Main menu

Background

Made in Thailand ”ကုန်ပစ္စည်းများမှ ဘတ်ငွေ(၁.၇၇)ထရီလီယံရရှိနိုင်ခြင်း

Tue, 03/23/2021 - 10:12 -- journal_editor

အစိုးရအနေဖြင့်အစိုးရ၏ စီမံကိန်းများတွင် ပြည်တွင်းထုတ်ကုန်များအသုံးပြုမှုကိုမြှင့်တင်သွားရန် Made in Thailand လှုပ်ရှားမှုအသစ်သည် ပြည်တွင်းစီးပွားရေးတန်ဖိုးကို ဘတ်ငွေ (၁.၇၇)ထရီလီယံအထိ ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်းယုံကြည်လျက်ရှိသည်။ အဆိုပါ အစီ အစဉ် သည် SMEs များအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အစိုးရ၏ နိုင်ငံတော် ဝယ်ယူရေး စီမံကိန်းများမှတစ်ဆင့် ကူညီပေးသွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
          စက်ရုံပိုင်ရှင်များနှင့်အလုပ်သမားများအနေဖြင့်အဆိုပါ အစီအစဉ်မှ အကျိုးအမြတ်များရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးက ပြောကြားခဲ့သည်။ စက်ရုံပေါင်း(၆၀,၀၀၀)သည် အဆိုပါအစီအစဉ်အတွက် စက်မှု ဝန်ကြီး ဌာနတွင်မှတ်ပုံတင်ခဲ့ကြကြောင်းနှင့်၎င်းစက်ရုံများနှင့် SMEs လုပ်ငန်းများ တွင် အလုပ်သမားပေါင်း(၅)သန်းခန့်ကို အလုပ်ခန့်ထားကြောင်း အဆိုပါ လှုပ်ရှားမှုကို ပူးတွဲဖွင့်လှစ်ပေးခဲ့သည့် စက်မှုဝန်ကြီး Suriya Jungrungreangkit က ပြောကြားခဲ့ကြောင်း သိရှိရသည်။ ၎င်းက အဆိုပါအစီအစဉ်အနေဖြင့် တိုင်းပြည်၏ သွင်းကုန်တင်သွင်းမှုအပေါ်မှီခိုနေမှုကိုလျှော့ချပေးနိုင်မည်ဟုမျှော်လင့်လျှက်ရှိကြောင်းသိရှိရသည်။ ယခုအစီအစဉ်သည် ကုန်သွယ်မှု အတွက် အတားအဆီးမဟုတ်ကြောင်း၊ပြည်တွင်းထုတ်ကုန်များကို အထောက်အပံ့ ပေးခြင်းဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

          ဘဏ္ဍာရေးဝန်ကြီးArkhom Termpittayapaisith က ယခုအစီအစဉ်အနေဖြင့် အစိုးရ ၏စီမံကိန်းများတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို စုစုပေါင်းအသုံးပြုမှု ပစ္စည်းများ၏(၆၀%) ထက်မနည်းစေရန် သတ်မှတ်ထား ကြောင်းပြောကြားခဲ့ပါသည်။အကယ်၍သံမဏိနှင့်သံထည် ပစ္စည်းများဖြစ်ပါကအချိုးအနေဖြင့်(၉၀%)အထိမြင့်တက်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

          အာဏာပိုင်များအနေဖြင့် ဤအစီအစဉ်သည် ထိုင်းနိုင်ငံအား Covid-19ကပ်ရောဂါ၏ ဆိုးကျိုးများကိုကိုင်တွယ်ဖြေရှင်းနိုင်မည့်နောက်ထပ်ကရိယာတစ်ခုဖြစ်ပြီး၎င်းကပြည်တွင်း စက်မှု လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါ သည်။ ဘဏ္ဍာရေးဝန်ကြီး က အစိုးရအနေဖြင့် အစိုးရ၏နိုင်ငံတော်စီမံကိန်းများအတွက် ၂၀၂၁ခုနှစ် ဘတ်ဂျက်တွင် တန်ဖိုးငွေဘတ်(၁.၇၇)ထရီလီယံကို ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။ Made-in –Thailand အစီအစဉ်သည် ပြည်တွင်းစီးပွားရေးကို အကြီးအကျယ် အထောက် အကူပြုစေလိမ့်ဟုမျှော်လင့်ကြောင်းMr.Arkhomကပြောကြားခဲပါသည်။ ၎င်း၏ဝန်ကြီးဌာနအနေဖြင့် အစိုးရအေဂျင်စီ များအား အဆိုပါစီမံကိန်းအရ စီမံကိန်းများအတွက် Terms of References များရေးဆွဲထားရန်ပြောကြားခဲ့ကြောင်းသိရှိရသည်။

          ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်    Federation of Thai Indistries(FTI)၏   ဉက္ကဌ Supant Mongkolsuthree က သူ့အနေဖြင့် Made-in-Thailand အစီအစဉ်သည် ပြည်တွင်း ကုမ္ပဏီများနှင့် SMEs များ အတွက် ၎င်းတို့၏ထုတ်ကုန်များကိုချဲ့ထွင်ရန် နောက်ထပ် လမ်းကြောင်း အသစ် တစ်ခုဖြစ်လာနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Made-in-Thailand အစီအစဉ်တွင် ပါဝင်လိုသော  ကုမ္ပဏီများနှင့် SMEs များအနေဖြင့် ၎င်းတို့၏ လျှောက်ထား လွှာများကို FTI သို့တင်ပြနိုင်ကြောင်း၊အသင်းအနေဖြင့် လျှောက်ထားသူများအား အစီအစဉ်တွင် ၎င်းတို့ ပါဝင်မည်ဖြစ်ကြောင်းအသိအမှတ်ပြုထောက်ခံချက်လက်မှတ်များကိုထုတ်ပေးသွားမည်ဖြစ် ကြောင်း ပြော ကြား ခဲ့ပါသည်။

          ကုမ္ပဏီများအနေဖြင့် Made-in-Thailand ထောက်ခံချက်များကို အစိုးရ၏နိုင်ငံတော် စီမံကိန်းများတွင် လေလံဝင်ရောက်ဆောင်ရွက်ရာ၌ အသုံးပြုနိုင်မည်ဖြစ်ကြောင်းMr.Supant က ပြောကြားခဲ့ပါသည်။ FTI အနေဖြင် ကုမ္ပဏီများနှင့်SMEs ပေါင်း(၁၀၀,၀၀၀)ကျော်ကို ယခုနှစ်တွင်အဆိုပါစီမံကိန်း၌ ပါဝင်ရန်မျှော်မှန်းထားကြောင်း၊ ယခုအချိန်အထိ ထုတ်ကုန်ပေါင်း(၈၀၀)ကျော်ကို အသိအမှတ်ပြုထောက်ခံချက်လက်မှတ်များထုတ်ပေး ထားပြီးဖြစ်ကြောင်းသိရှိရသည်။

          အစောပိုင်းက SMEs များကို ကူညီရန်အတွက် ဘတ်ငွေ(၉.၅)ဘီလီယံတန်ဖိုးရှိ အတိုးနှုန်းသက်သာသောအထူးချေးငွေ(Soft Loan)ကို စက်မှုဝန်ကြီးဌာနက SMEsလုပ်ငန်းများရှိ အလုပ် အကိုင်ပေါင်း (၂၈,၈၀၀) ကိုထိန်းသိမ်းထားနိုင်ရေးစတင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ဝန်ကြီး ဌာန၏ ပြည်တွင်းစီးပွားရေးချေးငွေအစီအစဉ်အရ ချေးငွေများအနေဖြင့် ငွေကြေးဖြစ်လွယ်မှု Liquidity အခက်အခဲနှင့်ရင်ဆိုင်နေရသော စီးပွားရေး လုပ်ငန်းပေါင်း(၅,၇၆၀)ကို ကူညီနိုင် လိမ့် မည်ဖြစ်ကြောင်းမျှော်လင့်ရသည်။

          Mr. Suriya က အစောပိုင်းချေးငွေအစီအစဉ်ကို ရယူလိုသူများအနေဖြင့် ထိုင်း SMEsဖွံ့ဖြိုးတိုးတက်မှုဘဏ်သို့ ချေးငွေလျှောက်ထားလွှာများကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ အထိ တင်ပြလျှောက်ထားနိုင်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်အဆိုပါအစီအစဉ်ကိုဇန်နဝါရီလ(၁၉)ရက် နေ့တွင် အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

Bangkok Post

 

                                                                                                                              

                                                   

(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ဗန်ကောက်မြို့