Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်းထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်သည့်အချက်များ

Tue, 04/06/2021 - 12:39 -- journal_editor

၂၀၁၉ ခုနှစ်၌ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ခဲ့သောကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသစ် ကမ္ဘာအနှံ့အပြားတွင် ကူးစက်ပြန့်ပွားနေမှုကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းတွင် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (supply chain)များ ပြတ်တောက်စေခဲ့ပါသည်။ အဆိုပါ supply chain များပြတ်တောက်မှုသည် ကုန်ထုတ်လုပ်မှုဆောင်ရွက်နေကြသည့် ဂျပန်ကုမ္ပဏီများအပေါ် များစွာအကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါသည်။ အထူးသဖြင့် Globalization အခန်းကဏ္ဍ အတွက် အရေးပါသည့်ကုန်ထုတ်လုပ်ငန်းများဖြစ်ကြသည့် မော်တော်ကားများ၊ အီလက်ထရောနစ်စက်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးဝါးအသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များစသည့် ကုန်ပစ္စည်းများထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့်အစိတ်အပိုင်းများကို ဖြည့်ဆည်းပံ့ပိုးပေးသူ (supplier) များသည်ကမ္ဘာအနှံ့တွင်တည်ရှိနေပါသည်။

          ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေမှုကြောင့် ပြည်တွင်းရှိစက်ရုံများလည်ပတ်မှုရပ်ဆိုင်းခြင်းနှင့်ရောဂါကူးစက်ပြန့်နှံ့ခြင်းတို့မှကာကွယ်ရန်အတွက် ကုန်းလမ်း၊ရေလမ်းနှင့်လေကြောင်းလမ်းများယာယီရပ်ဆိုင်းထားရခြင်းကြောင့် ကုန်ထုတ်လုပ်မှုများဆိုင်းငံ့ခဲ့ရသည့်အတွက် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များလည်းထိခိုက်ခဲ့ရပါသည်။

          ထိုအပြင် ဂျပန်ကုမ္ပဏီများကိုအဓိကပံ့ပိုးပေးနေသည့် တရုတ်နိုင်ငံနှင့် အာဆီယံဒေသတို့မှ (supplier)များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုဒဏ်ခံစားရပြီး လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားရသည့် အတွက် ဂျပန်ကုမ္ပဏီများစွာ၏ ကုန်ထုတ်လုပ်မှုများကိုတိုက်ရိုက်ထိခိုက်ခဲ့ရပါသည်။ အမျိုးမျိုးသောစက်မှုလုပ်ငန်းများသည် ဒေသခံဝန်ထမ်းများနှင့် ဖြန့်ဖြူးရေးလမ်းကြောင်းများပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ကုန်ပစ္စည်းပံ့ပိုးမှုအပိုင်းရပ်တန့်သွားသည်ကိုတွေ့ရပါသည်။

          ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေမှုကြောင့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (supply chain)များပြတ်တောက်ခြင်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ပစ္စည်းပံ့ပိုးမှု မလုံလောက်ခြင်းနှင့် ဝယ်လိုအားသိသိသာသာကျဆင်းခြင်းတို့ကိုဖြစ်ပေါ်စေခြင်း၊ စက်ရုံများ၏ လည်ပတ်မှုနှုန်းကျဆင်းခြင်းနှင့် ကူးသန်းရောင်းဝယ်မှုအခွင့်အလမ်းများ ဆုံးရှုံးခြင်းကဲ့သို့သော စီးပွားရေးပိုင်းအကျိုးသက်ရောက်မှု များကိုလည်းခံစားရပြီးဘဏ္ဍာရေးပိုင်းတွင်လည်းကြီးမားသောဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါသည်။

          မကြာသေးမီနှစ်များအတွင်းဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ရိုက်ခတ်ခဲ့သောအကျပ်အတည်းများမှာ ၂၀၀၈ ခုနှစ်အတွင်းကကြုံတွေ့ခဲ့ရသည့် Lehman shock နှင့် ၂၀၁၁ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရသည့် ဂျပန်အရှေ့ပိုင်း ဒေသမှ အကြီးမားဆုံးသောငလျင်ဘေးဒဏ်တို့ဖြစ်ကြပါသည်။စီးပွားရေးကိန်းဂဏန်းအရနှိုင်းယှဉ်သုံးသပ်ပါက Lehman shock နောက်ပိုင်း၏ ငွေကြေးအကျပ်အတည်း၏ အကျိုးသက်ရောက်မှုမှာနှစ်စဉ် GDPတိုးတက်မှုနှုန်း၏ ၁၇.၉% ကျဆင်းခဲ့သော်လည်းကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း၏ အကျိုးသက်ရောက်မှု ၂၀၂၀ ခုနှစ်၊ဧပြီလမှ ဇွန်လအထိ GDP တိုးတက်မှုနှုန်းသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၇.၈%ဖြစ်ပြီး၊ နှစ်စဉ် GDP တိုးတက်မှုနှုန်း တွက်ချက်မှုအရ ၂၉.၃% ကျဆင်းခဲ့ပါသည်။ ထို့ကြောင့် ကိုရိုနာအကျပ်တည်းကြောင့် GDP တိုးတက်မှုနှုန်းကျဆင်းမှုသည် Lehman shock အတွင်းမှ အကျပ်အတည်းနှင့် နှိုင်းယှဉ်လျှင် ၁၀ % ကျော် ကြီးမားသောဆုံးရှုံးမှုရှိခဲ့ကြောင်း တွေ့ရပါသည်။၎င်းနောက် ပြည်တွင်းကူးစက်မှုနှုန်းအနည်းငယ်ကျဆင်းသွားပြီး နွေရာသီမှ ဆောင်းဦးရာသီအထိ စီးပွားရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ထူထောင်နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုင်းရပ်စ်ကူးစက်မှုများ တဖန်မြင့်တက်လာမှုကြောင့် အရေးပေါ်အခြေအနေကို ထပ်မံကြေညာခဲ့ရပါသည်။

          ထိုအပြင် လက်ရှိကိုရိုနာကူးစက်မှုရောဂါကြောင့် ရင်ဆိုင်ရသည့် စီးပွားရေးအကျပ်အတည်းသည် ယခင်အကျပ်အတည်းများနှင့်မတူဘဲအဓိကကွဲပြားခြားနားမှုများမှာ (၁) အကျပ်အတည်းသည် ပထဝီအနေအထားအရ နိုင်ငံတစ်နိုင်ငံတည်းတွင် တွေ့ကြုံရသည့် အကျပ်အတည်းမျိုးမဟုတ်ဘဲကမ္ဘာတဝှမ်းလုံးတွင်ကူးစက်ပြန့်ပွားနေခြင်းမျိုးဖြစ်ခြင်း (၂) နေရာဒေသအနှံ့အပြားတွင် တစ်ပြိုင်နက်တည်းကူးစက်မှုများဖြစ်ပေါ်နေခြင်းနှင့် အရေးပေါ် အခြေအနေများထပ်တလဲလဲထုတ်ပြန်နေရခြင်းတို့ဖြစ်ကြပါသည်။ ထိုကြောင့် ခိုင်မာသောစီးပွားရေးလည်ပတ်မှုအသေးစိတ်အစီအစဉ်များထားရှိကြသည့်ကုမ္ပဏီများပင်လျှင် ကိုရိုနာအကျပ်အတည်း၏ သက်ရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် ပိုမိုတောင့်တင်းခိုင်မာပြီးရေရှည်တည်တံ့ခိုင်မြဲစေမည့် (Business Continuity Plan - BCP) ကဲ့သို့ ပြောင်းလွယ်ပြင်လွယ်ရှိမည့် စီးပွားရေးအစီအမံမျိုးရှိရန် လိုအပ်ပါသည်။

          ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံရှိ PwC Consulting LLC မှ ကိုရိုနာကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာပြောင်းလဲမှုများပါဝင်သည့်  "Corona After in Corona / With Corona Era"သုံးသပ်ချက်စာတမ်းကိုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစာတမ်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်ကာလအတွင်းစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုမှသက်သာစေရန် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (supply chain)တစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်၍  စီးပွားရေးဝန်းကျင်သစ်ကို ပြောင်းလဲပုံဖော်နိုင်ရန် အမျိုးမျိုးသော အစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းလည်ပတ်မှုများ တည်တံ့စေရန် အကြံပြုသုံးသပ်ထားခြင်း ဖြစ်ပါသည်။

          အဆိုပါသုံးသပ်ချက်စာတမ်းတွင်ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေသည့် ကာလအတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိခိုက်မှုမှ သက်သာလျော့ပါးစေရန် ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်ဆိုင်ရာ အောက်ဖော်ပြပါ အဓိက လိုအပ်ချက် (၅) ရပ်ကို သုံးသပ်ထားပါသည် -

(က)    တန်ဖိုးကွင်းဆက်ဆိုင်ရာဖြစ်နိုင်ချေများကိုစီမံခြင်း(Value chain scenario planning)။ဖြစ်နိုင်ချေရှိသောအခြေအနေအမျိုးမျိုးကိုစဉ်ဆက်မပြတ်ပုံဖော်ရန်နှင့် ပြင်ဆင်ရန် အဆိုပါအစီအမံများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်ရန်နှင့် သုံးသပ်ရန် အထုတ်ပြီးပြင်ဆင်ရန်၊ ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်တွင်ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်းများကိုကြိုတင်မှန်းဆကာ ပြန်လည်သုံးသပ်ရန်နှင့် အကောင်းဆုံးသော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်၏အခြေခံအဖြစ် ပုံဖော်ဆောင်ရွက်ရန်။

(ခ)     အပြောင်းအလဲအပေါ်ကြံ့ကြံ့ခိုင်နိုင်မှုရှိခြင်း(Resilience)။ အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အမျိုးမျိုးသော အခက်အခဲများကို အနည်းဆုံးသောထိခိုက်မှုဖြစ်စေရန် ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်တည်တံ့ဆောင်ရွက်နိုင်ရန်၊ အခြားဖြစ်ပေါ်လာနိုင်သည့်အကျပ်အတည်းများနှင့် အလုပ်လက်မဲ့အခြေအနေများမှ တုန့်ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်၊

(ဂ)     မြန်ဆန်စွာတုံ့ပြန်နိုင်မှု(Agility)         ။ကုန်ပစ္စည်းထောက်ပံ့ဖြည့်ဆည်းသူများပြောင်းလဲခြင်း (သို့မဟုတ်)ကုန်ထုတ်လုပ်ရာနေရာဒေသများပြောင်းလဲခြင်းစသည့်ကိစ္စများနှင့် ဒေသအလိုက် (သို့မဟုတ်) နိုင်ငံအလိုက် ကုန်ပစ္စည်း ဖြန့်ဖြူးရေး လမ်းကြောင်းများပြောင်းလဲဆောင်ရွက်ရန်ကိစ္စများတွင် စီးပွားရေးပြောင်းလဲမှုလိုအပ်ချက်အခြေအနေများနှင့် နောက်ဆုံးပေါ် သတင်းအချက်အလက်များကို အခြေခံ၍ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရန်၊

          (ဃ)    ဒစ်ဂျစ်တယ်နည်းပညာ (Digital) ။         ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုထိရောက်စေရန်အတွက် လူအချင်းချင်းထိတွေ့ဆက်ဆံရန်မလိုဘဲ လုပ်သားအင်အားချွေတာနိုင်သည့်  ဒစ်ဂျစ်တယ်နည်းပညာကို မြှင့်တင်အသုံးပြုရန်၊

          (င)     ခိုင်မာမှုရှိခြင်း(Solidity)။          ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါတုန့်ပြန်ရေးဆိုင်ရာ အထောက်အပံ့များကို ဟန်ချက်ညီညီဆောင်ရွက်နေစဉ်ပိုမိုကောင်းမွန်သည့် ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်အဖြစ်တည်တံ့ခိုင်မာစေရန်အတွက် ဆောင်ရွက်ချက်ရလဒ်ကောင်းများဖြစ်ပေါ်စေရေးနှင့် လုပ်ငန်းလည်ပတ်မှုများအဆင့်မြှင့်တင်ရေးနှင့် ကုန်ကျစရိတ်ကို လျှော့ချရေးတို့ကို ဆက်လက်ဆောင်ရွက်ရန်၊

            လက်ရှိမရေရာမသေချာမှုများ မြင့်မားနေသည့် စီးပွားရေးအခြေအနေတွင်ဂျပန်နိုင်ငံ သာမက ကမ္ဘာ့နိုင်ငံများအနေဖြင့်ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်(supply chain)ကို ပြန်လည်တည်ဆောက်ရာ၌  အထက်ဖော်ပြပါ “PwC New Normal Value Chain Framework” ကို အခြေခံ၍နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ်စိစစ်အကဲဖြတ်ကာ ဆောင်ရွက်သွားသင့်ပါကြောင်းဟု သုံးသပ်အကြံပြုထားသည့် ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။

ကိုးကား။Yoshihiko Hasegawa ၏ Nikkei Business Publications တွင် ရေးသားထားသည့် “Five new requirements for the supply chain under the corona”ဆောင်းပါး

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့