ပြည်တွင်းရှိဆီထွက်သီးနှံများအနက် ပဲပုတ်စေ့ဈေးကွက်သည် ၂၀၂၁ ခုနှစ်၊ မတ်လ၏ ပထမနှစ် ပတ်တာကာလအတွင်း သတင်းကောင်းဖြင့် စတင်ခဲ့သည်။ ဘရာဇီးလ်နိုင်ငံအနေဖြင့် လက်ရှိကာလတွင် ပဲပုတ်တန်ချိန် ၅ဒသမ၁၃၆ သန်းတင်ပို့ထားပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လကာလတူနှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း တိုးတက်တင်ပို့ခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်ရေးအတွင်းရေးမှူးရုံး (Secretariat of Foreign Trade- Secex)က ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါတင်ပို့ခဲ့သည့် ပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းတင်ပို့ခဲ့သည့် ပဲပုတ်တန်ချိန် ၁၀.၈၅ သန်း၏ ထက်ဝက်နီးပါးရှိကြောင်း၊ ရိတ်သိမ်းမှုများတိုးတက်လာခဲ့ပြီးနောက် ပြည်ပတင်ပို့မှုများ ပုံမှန်အခြေအနေသို့ရောက်ရှိလာကြောင်း ကျွမ်းကျင်ပညာရှင်၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
မတ်လ ၁၅ ရက်နေ့တွင် ဘရာဇီးလ်ပြည်တွင်းဈေးကွက်တွင် ပဲပုတ်ဈေးနှုန်းများမြင့်တက် ခဲ့ကြောင်း၊ အထူးသဖြင့် ဈေးနှုန်းညွှန်းကိန်းသည် ၃ဒသမ၃၁ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ဘရာဇီးလ်လျား ပြည်ထောင်စုနယ်မြေတွင် ပဲပုတ်စေ့တစ်အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၅၆ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ဘရာဇီးလ်နိုင်ငံတောင်ပိုင်းရှိ Paraná ပြည်နယ် Ponta Grossa ဈေးကွက်တွင် ပဲပုတ်စေ့တစ်အိတ် လျင် ဟဲရာ ၁၆၈ အထိဈေးပေါက်ခဲ့ပြီး ၁ဒသမ၂၀ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာတန်ဖိုးသည် ၁.၄၄ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် ချီကာဂိုစတော့ဈေးကွက်တွင် ဆီထွက်သီးနှံဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နေကြောင်း၊ ထို့ကြောင့် ပဲပုတ်စိုက်တောင်သူများအနေဖြင့် စာချုပ်ဖြင့် ကြိုတင်ရောင်းချထားသော ပမာဏကိုသာ တင်ပို့လိုပြီး ရောင်းဝယ်မှုအသစ်ပြုလုပ်ရန် ဆန္ဒမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြည်တွင်းတွင်လည်း စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ချုပ်ဆိုထားသောစာချုပ်များအတိုင်း လိုက်နာတင်ပို့နိုင်ရေးအတွက် သီးနှံရိတ်သိမ်းမှုများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများအပေါ်တွင်လည်း စိုးရိမ်ပူပမ်မှုများရှိနေကြောင်း Safras & Mercado ကုမ္ပဏီ၏ ဈေးကွက်သုတေသနပညာရှင် Luiz Fernando Gutierrez က သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဆီထွက်သီးနှံများတွင် ရိတ်သိမ်းချိန်နောက်ကျခြင်းနှင့် ပြည်ပတင်ပို့မှုအတွက် သင်္ဘောတင် နောက်ကျခြင်းများ ဖြစ်ပေါ်လျက်ရှိသော်လည်း ဧပြီလတွင်တင်ပို့နှိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ပဲပုတ်ဈေးကွက်များ ပိုမိုရှာဖွေရန်လိုကြောင်း၊ မိမိတို့ကြိုတင်ရောင်းချထားသည့် ပို့ကုန်များအတွက် ဆက်လက်တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သုတေသနပညာရှင်၏ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့(သောကြာနေ့)စာရင်းများအရ ပဲပုတ်စေ့တန်ချိန် ၁၀ သန်းကျော် အား တင်ပို့ထားပြီးဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်ကာလတူတွင်တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၁၁ဒသမ၆ သန်းအောက် လျှော့နည်း လျက်ရှိကြောင်း၊ တင်ပို့ခဲ့သည့်ပမာဏအနက် ပဲပုတ်စေ့တန်ချိန် ၈ သန်းသည် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ချီကာဂိုစတော့အိတ်ချိန်းဈေးကွက်တွင် ဆီထွက်သီးနှံများ၏ဈေးနှုန်းများမှာ အတက်ဘက်သို့ ဦးတည်နေကြောင်း၊ ကုန်သွယ်မှုညွှန်းကိန်းများသည် ၀.၂၅ အမှတ်မှ ၇.၇၅ အမှတ်သို့ မြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလ အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများမှာ မေလအတွင်း ပဲပုတ်စေ့ တစ်စည်လျင် ၁၄ဒသမ၁၉ ဒေါ်လာနှင့် စက်တင်ဘာလတွင် ၁၂ဒသမ၈၉ ဒေါ်လာတို့ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ USDA (U.S. Department of Agriculture)က ဝယ်ယူခဲ့သည့်ပမာဏ အပေါ်မူတည်၍ ပဲပုတ်ဈေးနှုန်းများ ဖြစ်ပေါ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
တောင်အမေရိကတိုက်ရှိနိုင်ငံများအနေဖြင့် ဖြစ်ပေါ်နေသည့် ရာသီဥတုပြဿနာများအပေါ်တွင် သတိထားဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ၂၀၂၁-၂၀၂၂ သီးနှံစိုက်ပျိုးရာသီ အတွက် ဆီထွက်သီးနှံများစတင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေရသည့်အချိန်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထား သည်။
(ထွန်းအောင်ဇော်)
စီးပွားရေးသံမှူး
သတင်းရင်းမြစ် - Soybeans: Week begins with recovery of shipments in Brazil, but few new business, noticiasagricolas.com