ဒေါ်လာငွေတန်ဖိုးများ မြင့်တက်လျက်ရှိနေသဖြင့် ဘရာဇီးလ်နိုင်ငံ၏ သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပဲပုတ်စေ့ဈေးနှုန်း တစ်အိတ်လျင်ဘရာဇီးလ်ဟဲရာ ၁၈၁ နှင့် ၁၈၂ အကြားတွင် ပေါက်ဈေးဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း ထားချိန်တွင် လက်ရှိကာလ၏ ပဲပုတ်စေ့တစ်အိတ်လျင် ဆိပ်ကမ်းအရောက်တန်ဖိုး ဘရာဇီးလ်ဟဲရာ ၁၇၅ နှင့် ၁၇၉ အကြားတွင် အတက်အကျဖြစ်ပေါ်လျက်ရှိကြောင်း Brandalizze ကုမ္ပဏီမှ ဈေးကွက်အကြံပေး Vlamir Brandalizze က သတင်းဌာနသို့ ပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပဲပုတ်စေ့ဈေးကွက်၌ ဈေးကောင်းများရရှိခဲ့သကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ်၏ ပဲပုတ်စေ့တင်ပို့မှုတွင်လည်း ဈေးကောင်းများရနိုင်မည့်အခြေအနေကောင်းများ ဖြစ်ပေါ် လျက်ရှိကြောင်း ဈေးကွက်အညွှန်းကိန်း များကိုကိုးကား၍ Brandalizze ကုမ္ပဏီ၏သတင်းဖော်ပြ ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းရှိ သီးနှံရောင်းဝယ်သူများအနေဖြင့် ဈေးနှုန်းအမြင့်ကိုမျှော်မှန်းမှုများရှိနေ သဖြင့် လတ်တလောသီးနှံရောင်းချမှုများအပေါ်တွင် ဖိအားအနည်းငယ်ဖြစ်ပေါ်လျက်ရှိနေပြီး ပဲပုတ်သီးနှံကြိုတင်ရောင်းဝယ်မှုများတွင် ဈေးကွက်အေးစက်လျက်ရှိသည်။ ထို့အပြင် သီးနှံဈေးကွက်တွင် အသစ်ထွက်ရှိလာမည့်ပဲပုတ်စေ့အား ရောင်းချမှုနည်းပါးလာသဖြင့် စိုက်ပျိုးထုတ်လုပ် သည့်တောင်သူများနှင့် ကုန်ပစ္စည်းအပြန်အလှန် ရောင်းဝယ်သည့်စနစ်များ လုပ်ဆောင်လျက် ရှိကြောင်း အကြံပေးကုမ္ပဏီက သတင်းဌာနသို့ ပြောကြားခဲ့သည်။
(ထွန်းအောင်ဇော်)
စီးပွားရေးသံမှူး
သတင်းရင်းမြစ် - noticiasagricolas.com.br