Main menu

Background

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးအခြေအနေအစီရင်ခံစာ

Fri, 03/12/2021 - 10:53 -- journal_editor

ကုန်သွယ်ရေး

၁။           (၂-၃-၂၀၂၁) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်သောကုန်သွယ်မှုစာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ပို့ကုန် အမေရိကန်‌ဒေါ်လာ (၄၄.၈) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၄၂.၁) ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၈၆.၉) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၇) ဘီလီယံ ရရှိခဲ့ပြီး၊  ယခင်နှစ်ကာလတူထက်ပို့ကုန်တွင်(၉.၅) ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ၊သွင်းကုန်တွင် (၁၃.၉) ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

၂။            ယခု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလသည် (၂၈)ရက်သာ ရှိသည့်အတွက် ပုံမှန်လများထက် ရုံးဖွင့်ရက်လျော့နည်းသည့်အပြင် နှစ်သစ်ကူး(Lunar New Year)ရုံးပိတ်ရက်များရှိခဲ့သဖြင့် အလုပ်လုပ်ရက်အနည်းငယ်ပိုမိုလျော့နည်းခဲ့သည့်တိုင်Semiconductor/ Chips များနှင့် မော်တော်ယာဉ်/ မော်တော်ယာဉ်အစိတ်အပိုင်းများ ပိုမိုတင်ပို့နိုင်မှုကြောင့်ကုန်သွယ်မှု လျာထားချက်ပြည့်မီခဲ့ပြီး၊ နေ့စဉ်ပျှမ်းမျှတင်ပို့နိုင်မှုသည် (၂၆.၄) ရာခိုင်နှုန်းတိုးတက်လာခဲ့ရာ လပေါင်း (၄၀)အတွင်း အမြင့်ဆုံး တင်ပို့နိုင်မှုဖြစ်ပါသည်။

၃။           တောင်ကိုရီးယားနိုင်ငံ၏  အဓိကပို့ကုန်ပစ္စည်း(၂၀)မျိုးအနက် ကုန်စည်(၁၆)မျိုးသည် ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ပြီး အဆိုပါ (၁၆)မျိုးမှာ Semiconductor များ၊ ရေနံဓါတုထုတ်ကုန်များ၊ မော်တော်ယာဉ်များ၊ သံမဏိပစ္စည်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သင်္ဘောများ၊ ရုပ်မြင်Display များ၊  ဇီဝ ကျန်းမာရေးထုတ်ကုန်များ၊ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ ဓာတုကုန်ချောများ၊ ပလတ်စတစ်ထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့်ငါးလုပ်ငန်းများ၊ ဘက်ထရီအပိုများ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများနှင့် စက်ရုပ်များဖြစ်ကြောင်း၊ ကျန်ကုန်စည်(၄)မျိုးဖြစ်သော အထွေထွေစက်ယန္တရားများ၊ ရေနံထွက်ပစ္စည်းများ၊ကွန်ပျူတာများနှင့်အထည်အလိပ်များသည်တင်ပို့နိုင်မှုလျော့နည်းခဲ့ပါသည်။

၄။           ချစ်ပ်ပြားများတင်ပို့မှုသည် (၁၃.၂) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးတန်ဖိုး အမေရိကန်ဒေါ်လာ (၈.၄) ဘီလီယံအထိရှိခဲ့ကြောင်း၊ ဒေတာစင်တာများထံမှ ပုံမှန်ဝယ်လိုအားသာမက မိုဘိုင်းဖုန်းထုတ်လုပ်သူများမှပိုမိုထုတ်လုပ်ကြသဖြင့် ဝယ်လိုအားများပိုမိုတိုးတက်လာခြင်းကြောင့် ဖြစ်ပါသည်။ 

၅။           မော်တော်ယာဉ်များသည် အမေရိကန်ဒေါ်လာ (၄.၅) ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး၊ (၄၇) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ အားကစားသုံးမော်တော်ယာဉ်များ (SUVs) နှင့်Green Carsများ၏တင်ပို့မှုတိုး တက်လာခြင်းကြောင့်ပို့ကုန်စျေးနှုန်းများမြင့်တက်လာခဲ့ကြောင်း၊ အဓိကအကြောင်းရင်းတစ်ရပ်မှာယခင်နှစ်ကမော်တော်ယာဉ်တင်ပို့မှုနှေးကွေးခဲ့ခြင်းနှင့်မော်တော်ယာဉ်အစိတ်အပိုင်းကုန်ပစ္စည်းရရှိမှုဆိုင်ရာစိန်ခေါ်မှုများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

၆။           တောင်ကိုရီးယားနိုင်ငံ၏ COVID-19 ရောဂါရှာဖွေရေးပစ္စည်းများနှင့်ဥရောပသို့တင်ပို့မှုသိသိသာသာမြင့်တက်မှုကြောင့်ဇီဝကျန်းမာရေးထုတ်ကုန်များသည် တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံ၊ (၆၂.၅) ရာခိုင်နှုန်းအထိ တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။

၇။           အထွေထွေစက်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၃.၉) ဘီလီယံ ရရှိခဲ့ပြီး၊ (၅.၆) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ Solid-State Drive များ (SSDs) အတွက်ကမ္ဘာလုံးဆိုင်ရာတင်ပို့ရောင်းချမှုများပြားလာသည်နှင့်အမျှ စျေးနှုန်းများကျဆင်းခဲ့သဖြင့် ကွန်ပျူတာကုန်စည်များသည် အမေရိကန်ဒေါ်လာ (၁.၀) ဘီလီယံ၊  (၄.၁) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၈။           ဒေသအလိုက်အနေဖြင့်  တောင်ကိုရီးယားနိုင်ငံ၏ အဓိကတင်ပို့ရာဒေသဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများသို့ တိုးတက်တင်ပို့နိုင်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဓနသဟာယနိုင်ငံများနှင့်အရှေ့အလယ်ပိုင်းဒေသများသို့ ယခုလအတွင်း တင်ပို့နိုင်မှု လျော့နည်းခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးမှ Korea Foreign Company Association ကျင်းပသည့်နှစ်သစ်ကူးအစည်းအဝေးသို့တက်ရောက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ ဆွေးနွေးခဲ့မှုအခြေအနေ

၉။           ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-heeသည် (၃-၂-၂၀၂၁) ရက်နေ့တွင် ကိုရီးယားနိုင်ငံခြားကုမ္ပဏီအဖွဲ့အစည်း (Korea Foreign Company Association) ကလက်ခံကျင်းပသည့်နှစ်သစ်ကူးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး၂၀၂၁ခုနှစ်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက်မူဝါဒလမ်းညွှန်ချက်ကိုဆွေးနွေးရန်နိုင်ငံခြားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်။ အဆိုပါ အစည်း အဝေးတွင် တောင်ကိုရီးယားနိုင်ငံ၏New Deal စီမံကိန်းများနှင့်အညီအစိုးရသည်အစိမ်းရောင်နှင့်ဒစ်ဂျစ်တယ်ကဏ္ဍများတွင်အဓိကနည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်များရှိသည့် နိုင်ငံခြားကုမ္ပဏီများနှင့်အတူတကွလုပ်ကိုင်ရန်မဟာဗျူဟာများကိုချမှတ်လိမ့်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဆီမီးကွန်ဒတ်တာ၊ဇီဝကျန်းမာရေးနှင့်အနာဂတ်ကားစက်မှုလုပ်ငန်းများအတွက်“အဆင့်မြင့်နည်းပညာရင်းနှီးမြှုပ်နှံမှုဇုန်”ကိုဖန်တီးရန်စီစဉ်ထားကြောင်း၊ ထို့ပြင် အသေးစိတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမူဝါဒ ဆိုင်ရာလမ်းပြမြေပုံ (FDI Policy Roadmap) ကို၂၀၂၁ ခုနှစ်၊ မတ်လတွင်ကြေညာလိမ့်မည်ဟုကုန်သွယ်ရေးဝန်ကြီးMs. Yoo Myung-heeကပြောကြားခဲ့ပါသည်။

 

တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးမှ WTO ၏ ညွှန်ကြားရေးမှူးချုပ်ရာထူးအား ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာမှ နှုတ်ထွက်ခဲ့မှုအခြေအနေ

၁၀။         ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee သည်World Trade Organization-WTO ၏ ညွှန်ကြားရေးမှူးချုပ် ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေရာမှ အမေရိကန်အစိုးရသစ်၏ထောက်ခံမှုအပြောင်းအလဲကြောင့် တောင်ကိုရီးယားနိုင်ငံ၏ မိတ်ဖက်နိုင်ငံ များမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးပြီးသည့်နောက်တွင် Ms. Yoo Myung-hee၏ ယှဉ်ပြိုင်မှုကို ရုတ်သိမ်းကြောင်း (၅-၂-၂၀၂၁) ရက်နေ့တွင် ကြေညာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးမှ KITA မှကျင်းပသော Forum သို့တက်ရောက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်သွယ်မှုမဟာဗျူဟာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့မှုအခြေအနေ

၁၁။         ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-heeသည် (၁၇-၂-၂၀၂၁) ရက်နေ့တွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအဖွဲ့အစည်း (Korea International Trade Association- KITA)၌ကျင်းပသော Forum သို့တက်ရောက်ခဲ့ပြီး၊ ကုန်သွယ်ရေးကျွမ်းကျင်သူများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့်တွေ့ဆုံခဲ့ကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများအကြား ကုန်သွယ်ရေးမဟာဗျူဟာများကို ဆွေးနွေးခဲ့ပါသည်။

၁၂။          ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)ကိုဗဟိုပြုသည့်ဘက်ပေါင်းစုံကုန်သွယ်မှုစနစ်သည်ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင်ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ မတ်လတွင်ကျင်းပမည့် Structured Discussions on Trade and Environmental Sustainability (TESSD)တွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာထုတ်ကုန်များအပေါ်အကောက်ခွန်လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ဝန်ဆောင်မှုစျေးကွက်အားကောင်းစေရေးနှင့် ကာဗွန်နယ်ခြားဖြတ်ကျော်မှုဆိုင်ရာညှိနှိုင်းမှုယန္တရား(Carbon Border Adjustment Mechanism)ကဲ့သို့သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သောအစီအမံများအပေါ် WTO အဆင့်ပြန်လည်သုံးသပ်ခြင်းတို့အား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သောကိစ္စများနှင့်ပတ်သက်၍သက်ဆိုင်ရာကဏ္ဍရှိ ကျွမ်းကျင်သူ Expert များ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

ကိုရီးယားသမ္မတနိုင်ငံ၏ အခြေခံအတိုးနှုန်း (Base Rate)

၁၃။         ကိုရီးယားသမ္မတနိုင်ငံသည် စီးပွားရေး ပြန်လည်နာလန်ထူရန် အရှိန်အဟုန်ယူနေဆဲနှင့် လက်ရှိမျက်မှောက်ရေးရာအခြေအနေများအရ ကိုရီးယားသမ္မတနိုင်ငံ၏ အခြေခံအတိုးနှုန်း (Base Rate) အား မပြောင်းလဲဘဲ သမိုင်းဝင် အနိမ့်ဆုံးနှုန်းဖြစ်သော (၀.၅) ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိရန် (၂၅-၂-၂၀၂၁) နေ့တွင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားဗဟိုဘဏ် (Bank of Korea- BOK) ၏  Monetary Policy Board အစည်းအဝေး၌ ဆုံးဖြတ်ကြေညာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးပေးနေမှုနှင့် Social Distancing ဆိုင်ရာ စည်းကမ်းများအခြေအနေ

၁၄။         ကိုရီးယားသမ္မတနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးခြင်းအား ကိုရီးယားသမ္မတနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လက်ခံရရှိသည့် AstraZeneca ကာကွယ်ဆေးအမျိုးအစားဖြင့် အသက်(၆၅)နှစ်အောက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ရှေ့တန်းတိုက်စစ်မှူးဝန်ထမ်းများအား ဦးစားပေးအဆင့်(၁)ဖြင့်(၂၆-၂-၂၀၂၁)ရက်နေ့တွင်စတင်ထိုးပေးလျက်ရှိပါသည်။ လူဦးရေ(၅၁)သန်းရှိသော တောင်ကိုရီးယားနိုင်ငံအနေဖြင့် လူဦးရေ (၇၉)သန်းကို လုံလောက်စွာထိုးပေးနိုင်မည့် ကာကွယ်ဆေးပေါင်း (၁၅၂)သန်းကို ကာကွယ်ဆေးကုမ္ပဏီအသီးသီးတို့ထံမှ ဝယ်ယူထားရှိပြီးဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တောင်ကိုရီးယားပြည်သူ(၇၀) ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပြီးစီးရေးနှင့် နိုင်ငံ၏ ကျန်းမာရေးနှင့်စီးပွားရေး နာလန်ထူရေးကို ဟန်ချက်ညီစွာတိုးတက်‌စေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။AstraZeneca ကာကွယ်ဆေးထိုးပြီးသူအချို့တွင် ကျန်းမာရေးအဆင်မပြေမှု ဖြစ်စဉ်များအား အစိုးရနှင့်သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့်စုံစမ်းစစ်ဆေးမှုများကိုအသေးစိတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးအား မူလသတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။COVID-19 ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေး အတွက် Social Distancing စည်းမျဉ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ချမှတ်ခဲ့သည့် စည်းကမ်းများအတိုင်းမြို့တော်ဆိုးလ်နှင့်ပတ်ဝန်းကျင်ဒေသများတွင် Level (2)၊ ကျန်ဒေသများတွင် Level (1.5) နှင့် တစ်နိုင်ငံလုံးတွင် လူစုလူဝေးပြုလုပ်ခြင်းအား (၅)ဦးထက် မပိုစေရခြင်း စသည့်စည်းကမ်းများကို  ၂၀၂၁ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့အထိ ဆက်လက်သက်တမ်းတိုးသတ်မှတ်ထားရှိပါသည်။

စက်မှုကဏ္ဍ

၁၅။         ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ သိပ္ပံနှင့်သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ အသေးစား၊ အလတ်စားနှင့် တက်သစ်စ စီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာနတို့သည်(၁-၂-၂၀၂၁)ရက်နေ့တွင်Seoul Government Complex၌ကျင်းပပြုလုပ်သောအစည်းအဝေးတွင်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် SystemChip စက်မှုလုပ်ငန်းများဖြစ်သောPower Semiconductors၊Next Generation Sensors၊ Artificial Intelligence Semiconductors  စသည့်လုပ်ငန်းများ၏ နည်းပညာဆန်းသစ်တီထွင်မှုများအတွက် အဆိုပါဝန်ကြီးဌာနများမှ ပံ့ပိုးမှုအစီအစဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ စုစုပေါင်းကိုရီးယားဝမ် (၂၄၀) ဘီလီယံ (အမေရိကန်ဒေါ်လာ၂၁၅သန်း) ကိုရင်းနှီးမြှုပ်နှံမှုပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၆။         ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ဝန်ကြီး H.E. Sung Yun-moသည်(၄-၂-၂၀၂၁) ရက်နေ့တွင် Hyundai EV Station ၌ ကျင်းပပြုလုပ်ခဲ့သော Future Cars and Industrial Digitalization နယ်ပယ်များတွင်New Deal ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့တက်ရောက်ခဲ့ပါသည်။ တောင်ကိုရီးယားအစိုးရနှင့်ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူများ ဖြစ်သောHyundai Motor Group၊ကိုရီးယားအကဲဖြတ်စက်မှုနည်းပညာ (Korea Evaluation Institute of Industrial Technology - KEIT) နှင့်ကိုရီးယားနည်းပညာဖွံ့ဖြိုးတိုးတက်မှုဌာန (Korea Institute for Advancement of Technology - KIAT) တို့သည် အဆိုပါ Future Cars and Industrial Digitalization နယ်ပယ်စက်မှုလုပ်ငန်းကဏ္ဍအတွက်စုစုပေါင်း ကိုရီးယားဝမ် (၂ဝဝ) ဘီလီယံကို ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

၁၇။         ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနသည် (၂၄-၂-၂၀၂၁) ရက်နေ့တွင် မူဝါဒဆိုင်ရာအစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပြီး၊အလယ်အလတ်စီးပွားရေးလုပ်ငန်း(၁၀၀) ကိုမြှင့်တင်ရန်နှင့်စီးပွားရေး၊စျေးကွက်နှင့်စနစ်အသစ်များသို့ချဲ့ထွင်ရန်အားပေးသည့်မီးပြတိုက်စီမံကိန်း(Lighthouse Project) ကိုထုတ်ဖော်ကြေညာခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် အနာဂတ်မော်တော်ယာဉ် (Future Car) များ၊Next Generation Displayများ နှင့်ဇီဝကျန်းမာရေးထုတ်ကုန်များကဲ့သို့သောစီးပွားရေးလုပ်ငန်းနယ်ပယ်သစ်များတွင်ရင်းနှီးမြှုပ်နှံမှုများကိုပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ အလယ်အလတ်စျေးကွက်စီးပွားရေးလပ်ငန်းများအတွက်ကမ္ဘာလုံးဆိုင်ရာစျေးကွက်အခွင့်အလမ်းများရရှိစေရေးကို လိုအပ်သကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စွမ်းအင်ကဏ္ဍ

၁၈။         ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ဝန်ကြီးH.E. Sung Yun-moသည်(၂-၂-၂၀၂၁) ရက်နေ့တွင် ဆိုးလ်မြို့၊POSCO Center ၌ကျင်းပပြုလုပ်သော Green Steel Committee ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး၂၀၅၀ပြည့်နှစ်တွင်ကာဗွန်ကြားနေမှုကိုဆောင်ရွက်ရန်သံမဏိစက်မှုလုပ်ငန်းကဏ္ဍ၏ပူးတွဲကြေငြာချက်တစ်ရပ်ကိုအားပေးထောက်ခံခဲ့ပါသည်။စက်မှုဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက်သတ္တိရှိရှိကြိုးပမ်းအားထုတ်မှုများပြုလုပ်ရန်မျှော်လင့်ထားသည့်ကာဗွန်ကြားနေမှုရှိသောစက်မှုဖွဲ့စည်းပုံစံသစ်ဆီသို့အကူးအပြောင်းကိုအရှိန်မြှင့်တင်နိုင်ရန်အထူးဥပဒေတစ်ရပ်ထူထောင်ပေးခြင်းအားဖြင့် ကာဗွန်ကြားနေရေးကြိုးပမ်းမှုတွင် ပုဂ္ဂလိက ကဏ္ဍ၏ပါဝင်မှုကိုကူညီလိမ့်မည်ဟု ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၁၉။         ထို့ပြင် ဝန်ကြီးH.E. Sung Yun-moက(၂၂-၂-၂၀၂၁) ရက်နေ့တွင် (၂၂) ကြိမ်မြောက်စွမ်းအင်ကော်မတီအစည်းအဝေးကို သက်ဆိုင်ရာအစိုးရအရာရှိများ၊အရပ်ဘက်ကျွမ်းကျင်သူများနှင့်တွေ့ဆုံ၍ကျင်းပခဲ့ပြီး၂၀၂၁ ခုနှစ်၊စွမ်းအင်မူဝါဒဆိုင်ရာလမ်းညွှန်ချက်များကိုဆွေးနွေးခဲ့ကြပါသည်။ယခုနှစ် ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံအစိုးရသည်၂၀၅၀ ပြည့်နှစ်တွင်ကာဗွန်ကြားနေရေးရည်မှန်းချက်ကိုအကောင်အထည်ဖော်ရန်အခြေခံအုတ်မြစ်ချရန်၊ Renewable Energy အသုံးပြုမှုကိုတိုးချဲ့ရန်နှင့်ဟိုက်ဒရိုဂျင်စက်မှုဂေဟစနစ်(Hydrogen Industrial Ecosystem)ကိုတည်ထောင်ရန်မူဝါဒများကို ချမှတ်ခဲ့ကြောင်း၊ ထို့ပြင် ကာဗွန်ကြားနေရေးဆိုင်ရာ မဟာဗျူဟာများနှင့် ဖြန့်ဖြူးထားသောစွမ်းအင်အရင်းအမြစ်လမ်းပြမြေပုံအတွက်ဆောင်ရွက်ချက်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ASEAN-Korea Centre (AKC) ၏ (၁၃)ကြိမ်မြောက် ကောင်စီဒါရိုက်တာ နှစ်ပတ်လည်အစည်းအဝေး (13th Council Director Meeting) အား Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ခြင်း

၂၀။          ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် ASEAN-Korea Centre (AKC) ၏ (၁၃)ကြိမ်မြောက် ကောင်စီဒါရိုက်တာနှစ်ပတ်လည်အစည်းအဝေးအား (၉-၂-၂၀၂၁) ရက်နေ့၊ ကိုရီးယားစံတော်ချိန် (၁၅:၀၀) နာရီမှ (၁၉:၁၀) နာရီအထိ ASEAN-Korea Centre (AKC)၏အတွင်းရေးမှူးချုပ် Mr. Lee Hyuk မှ ကြီးမှူး၍ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ၊ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည်အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ AKC ကောင်စီဒါရိုက်တာအဖွဲ့ဝင်များ၊ ဆိုးလ်မြို့ရှိ အာဆီယံ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူ Online မှတက်ရောက်ခဲ့ပါသည်။

၂၁။          ASEAN-Korea Centre (AKC) အတွင်းရေးမှူးချုပ် Mr. Lee Hyuk က COVID-19 ကပ်ရောဂါအကျပ်အတည်းသည် မကြုံစဖူးစိန်ခေါ်မှုများဖြင့်  ဒေသတွင်းခံနိုင်ရည်ရှိမှုနှင့် တုံ့ပြန်နိုင်မှုများကို တိုးမြှင့်ရေး အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၂၀၂၁ခုနှစ်တွင် ယခင် ၂၀၂၀ ပြည့်နှစ်ကအသုံးပြုခဲ့သောပြောင်းလွယ်ပြင်လွယ်ရှိသောချဉ်းကပ်မှုများအပေါ်အခြေခံ၍ASEAN-Korea Centre (AKC) သည်ဒစ်ဂျစ်တယ်လှုပ်ရှားမှုများကိုချဲ့ထွင်ရန်စီစဉ်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင်AKC သည်အဖွဲ့အစည်းအတွင်းနှင့်ပြင်ပရှိအဆင့်တိုင်းတွင်မြင့်မားသောပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ သို့မှသာAKC ၏အစီအစဉ်များသည်အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကိုရီးယားနိုင်ငံတို့အကြားစီးပွားရေး၊ယဉ်ကျေးမှု၊ခရီးသွားလုပ်ငန်းနှင့် ပြည်သူများ အချင်းချင်းအပြန်အလှန်ဖလှယ်မှုများပိုမိုအားကောင်းလာစေရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုနှစ်အစည်းအဝေးသည်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်အနာဂတ်အာဆီယံ - ကိုရီးယားပူးပေါင်းဆောင်ရွက်မှုအတွက်ဆန်းသစ်တီထွင်သောချဉ်းကပ်မှုများကိုစုဆောင်းနိုင်သည့်နေရာတစ်ခုပင်ဖြစ်ကြောင်း ၎င်း၏အဖွင့်မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့ပါသည်။

၂၂။          အစည်းအဝေးတွင်ကောင်စီသည်နှစ်ပေါင်းများစွာCOVID-19 ဖြစ်ပွားမှုကြားမှအာဆီယံ - ကိုရီးယားပူးပေါင်းမှုကိုအရှိန်အဟုန်မြှင့်တင်ပေးသည့်၂၀၂၀ ပြည့်နှစ်တွင်ASEAN-Korea Centre (AKC) ၏အစီအစဉ်များကိုပြန်လည်သုံးသပ်ခဲ့ကြသည်။ကောင်စီဒါရိုက်တာအဖွဲ့ဝင်များမှ သက်ဆိုင်ရာနိုင်ငံ အလိုက် AKC နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြရာ၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ မြန်မာ သံရုံး (ဆိုးလ်မြို့)၏ ၂၀၂၀ ပြည့်နှစ်အတွင်း AKC နှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ AKC ၏ပြိုင်ပွဲအစီအစဉ် များတွင် မြန်မာနိုင်ငံမှ ဆုရရှိခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင်အာဆီယံနိုင်ငံများ၏လိုအပ်သည့်တောင်းဆိုမှုများကိုတင်ပြခဲ့ကြပြီးလျှင်မြန်စွာပြောင်းလဲနေသောပတ်ဝန်းကျင်တွင်COVID-19 အလွန်ကာလ၌ အာဆီယံ - ကိုရီးယားပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေးအတွက်အကြံဥာဏ်များကို နှီးနှောဖလှယ်ခဲ့ကြပါသည်။

၂၃။          ထို့အပြင်မြန်မာနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Mr. Kim Hae-yongသည် AKC၏ အတွင်းရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းကိုAKC ကောင်စီဒါရိုက်တာများကအတည်ပြုခဲ့ကြပါသည်။အင်ဒိုနီးရှားနိုင်ငံ၊လာအိုနိုင်ငံ၊မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံများမှAKC တွင်တာဝန်ထမ်းဆောင်လျက်ရှိသော အဆင့်မြင့်အရာရှိ(၄)ဦးသည် တာဝန်သက်တမ်းပြီးမြောက်ပြီဖြစ်၍၎င်းတို့၏နေရာတွင် အသစ်ရွေးချယ်ခန့်ထားပြီးဖြစ်သော ဘရူနိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊မလေးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ တာဝန်ကျအရာရှိအသစ်များမှ ၂၀၂၁ခုနှစ်၊ မတ်လမှ စတင်၍ (၃)နှစ်သက်တမ်းဖြင့် တာဝန်ဆက်လက်ထမ်းဆောင်မည်ဖြစ်ပါသည်။

၂၄။          ASEAN-Korea Centre (AKC) သည် အတွင်းရေးမှူးချုပ်အသစ်၏ဦးဆောင်မှုနှင့်အရာရှိအသစ်များ၏ ပံ့ပိုးမှုတို့ဖြင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြားအပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်စဉ်များအား စစ်ဆေးဖော်ထုတ်လျက်ရှိမှု အခြေအနေ

၂၅။          တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ကြက်/ ဘဲ မွေးမြူရေးခြံများတွင် စတင်တွေ့ရှိခဲ့သော H5N8 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍သံသယဖြစ်ဖွယ်နောက်ထပ်ရောဂါဖြစ်ပွားမှုနှစ်ခုကိုလေ့လာနေပြီးစုစုပေါင်းဖြစ်စဉ် (၈၈)ခု ရှိပြီဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်(၂)ခုသည် ဆိုးလ်မြို့တောင်ဘက် (၂၈၀)ကီလိုမီတာအကွာ၌တည်ရှိသောBuanရှိဘဲမွေးမြူရေးခြံနှင့် ဆိုးလ်မြို့တောင်ဘက်(၁၃၁)ကီလိုမီတာအကွာ၌တည်ရှိသော Eumseongရှိဘဲမွေးမြူရေးခြံ တို့မှဖြစ်ကြောင်း စိုက်ပျိုးရေး၊စားနပ်ရိက္ခာနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ (၁၀-၂-၂၀၂၁) ရက်နေ့ တွင် ထုတ်ဖော်ပြောကြားမှုအရ သိရှိရပါသည်။

၂၆။          တောင်ကိုရီးယားနိုင်ငံတွင် တောရိုင်းငှက်များနှင့်ပတ်သက်၍ ဖြစ်ပွားသောရောဂါရှာဖွေမှုဖြစ်စဉ်ပေါင်း (၁၆၇)ခုအထိရောက်ရှိခဲ့ပြီး ရောဂါပျံ့နှံ့မှုကိုကာကွယ်ရန်ရောဂါကူးစက်ခံထားရသော မွေးမြူရေးခြံနှင့်ပတ်ဝန်းကျင်၌ကြက်ပေါင်း(၂၇)သန်းခန့်ကို သုတ်သင်ဖျက်ဆီးခဲ့ကြောင်း၊ ထိုဖြစ်ရပ် များကြောင့် ကြက်ဥစျေးနှုန်းများ ဈေးနှုန်းသိသိသာသာမြင့်တက်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ လဆန်းပိုင်းတွင်(၄၄.၂)ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကြက်သားနှင့်ဘဲအသားဈေးနှုန်းများသည်လည်း ကိုရီးယား နှစ်သစ်ကူး ကာလမတိုင်မီ (၄) ရက်အလို ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်၏အစပိုင်းတွင် (၁၆.၆)ရာခိုင်နှုန်းနှင့်(၁၉.၄)ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြပါသည်။

၂၇။         အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါ (H5N8 strain of avian influenza) ဖြစ်ပွားမှုကြောင့်ဖြစ်ပေါ်လာသော ကြက်ဥစားနပ်ရိက္ခာထောက်ပံ့ရေးပြတ်လပ်မှုကိုဖြေရှင်းရန် တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းမည့် ကြက်ဥများအတွက် အကောက်ခွန်များကိုယာယီဖယ်ရှားမည်ဖြစ်ကြောင်း၊       ဒေသခံကုမ္ပဏီများအနေဖြင့် လတ်ဆတ်သော ကြက်ဥတန်ချိန်(၅၀,၀၀၀)နှင့်အခြားကြက်ဥထုတ်ကုန် (၇)မျိုး တို့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်အထိအကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture, Food and Rural Affairs- MAFRA)က (၂၀-၁-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။၎င်းသည်လက်ရှိကြက်ဥသွင်းကုန်များအပေါ်ပေးဆောင်ရသော အကောက်ခွန် (၈မှ ၃၀ ထိ)ရာခိုင်နှုန်းနှုန်းထားထက်သိသိသာသာကျဆင်းသွားလိမ့်မည်ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံသည်ယခင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီလအထိဖြစ်ပွားခဲ့သောကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် ကြက်ခြံများတွင်တွေ့ရှိခဲ့သည့်(၃၄၀)မှုကိုဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပြီး၊ ထိုစဉ်ကလည်း ကြက်ဥထုတ်ကုန်များအပေါ်အကောက်ခွန်ကိုယာယီရုတ်သိမ်းခဲ့ဖူးပါသည်။

COVID-19 ကူးစက်ရောဂါ၏ စိန်ခေါ်မှုမှသည်အခွင့်အလမ်းအဖြစ် တောင်ကိုရီးယားနိုင်ငံ၏ Online စားသောက်ကုန်ဈေးကွက် သိသာစွာ ပိုမိုကြီးထွားလာ

၂၈။          အာရှဒေသ၏စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏အွန်လိုင်းစားသောက်ကုန်ဈေးကွက်သည်Coronavirus ကူးစက်ရောဂါဖြစ်ပွားမှုပေါ်အခြေခံ၍ အဆက် အသွယ်ကင်းသောဝယ်ယူမှုပုံစံ (Contact-free Consumption) အားအသုံးပြုသူပိုမိုများပြားလာသည့် အလျောက် ၂၀၂၀ ပြည့်နှစ်အတွင်း အစားအစာ၊စားသောက်ဆိုင်၊လယ်ယာထွက်ကုန်များ၊အသားနှင့်ရေထွက်ကုန်များနှင့်အစားအစာဖြန့်ဝေခြင်းဆိုင်ရာ အွန်လိုင်းစားသောက်ကုန်ဝန်ဆောင်မှုစျေးကွက် သည် သိသာစွာ ပိုမိုကြီးထွားလာခဲ့ပါသည်။

၂၉။          ၂၀၂၀ ပြည့်နှစ်တွင် အွန်လိုင်း စားသောက်ကုန် ရောင်းဝယ်မှုပမာဏသည် ကိုရီးယားဝမ် (၄၃.၄)ထရီလီယံ (အမေရိကန်ဒေါ်လာ၃၉.၂ဘီလီယံ) သို့ရောက်ရှိခဲ့ပြီးယခင် ၂၀၁၉ ခုနှစ်ကထက်(၆၂.၄)ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟုStatistics Korea နှင့်စက်မှုလုပ်ငန်းသတင်းရပ်ကွက်များ၏ စာရင်း များအရ သိရှိရပါသည်။

၃၀။         Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် တောင်ကိုရီးယား စားသောက်ကုန်ကုမ္ပဏီများသည်Online Shopping စနစ်များဖြင့် ခေတ်နှင့်အညီ ရောင်းချခဲ့ကြပြီး၊ Mobile Shopping သည် ကိုရီးယားဝမ် (၃၅.၁) ထရီလီယံအထိရရှိခဲ့ကာ Internet Shopping စုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါ သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယားဝမ် (၁၂၁) ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးရာအငြင်းပွားမှုများအား ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့KFTC မှ ဖြေရှင်းပေးနိုင်ခဲ့မှုအခြေအနေ

၃၁။         တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့ဖြစ်သော ကိုရီးယားမျှတသော ကုန်သွယ်ရေးကော်မရှင်အဖွဲ့(The Korea Fair Trade Commission-KFTC) သည် ၂၀၂၀ ပြည့်နှစ်တွင် ခုံသမာဓိစီရင်ဆုံးဖြတ်ခြင်းဖြင့် ကိုရီးယားဝမ်(၁၂၀.၇)ဘီလီယံ (အမေရိကန်ဒေါ်လာ၁၀၈.၄သန်း) တန်ဖိုးရှိ ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုပြဿနာများအားဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

၃၂။          KFTC သည် ၂၀၂၀ ပြည့်နှစ်အတွင်း မမျှတသောကုန်သွယ်မှုကိစ္စရပ်များ၊ထပ်ဆင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခြင်းကိစ္စရပ်များ၊Franchise Operation နှင့် လက်လီရောင်းချမှုများအတွက် အငြင်းပွားမှု (၁၃၀၈) မှုအား ဖြေရှင်းပေးနိုင်ခဲ့ရာ ကုမ္ပဏီငယ်များသည်လျော်ကြေး‌ငွေ ကိုရီးယားဝမ် (၁၀၉.၁)ဘီလီယံရရှိခဲ့ပါသည်။တရားစီရင်ရေးကုန်ကျစရိတ်များကိုထည့်သွင်းစဉ်းစားမည်ဆိုပါက အဆိုပါတန်ဖိုးသည် ကိုရီးယားဝမ် (၁၂၀) ဘီလီယံအထက်တွင်ရှိပြီးတစ်နှစ်အတွင်း(၄)ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

၃၃။         တောင်ကိုရီးယားနိုင်ငံ၏ကုန်သွယ်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော ကိုရီးယား မျှတသောကုန်သွယ်ရေးကော်မရှင်အဖွဲ့(The Korea Fair Trade Commission-KFTC )ကို၂၀၀၇ခုနှစ်တွင်တည်ထောင်ခဲ့ပြီးအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့်အငြင်းပွားမှုများအားခုံသမာဓိဖြင့်စီရင်ဆုံးဖြတ်ခြင်းနှင့်အမြန်ဆုံးဖြတ်ချက်ချခြင်းများပြုလုပ်ခဲ့သည်။၎င်းသည်ကြီးမားသောလုပ်ငန်းစုကြီးများကစျေးကွက်အတွင်း လက်ဝါးကြီးအုပ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ပါး သည့်ပြိုင်ဘက်များနှင့် ထပ်ဆင့်စာချုပ် ချုပ်ဆိုလုပ်ကိုင်သော Sub-Cotractorများအပေါ် မတရားမှုများ ကို ဖြေရှင်းပေးလျက်ရှိပါသည်။

တောင်ကိုရီးယား-အင်ဒိုနီးရှား CEPAအသက်ဝင်လာပါက တောင်ကိုရီးယားနိုင်ငံ၏ ပလတ်စတစ်၊မော်တော်ယာဉ်အပိုပစ္စည်းများနှင့်သံမဏိတင်ပို့သူများ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှုအခြေအနေ

၃၄။         တောင်ကိုရီးယားနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းတွင်Comprehensive Economic Partnership Agreement (CEPA) ကို လက်မှတ်ရေးထိုးခဲ့ရာ၊ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် အသက်ဝင်လာပါက တောင်ကိုရီးယား ပလတ်စတစ်၊မော်တော်ယာဉ်အစိတ်အပိုင်း/ အပိုပစ္စည်းများနှင့်သံမဏိဆိုင်ရာကုမ္ပဏီများသည်အကျိုးအမြတ်ခံစားရရှိနိုင်လိမ့်မည်ဟုကုန်သွယ်ရေးအသိုက်အဝန်းက သုံးသပ်လျက်ရှိပါသည်။

၃၅။         အဆိုပါကုန်သွယ်မှုသဘောတူညီချက်အတွက် သက်ဆိုင်ရာနိုင်ငံအသီးသီး၌ လွှတ်တော် ဆိုင်ရာအတည်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိပြီး၊ တောင်ကိုရီးယား ပို့ကုန်လုပ်ငန်းရှင်များအတွက် အရှေ့တောင်အာရှဈေးကွက်သို့ပိုမိုနက်ရှိုင်းစွာထိုးဖောက်နိုင်တော့မည် အလားအလာကောင်းလည်း ဖြစ်ပါသည်။ CEPA ကုန်သွယ်ရေးသဘောတူညီချက်အရ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တောင်ကိုရီးယား နိုင်ငံထံမှ သွင်းကုန် (၉၂)ရာခိုင်နှုန်းကိုအကောက်ခွန်များဖယ်ရှားပေးမည်ဖြစ်၍ ASEAN-Korea Free Trade Agreement ထက်(၁၁.၉)ရာခိုင်နှုန်းအခွင့်အရေး ပိုမိုမြင့်မားပြီး CEPA စတင်အသက်ဝင်လာပါက တောင်ကိုရီးယားမှအင်ဒိုနီးရှားသို့ပလတ်စတစ်၊ရာဘာနှင့်အပိုပစ္စည်းပို့ကုန်များသည် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။

၃၆။         CEPA သည်တောင်ကိုရီးယားသံမဏိထုတ်လုပ်သူများအပေါ်အပြုသဘောဆောင်သည့် အကောက်ခွန်ကင်းလွတ်ခွင့်အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်းKorea International Trade Association (KITA)က သုံးသပ်ပြောကြားထားပါသည်။ CEPA သည်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်နှင့်အလားသဏ္ဍာန်တူသော်လည်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုကျယ်ပြန့်စွာအကျိုးသက်ရောက်ပြီး၊ ဤသဘောတူညီချက်စာချုပ်သည် တောင်ကိုရီးယားနိုင်ငံမှ အရှေ့ တောင်အာရှနိုင်ငံများနှင့် နှစ်နိုင်ငံချင်း သီးခြားသဘောတူလက်မှတ်ရေးထိုးခဲ့သည့် တတိယမြောက် ကုန်သွယ်ရေးသဘောတူညီချက်လည်းဖြစ်ပါသည်။  

အလုပ်သမားရှားပါးလာမှုကြောင့် ကာလတိုနိုင်ငံခြားလုပ်သားများအတွက် သတ်မှတ်စည်းမျဉ်းများကို တောင်ကိုရီးယားအစိုးရမှ ယာယီဖြေလျော့ပေးမည့်အခြေအနေ

၃၇။         ကာလရှည်ဖြစ်ပွားလျက်ရှိသော Coronavirus ကူးစက်ရောဂါဖြစ်ပွားမှုကြောင့်အလုပ်သမားရှားပါးမှုပြဿနာကို ဆိုးရွားစွာ ကိုရင်ဆိုင်ရလျက်ရှိသော တောင်ကိုရီးယားနိုင်ငံသည်စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်းကဏ္ဍတွင် ရာသီအလိုက် ကာလတိုလာရောက်လုပ်ကိုင်ကြသော နိုင်ငံခြားသားလုပ်သားများ၏အလုပ်ခန့်ထားမှုဆိုင်ရာစည်းမျဉ်းများကိုယာယီလျှော့ချပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ တရားရေးဝန်ကြီးဌာနက (၁၅-၂-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၃၈။         ယာယီစည်းမျဉ်းစည်းကမ်းများဖြေလျော့မှုအရအလုပ်ဗီဇာ(Work Visa) မရှိဘဲ နိုင်ငံအတွင်း နေထိုင်နေသော နိုင်ငံခြားသားများ (သို့မဟုတ်) COVID-19 ကြောင့် နေရပ်သို့မပြန်နိုင်သေးသော နေထိုင် ခွင့်သက်တမ်းလွန် နိုင်ငံခြားသားများသည်ဒေသခံလယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ငါးဖမ်းရွာများတွင်(၁၃)လအထိ အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားတွင်F-1 (Visiting &Joining Family Visa) နှင့်(F-3) (Family Dependent Visa) ကိုင်ဆောင်၍နေထိုင်ကြသူများ၊ H-2(Working Visit Visa) E-9 (Non-professional Employment Visa) ဖြင့်ဝင်လာရောက်ပြီး သက်တမ်းလွန် နေကြသူများအပါအဝင် နိုင်ငံခြားသား (၇၉၀၀၀) ခန့်သည် ဤအစီအစဉ်ကို လျှောက်ထားနိုင်ကြမည် ဖြစ်ရာဒေသန္တရအစိုးရများမှရွေးချယ်ပြီးလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များမှအတည်ပြုထားသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မည်သည့်နိုင်ငံခြားသားမဆို  ၂၀၂၁ ခုနှစ်၊ မတ်လ(၂)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိရာသီအလိုက်လယ်ယာစိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများတွင် ကာလတိုလုပ်သားများအဖြစ်ပါဝင်နိုင်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။

၃၉။         အဆိုပါ ကာလတိုနိုင်ငံခြားသားလုပ်သားအစီအစဉ်တွင် ပါဝင်သော ကိုရီးယားလူမျိုးများနှင့်နိုင်ငံခြားသားများသည်လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊အခကြေးငွေများကင်းလွတ်ခွင့်၊ ပြန်လည်နေရာချထားခြင်းနှင့်ဗီဇာအဆင့်အတန်းပြောင်းလဲခြင်းစသည်တို့အတွက်အကျိုးခံစားခွင့်အမျိုးမျိုးတို့ကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ထိ စာရင်းအရ တစ်နိုင်ငံလုံးရှိ ဒေသဆိုင်ရာအစိုးရ(၃၇)ခုတို့မှတင်ပြတောင်းဆိုထားသော ကာလတိုနိုင်ငံခြားသားလုပ်သား (၄၆၃၁) ဦးကို သက်ဆိုင်ရာဝန်ကြီးဌာနမှ အတည်ပြုပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

COVID-19ကူးစက်ရောဂါစိန်ခေါ်မှုများအကြား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အကောက်ခွန်လွတ်ရောင်းချမှုများ(Duty Free Shopping) အား ဆက်လက်ရှင်သန်ရေး ကြိုးပမ်းလျက်ရှိမှုအခြေအနေ

၄၀။         တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်း (Incheon International Airport Corp. - IIAC) သည်ကာလရှည်ကြာစွာဖြစ်ပွားနေသောCOVID-19ကူးစက်ရောဂါဆိုင်ရာစိန်ခေါ်မှုများကြားမှ လေဆိပ်ရှိအကောက်ခွန်လွတ်စျေးဝယ်မှုများကို ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်ကြိုးပမ်းနေသည်ဟုIIAC ၏ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်Mr. Kim Kyung-wookက (၂၁-၂-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။တောင်ကိုရီးယားနိုင်ငံ၏အဓိကအကောက်ခွန်လွတ်ဆိုင်များဖွင့်လှစ်ရောင်းချသည့် အဓိကကုမ္ပဏီကြီးနှစ်ခုဖြစ်သောLotte Duty Free နှင့်Shilla Duty Free ဆိုင်ခန်းတို့သည် လေဆိပ် Terminal 1၌ဖွင့်လှစ်ထားသော၎င်းတို့၏စတိုးဆိုင်များကို (၂၈-၂-၂၀၂၁) ရက်နေ့မှစတင်၍ပိတ်သိမ်းရန် စီစဉ်ထားသောကြောင့်လေဆိပ်ရှိအကောက်ခွန် ကင်းလွတ်ဧရိယာ၌နေရာလွတ်များပိုများလာမည့်အရေးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများတိုးပွားလာနေချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၄၁။         ၎င်းတို့၏ငှားရမ်းခများသည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင်သက်တမ်းကုန်ဆုံးခဲ့သော်လည်းကူးစက်ရောဂါကြောင့်လုပ်ငန်းလည်ပတ်မှုအားကျဆင်းမှုကြားတွင်IIAC သည်အခွန်လွတ်အော်ပရေတာအသစ်များကို ထပ်မံမဆွဲဆောင်နိုင်ခဲ့သဖြင့် ထိုဆိုင်များသည်သာ (၆)လ သက်တမ်းထပ်မံတိုးမြှင့်ခဲ့ရကြောင်း၊ IIAC သည် Duty Free Shop ဆိုင်ခန်းနေရာလွတ်များကို ဖြည့်တင်းနိုင်ရန်နှင့် အလုပ်အကိုင်တည်ငြိမ်မှုကိုထိန်းသိမ်းရန် အားစိုက်၍ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းပိတ်သိမ်း၍ ထွက်ခွာမည့်လုပ်ငန်းရှင်များမှ  အလုပ်သမားများကိုအလုပ်ခန့်ရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊အခွန်လွတ်ဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၄၂။          အင်ချွန်းလေဆိပ် Terminal 1ရှိအခွန်လွတ်ဧရိယာတွင်Lotte နှင့်Shillaတို့သည်DF2, DF3, DF4နှင့်DF6အပိုင်းများကိုအသုံးပြုခဲ့ပြီး၊ Shinsegae၊ Hyundai Department Store နှင့်Kyung Bok Kung တို့သည် တောင်ကိုရီးယားနိုင်ငံ၊ အကောက်ခွန်ဝန်ဆောင်မှုဌာနနှင့်ဆွေးနွေးပြီးနောက်DF3, DF4နှင့်DF6သို့တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် ရေမွှေးနှင့်အလှကုန်များရောင်းချသည့်DF2အပိုင်း၏လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားမည်ဟုIIAC မှမှတ်ချက်ပြုခဲ့ကြောင်း၊အခွန်လွတ်ရောင်းချမည့်လုပ်ငန်းရှင်များ၏COVID-19ကာလဘဏ္ဍာရေးစိန်ခေါ်မှုအခက်အခဲများကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

၄၃။         အခွန်လွတ်ဆိုင်များမှ ဝန်ထမ်းတိုင်းကို အလုပ်အကိုင်ပြန်လည်ရရှိစေရေး အပြင်းအထန် ကြိုးစားသော်လည်း မဖြစ်နိုင်ခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်ကြောင်း၊ အခွန်လွတ်အော်ပရေတာအသစ်များကိုဆွဲဆောင်ရန်လေလံဆွဲသည့်စည်းမျဉ်းစည်းကမ်းများကိုပြန်လည်သုံးသပ်ခြင်းအပါအဝင်နောက်ဆက်တွဲအစီအမံများနှင့်အတူအလုပ်အကိုင်တည်ငြိမ်စေရန်နှင့်အကောက်ခွန်ကင်းလွတ်သောဝန်ဆောင်မှုများကိုပိုမိုကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခွန်လွတ်ဧရိယာတစ်ခုလုံး၏(၂၅)ရာခိုင်နှုန်းခန့်ရှိမည့်နေရာလွတ်အား ဖြည့်တင်းရန်နည်းလမ်းများကိုIIAC မှဆက်လက်စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အခွန်လွတ်ဝန်ဆောင်မှု (Duty Free Services)သည်လေဆိပ်၏ကမ္ဘာ့ယှဉ်ပြိုင်မှုနှင့်တိုက်ရိုက်ဆက်နွယ်နေကြောင်း IIAC ၏ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်Mr. Kim Kyung-wookက ပြောကြားခဲ့ပါသည်။

၄၄။         လေဆိပ်အော်ပရေတာက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ၊စက်တင်ဘာနှင့်အောက်တိုဘာလများတွင်အခွန်လွတ်လိုင်စင်သုံးကြိမ်လေလံတင်ရန်ကြိုးပမ်းမှုများသည်မအောင်မြင်ခဲ့ကြောင်း၊ လေကြောင်းခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့်ပျံသန်းသူအရေအတွက်သိသိသာသာကျဆင်းမှု၏ရိုက်ခတ်မှုများကို အခွန်လွတ်အော်ပရေတာများခံစားနေရကြောင်း၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေ ကိုရီးယားမ် (၄၂၆.၈)ဘီလီယံ (အမေရိကန်ဒေါ်လာ၃၈၄သန်း) အရှုံးပေါ်ခဲ့ကြောင်း၊ ယင်းသည် (၁၇)နှစ်အတွင်းပထမဆုံးဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာခရီးသည်အရေအတွက်သည်ယမန်နှစ်ထက်(၈၃)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လေကြောင်းကဏ္ဍ ပြန်လည်နာလန်ထူရန်သည် ကာကွယ်ဆေးများထိုးအပြီး ခရီးသွားကဏ္ဍ ပြန်လည်ပွင့်လန်းလာနိုင်မည့်  ၂၀၂၁ ခုနှစ်၊ ဒုတိယနှစ်ဝက်သည် အစောဆုံးဖြစ်နိုင်ရာ ၂၀၂၁ ခုနှစ်အတွက် ကိုရီးယားဝမ် (၈၆၀.၉)ဘီလီယံ အရှုံးပေါ်နိုင်ကြောင်း လေဆိပ်ဝန်ထမ်းတစ်ဦးမှ သုံးသပ်ပြောကြားခဲ့ပါသည်။

 

တောင်ကိုရီးယား ဂိမ်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (Korea Creative Content Agency– KOCCA) မှ ကိုရီးယားဝမ် (၂၂.၄)ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်အခြေအနေ

၄၅။         တောင်ကိုရီးယားအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်းဂိမ်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်စေ ရေးအတွက် ကိုရီးယားဝမ် (၂၂.၄)ဘီလီယံ (အမေရိကန်ဒေါ်လာ၂၀သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကိုရီးယားCreative Content Agency (KOCCA) က (၂၁-၂-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့ပါ သည်။ တောင်ကိုရီးယား ပြည်တွင်းဂိမ်းလုပ်ငန်း၏ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်အားကောင်းလာစေရန်KOCCA သည်၎င်း၏ရန်ပုံငွေကိုအရှိန်မြှင့်၍အရည်အချင်းပြည့်မီသောစီမံကိန်းအကူအညီများအတွက်(၄၆)မှ(၆၆)ခုအထိတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ်များကိုအထွေထွေအပိုင်း(General)၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး(Emerging Technology)၊ စျေးကွက်သစ်(New Market)နှင့် လုပ်ဆောင်နိုင်စွမ်းရှိမှု(Functionality) ဟူ၍ လေးပိုင်းခွဲခြားထားကြောင်း၊ အဆိုပါအစီအစဉ်ကိုယဉ်ကျေးမှု၊အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလည်းအထောက်အပံ့ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

၄၆။         အဆိုပါရန်ပုံငွေအနက် ကိုရီးယားဝမ် (၁၁.၁) ဘီလီယံခန့်ကို ပထမအထွေထွေအပိုင်း (General) အတွက် ပံ့ပိုးရန်လျာထားပြီးမိုဘိုင်း၊PC နှင့်အဆင့်မြင့်နည်းပညာများဖြစ်သောVirtual Reality (VR)၊Augmented Reality (AR) နှင့်Mixed Reality (MR) တို့ပါဝင်သည့်အမျိုးမျိုးသောGame Platform များပါဝင်ကြောင်း၊ စီမံကိန်းတစ်ခုစီသည် ကိုရီးယားဝမ် (၄၀၀)သန်းအထိရရှိနိုင်ကြောင်း၊နည်းပညာဖွံ့ဖြိုးပေါ်ထွန်းရေး(Emerging Technology)အတွက် ကိုရီးယားဝမ် (၄.၈) ဘီလီယံ ပံ့ပိုးပေးမည်ဖြစ်ပြီး Blockchain၊ Artificial Intelligence(AI) (သို့မဟုတ်) Cloud-based နည်းပညာသုံး Game Developer ထုတ်လုပ်ရေးကုမ္ပဏီများသည် နည်းပညာဖွံ့ဖြိုးပေါ်ထွန်းရေးခေါင်းစဉ်အောက်တွင် အကျုံးဝင်ကြောင်း၊ စျေးကွက်သစ် (New Market) ခေါင်းစဉ်အတွက် ကိုရီးယားဝမ်(၄.၄) ဘီလီယံ ပံ့ပိုးပေးမည်ဖြစ်ပြီး  တောင်ကိုရီးယားနိုင်ငံ၌လျစ်လျူရှုခံရပြီးအားနည်းချက်ရှိသည့်Game Platform များကို စျေးကွက်အသစ်ရရှိစေရေး ထောက်ပံ့ရန်ရည်ရွယ်ကြောင်း၊အထူးသဖြင့်Console Game များ၊Arcade Game များနှင့်Board Games များအဖြစ်ခွဲခြားထားကြောင်း၊  နောက်ဆုံးအနေဖြင့်Functionality အမျိုးအစားအတွက် ကိုရီးယားဝမ်(၂.၁) ဘီလီယံဖြစ်ပြီး၊ အဆိုပါအမျိုးအစားတွင် ဂိမ်းနှင့်လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရည်ရွယ်ချက်များကိုပေါင်းစပ်ထားသည့် ဂိမ်းများအကျုံးဝင်ကြောင်း၊  အထူးသဖြင့်ဤဂိမ်းအမျိုးအစား၏ရည်ရွယ်ချက်များကိုကုလသမဂ္ဂမှချမှတ်ထားသောရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ(Sustainable Development Goals-SDGs)နှင့်ကိုက်ညီရန်လိုအပ်ပြီး၊ ပညာရေး၊အားကစားနှင့်ဆေးပညာစသည့်နယ်ပယ်များတွင်အသုံးချနိုင်သည့် ဂိမ်းအမျိုးအစားများဖြစ်ရန်လိုကြောင်း သိရှိရပါသည်။

 

၄၇။    ရွေးချယ်ခြင်းခံရသောဂိမ်းစီမံကိန်းများသည် ၎င်းတို့၏ဂိမ်းထုတ်ကုန်များကို မဖြန့်ဝေမီ နိုင်ငံတကာBeta-Testers များနှင့်ကျွမ်းကျင်သူများ၏စစ်ဆေးခြင်းနှင့်အရည်အသွေးအာမခံချက်များကိုအရည်အချင်းပြည့်မီစွာ ရရှိထားရန်လိုအပ်ကြောင်း၊ KOCCA သည်၎င်း၏အစီအစဉ်နှင့်လျှောက်လွှာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို(၂၁-၂-၂၀၂၁) ရက်နေ့တွင် ၎င်း၏တရားဝင်YouTube Channel မှတစ်ဆင့်တိုက်ရိုက်လွှင့်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီများသည်၎င်းတို့၏လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

Source:Ministry of Trade၊ Industry and Energy of Korea၊Ministry of Economy & Finance၊Korea Customs Services၊Bank of Korea၊ASEAN-Korea Centre (AKC)၊ The Korea Times၊ The Korea Herald၊ Yonhap News

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)