန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး ဆက် လက်လျော့ကျဖွယ်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀၀.၂ သန်းသာရှိ သဖြင့် ယခင်နှစ်ကာလတူထက် တစ်ဝက်ကျော်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source:         Indian merchants almost halt exports to Iran as its rupee reserves fall: Officials, 4 Feb 2021, Economic Tim

နေအေးလွင်

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့