ကာလရှည်ကြာစွာ COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှုဒဏ်ကို ခံစားရလျက်ရှိနေသော လေကြောင်းလုပ်ငန်းပြန်လည်နာလန်ထူနိုင်ရေးကို အထောက်အကူပြုရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် တောင်ကိုရီးယားအစိုးရသည် COVID-19 ကူးစက်မှုကိုတားဆီးနိုင်ခဲ့သောအခြားနိုင်ငံများနှင့်အတူ ခရီး သွားပူဖောင်း (သို့မဟုတ်) စစ်ဆေးမှုကင်းလွတ်သည့်ခရီးသွားစင်္ကြံအစီအစဉ်များ အကောင်အထည်ဖော် ရန်တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရီးသွားပူဖောင်းအစီအစဉ် (သို့မဟုတ်) စစ်ဆေးမှုကင်းလွတ်သည့်ခရီးသွားစင်္ကြံ အစီအစဉ် သည် COVID-19 ကူးစက်မှုနှုန်းအခြေအနေတူညီသော နိုင်ငံ/ မြို့ နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုမိုသည့် နိုင်ငံ/ မြို့များအကြား Quarantine ကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာမှုခွင့်ပြု ဆောင်ရွက်မည့်အစီအစဉ် ဖြစ်ပါသည်။ ၎င်းသည်ခရီးသွားခြင်း၏ရည်ရွယ်ချက်ကိုကန့်သတ်မထားကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါ ကခရီးသွားအရေအတွက်ကျဆင်းမှုနှင့် ခရီးသွားကဏ္ဍထိခိုက်မှုများအားပြန်လည်နာလန်ထူရေးဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း မြေယာ၊ အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက (၃-၃-၂၀၂၁) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ထို့အပြင် အစိုးရအနေဖြင့် လေကြောင်းကဏ္ဍပြန်လည်တိုးတက်စေရေးအတွက် အခွန်လျှော့ ပေါ့ခြင်းနှင့် ပံ့ပိုးမှုအစီအစဉ်အမျိုးမျိုးတို့အပြင် လုပ်ငန်းလည်ပတ်မှုတိုးတက်စေရေးအတွက် “Flight to Nowhere” ဝေဟင်ရှုခင်းကြည့်လေကြောင်းခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲနိုင်ရေးစီစဉ်သွားမည် ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် COVID-19 အခြေအနေများအပေါ်အခြေခံ၍ လေကြောင်းခရီးသွားလာခွင့်ကို ကန့်သတ်မှုများကို လျှော့ချ၍ အခြား နိုင်ငံများနှင့်အတူခရီးသွားပူဖောင်းများ(Travel Bubbles)ကို ဖွဲ့စည်း ရန်တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအာဏာပိုင်များနှင့် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် များနှင့်ပူးပေါင်း၍ Coronavirusရောဂါကာကွယ်ဆေး ထိုးပြီးခြင်း(သို့မဟုတ်)Negative Test စစ်ဆေး ချက်ရရှိပြီးမှုကိုပြသ၍ ဒီဂျစ်တယ်ခရီးသွားလာခွင့်လက်မှတ် လွယ်ကူစွာဝယ်ယူရရှိနိုင်မည့် App-based Digital Travel Pass အစီအစဉ်ကိုလည်းမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Hong Nam-ki က ဆိုးလ်မြို့ရှိ စီးပွားရေးရေးရာ အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့မှုအရ သိရှိရပါသည်။
(ဝင်းပပသူ၊စီးပွားရေးသံမှူး)