Main menu

Background

စက်မှုဇုန်များရှိ လုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ လိုအပ်နေသည့် သတင်းအချက်အလက်များနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ

Mon, 04/05/2021 - 10:53 -- journal_editor

           စက်မှုဇုန်များရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ကုန်သည်အသင်းအဖွဲ့များလိုအပ်နေသည့် သတင်းအချက်အလက်များနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် စက်မှုဇုန်များရှိ လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့) ကို ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ပုဂ္ဂလိကဘဏ်များမှတာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ ပြည်ပသင်္ဘောလိုင်းများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

          တွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပင်လယ် ရေကြောင်းကုန်သွယ်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ လုပ်ခလစာကိစ္စ၊ ပို့ကုန် အအေးခန်းကုန်သေတ္တာစစ်ဆေးခြင်းဆိုင်ရာ အခက်အခဲများနှင့် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

     မွန်းလွဲပိုင်း ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်ပိုင်းဆိုင်ရာအခက်အခဲများ၊ သင်္ဘော လိုင်းဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အခက်အခဲ ဖြစ်ပေါ်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်းပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(ကောမတ်စ်ဂျာနယ်)