Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၊ Land & Housing Corporation (LH) ၏ မြေယာ ဝယ်ယူမှုအရှုပ်တော်ပုံသည် နိုင်ငံရေးအသိုက်အဝန်းထိသို့ ကျယ်ပြန့်လာမှုအခြေအနေ

Tue, 03/16/2021 - 09:29 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံအစိုးရပိုင် မြေနှင့်အိမ်ရာကော်ပိုရေးရှင်း Land & Housing Corporation (LH) မှ ဝန်ထမ်းများပါဝင်သော မြေယာဝယ်ယူမှုအရှုပ်တော်ပုံသည်  နိုင်ငံရေး အသိုက်အဝန်းထံသို့ကျယ်ပြန့်လာပြီး အချို့သော အာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီ (Democratic Party of Korea-DPK)၏ လွှတ်တော်ကိုယ်စားလှယ်အမတ်များသည် အလားတူ မြေယာဝယ်ယူစျေးကစားမှုများတွင် ပါဝင်ပတ်သက်နေကြောင်း (၁၂-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ဝေသည့် The Korea Times သတင်းစာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

              ပြည်သူလူထု၏ဒေါသကိုနှိုးဆွပေးလျက်ရှိသော ဤမြေယာအရှုပ်တော်ပုံသည် DPK ပါတီအပေါ် ပြည်သူလူထု၏အပျက်သဘောဆောင်သောသဘောထားများကို လှုံ့ဆော်ပေးနိုင် သဖြင့် (၇-၄-၂၀၂၁)ရက်နေ့တွင် ကျင်းပ မည့်မြို့တော်ဝန်ကြားဖြတ်ရွေးကောက်ပွဲများအပေါ် အကျိုး သက်ရောက်မှုများရှိလာနိုင်မည့်အရေးကြောင့် အာဏာရကိုရီးယားဒီမိုကရက်တစ်ပါတီ(DPK) သည် အထူးအလေးထားအာရုံစိုက်၍ ဂရုပြုလျက်ရှိပါသည်။၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင်ပြုလုပ် မည့်ရွေးကောက်ပွဲသည် အရေးကြီးပြီး၊ တောင်ကိုရီးယားနိုင်ငံ၏ အဓိကမြို့တော်(၂)မြို့ဖြစ်သော ဆိုးလ်မြို့နှင့် ဘူဆန်မြို့တို့၏ မြို့တော်ဝန်များပါ ရွေးကောက်တင်မြှောက်မှုလည်း ပါဝင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

              ကိုရီးယား မြေနှင့်အိမ်ရာကော်ပိုရေးရှင်း Land & Housing Corporation (LH)၏ ဝန်ထမ်းများပါဝင်သော မြေယာစျေးကစားမှုအရှုပ်အထွေးများနှင့်ပတ်သက်ပြီး ယခုကဲ့သို့စွပ်စွဲချက် များထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ တောင်ကိုရီးယားအစိုးရမှ ဖွံ့ဖြိုးရေးစီမံကိန်းအသစ်များကို မကြေညာမီကပင် ဝန်ထမ်းအချို့သည် Gyeonggi ပြည်နယ်ရှိ Siheung နှင့် Gwang-myeong ရှိ လယ်ယာမြေများကိုဝယ်ယူခဲ့ကြောင်း၊ မကြာသေးမီက ဖွံ့ဖြိုးရေး စီမံကိန်း၏တစ်စိတ်တစ်ပိုင်း အဖြစ်ကြေညာခဲ့သည့်ဧရိယာအနီးရှိ Gwangmyeong ဒေသတွင်  လွှတ်တော်ကိုယ်စားလှယ် Yang Yiwonyoung ၏မိခင်က မြေလွတ်မြေရိုင်းကို  ကြိုတင်ဝယ်ယူခဲ့ခြင်းကြောင့် သူမအား သံသယ ဝင်လျက်ရှိကြောင်း၊ အဆိုပါဝယ်ယူမှုနှင့်ပတ်သက်၍ မီဒီယာတစ်ခု၏အစီရင်ခံချက်အရ Yang Yiwon young အနေဖြင့် သူမ၏မိခင်သည် အဆိုပါမြေယာကိုဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းအား  LH အရှုပ်တော်ပုံအဖြစ်အပျက်မတိုင်မီအထိ မသိရှိခဲ့ပါကြောင်း၊ သူမအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် လတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၎င်း၏ကိုယ်ပိုင်နှင့်မိသားစုဝင်များ၏ပိုင်ဆိုင်မှုများကို  ပြုစု၍အစီရင်ခံတင်ပြခဲ့စဉ်ကသူမမိခင်၏ပိုင်ဆိုင်မှုကိုစတင်သိရှိခဲ့သော်လည်း ၎င်းသည်အနာဂတ် တွင်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းအနီးတွင်တည်ရှိကြောင်းကိုမူ မသိရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။ 

              သို့ရာတွင် တောင်ကိုရီးယားအစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အများပြည်သူ ဆိုင်ရာအဖွဲ့အစည်းများ၏ ဝန်ထမ်းများ(သို့မဟုတ်)၎င်းတို့၏မိသားစုဝင်များက လျှို့ဝှက်သတင်း အချက်အလက်များကိုအသုံးပြု၍ တန်ဖိုးတက်နိုင်ချေရှိသောမြေဝယ်ယူမှုများအား ကျယ်ကျယ် ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်တွင်ပင် အာဏာရကိုရီးယားဒီမိုကရက်တစ်ပါတီ (DPK) ၏အခြားအဖွဲ့ဝင်များအပေါ်သံသယများစွာပိုမိုထွက်ပေါ်လာခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် Kim Kyung-man ၏ဇနီးသည် Siheung ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့်နီးသောမြေယာ ကိုလည်းကောင်း၊ အာဏာရကိုရီးယားဒီမိုကရက်တစ်ပါတီ၏အမြင့်ဆုံးကောင်စီဝင်တစ်ဦးဖြစ်သူ ကိုယ်စားလှယ် Yang Hyang-ja သည် Gyeonggi ပြည်နယ်၊ Hwaseong ဒေသတွင် အခြားသော သီးခြားဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအနီးရှိ မြေယာကို ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း၊ သို့ရာတွင် မြေယာဝယ်ယူမှုများသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်များအားသိရှိခြင်းတို့နှင့် လုံးဝမပတ်သက် ပါဟု ပြန်လည်ငြင်းဆိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

              DPK ပါတီ၏ ခေါင်းဆောင်ပိုင်းအနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်မည့် တစ်လအလို အရေးကြီးဆုံးအချိန်တွင် ယခုကဲ့သို့ ရင်ဆိုင်နေရသောကြောင့် ပါတီအပေါ်လူထု၏ အဆိုးမြင်ခြင်း အကျိုးသက်ရောက်မှုများကို လျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း၊ DPK ပါတီ၏ကျင့်ဝတ်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသန္တရအစိုးရများမှ ခေါင်းဆောင်များနှင့် ပါတီမှဒေသခံကောင်စီအဖွဲ့ဝင်များ၏မြေယာဝယ်ယူမှု၊ စျေးကစားမှုများနှင့်ပတ်သက်ဆက်နွယ်မှု များကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရှိရပါသည်။

              ထိုကဲ့သို့ အခက်အခဲများနှင့်ရင်ဆိုင်နေရသဖြင့် DPK ပါတီနှင့်သက်ဆိုင်မှု မည်သို့ပင်ရှိ စေကာမူ လွှတ်တော်အမတ် (၃၀၀)ဦးလုံးကို စေ့စပ်စွာ စုံစမ်းစစ်ဆေးပေးရန် ဒီမိုကရက်တစ်ပါတီ DPK ၏ယာယီဥက္ကဌ Kim Tae-nyeon က အမျိုးသားလွှတ်တော်ဥက္ကဌ Park Byeong-seug သို့ အဆိုပြုထားကြောင်း၊ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားအစိုးရက LH ၏ဝန်ထမ်း (၁၄၀၀၀) ဦးနှင့် မြေယာဝန်ကြီးဌာနတို့သို့ ကနဦးစုံစမ်းစစ်ဆေးခဲ့မှုတွင် မြေယာဝယ်ယူ၍စျေးကစားသူဟု ယူဆရသူ(၂၀)ဦးအားစစ်ဆေးတွေ့ရှိရကြောင်း၊ ထို့ပြင်သမ္မတအိမ်ပြာတော်မှအတွင်းရေးမှူး(၃၆၈) ဦးနှင့်၎င်းတို့၏မိသားစုဝင်များကိုစစ်ဆေးခဲ့သော်လည်း သံသယဖြစ်ဖွယ် မြေယာဝယ်ယူမှုများကို မတွေ့ခဲ့ရကြောင်း သမ္မတအိမ်တော်မှထုတ်ဖော်ပြောကြားခဲ့ပါသည်။

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)