မြန်မာနိုင်ငံအတွင်း ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံထားသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံထားသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များကို ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ပြည်ပသံရုံးမှ စီးပွားရေးသံမှူးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်းများ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲတွင် စက်မှုဇုန်များ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော တရုတ်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်တို့မှ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီကိုယ်စားလှယ်များက လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ်ပိုင်းဆိုင်ရာ၊ ဆိပ်ကမ်းဆိုင်ရာ၊ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် ပို့ကုန် သွင်းကုန်ဆိုင်ရာထောက်ခံချက် ကိစ္စရပ်များအပေါ် အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်ထိ ကုန်သေတ္တာစုစုပေါင်း ဆိပ်ကမ်းမှအထွက် ၁၉၅၉၄ လုံး၊ ဆိပ်ကမ်းအဝင် ၂၂၄၀၇ လုံး စုစုပေါင်း ၄၂၀၀၁ လုံးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်မှု အနေဖြင့် လည်း အိမ်နီးချင်း နိုင်ငံများနှင့် ညှိနှိုင်းဆက်သွယ်ပြီး ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုတွေ့ဆုံပွဲတွင် လတ်တလောအခက်အခဲများအနက်မှ ချက်ချင်းဆောင်ရွက်နိုင်သော အချက်များအား ပြန်လည် ရှင်းလင်းပေးသွား မည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းရမည့်အချက်များ ရှိပါကလည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ကုမ္ပဏီလုပ်ငန်းရှင်များက စက်ရုံအလုပ်သမားများ၏ လုပ်ခလစာငွေထုတ်ယူမှုအခက်အခဲ၊ CMP လုပ်ငန်းရှင်များ၏ ပြည်ပမှလုပ်ခလစာငွေ ဝင်/မဝင် ကိစ္စရပ်တို့နှင့်ပတ်သက်၍ ဗဟိုဘဏ် မှတာဝန်ရှိသူများနှင့် ပုဂ္ဂလိက်ဘဏ်များမှတာဝန်ရှိသူများက လည်းကောင်း၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ထောက်ခံချက်များ ကြန့်ကြာမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တို့နှင်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ်များကလည်ကောင်း၊ ဆိပ်ကမ်းကုန်သေတ္တာ အခက်အခဲဆိုင်ရာကိစ္စရပ်များအပေါ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူက လည်ကောင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင့်ကလည်းကောင်း ပြန်လည်ရှင်းလင်းကြပြီး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး ခဲ့သည်။
မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကုန်သေတ္တာအခက်အခဲ၊ ဘဏ်ပိုင်းဆိုင်ရာအခက်အခဲ၊ အင်တာနက်ဆိုင်ရာအခက်အခဲ၊ ဆိပ်ကမ်းကုန်သေတ္တာရက်လွန် ဒဏ်ကြေးကိစ္စရပ်များအပေါ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
(ကောမတ်စ်ဂျာနယ်)