Main menu

Background

အရှိန်သွက်သွက်နဲ့ နယ်စပ်ကိုစီးနေတဲ့ အောင်လံနှမ်း

Tue, 10/26/2010 - 09:41 -- Anonymous (not verified)

 အရှိန်သွက်သွက်နဲ့ နယ်စပ်ကိုစီးနေတဲ့ အောင်လံနှမ်း        အောင်လံနှမ်းဈေးကွက်ဟာ ၂ဝ၁ဝ ခုနှစ်ထွက် နှမ်းမျိုးစုံရဲ့ တစ်ဝက် ကျော်ကျော်လောက်တင်ပို့ရောင်းချပြီးတဲ့ အချိန်ကို ရောက်ရှိနေပါပြီ။ အောင်လံ ဈေးကွက်အတွင်းက ပြည်ပပို့ကုန်သိပ္ပံနှမ်းနက်နဲ့ ရိုးရိုးနှမ်းနက်တို့ဟာ မန္တလေး ဝယ်လက်ကတစ်ဆင့် နယ်စပ်လမ်းကြောင်းအတိုင်း တရုတ်ပြည်ကို စဉ်ဆက်မပြတ် တင်ပို့နေတာ တွေ့ရပါ တယ်။ သြဂုတ်လတတိယပတ်အတွင်း စတင်ပေါ်ထွက်ခဲ့တဲ့ သိပ္ပံနှမ်းနက်ဟာ ၄၅ ပိဿာကို တစ်သိန်းကျပ်နဲ့ ရိုးရိုးနှမ်းနက်ကတော့ ၄၅ ပိဿာကို ၈ဝဝဝဝ ကျပ်ဈေးနဲ့ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ စတင်ပေါ်ထွက်တဲ့ အချိန် ကနေ ယနေ့အချိန်ထိ ထူးခြားတာကတော့ (တရုတ်လိုင်း) မန္တလေး ဝယ်လက်ရဲ့ ဝယ်ယူမှုဟာ နှမ်းဈေးကွက် ဖြစ်လို့ နေတာပါပဲ။ ယနေ့အချိန်ထိ ၃လအတွင်း ကုန်စည် စီးဆင်းမှု ကိုကြည့်ရင်လည်း သိပ္ပံနှမ်းနက်အနေနဲ့ မန္တလေးကို အိတ် ၁ သိန်းခွဲနဲ့ ရန်ကုန်ကို အိတ် ၇၅ဝဝဝ ခန့်တင်ပို့ပြီး၊ ရိုးရိုးနှမ်းနက်အနေနဲ့လည်း မန္တလေးကိုအိတ် ၈ဝဝဝဝ ခန့်နဲ့ ရန်ကုန်ကို အိတ် ၃၅ဝဝဝ ခန့်တင်ပို့ပြီးတဲ့အခြေအနေတွေ အရလည်း နှမ်းဈေးကွက်ကို နယ်စပ်လိုင်းက အားသာနေတာတွေ့ရပါတယ်။ နယ်စပ် ကုန်သွယ်မှု အားကောင်းနေမှုနဲ့အတူ ယခု အောက်တိုဘာတတိယပတ် အစမှာတော့ယခင်နှစ် နှစ်ဟောင်းနှမ်းများရဲ့ ၄၅ ပိဿာကို အမြင့်ဆုံးဈေးနှုန်းများဖြစ်ခဲ့တဲ့ သိပ္ပံနှမ်းနက် ၁၂၂ဝဝဝ ကျပ်၊ ရိုးရိုးနှမ်းနက် ၈၇ဝဝဝ ကျပ်တို့ကိုကျော်ဖြတ်ကာ သိပ္ပံနှမ်းနက်ဟာ ၁၂၅ဝဝဝ ကျပ်ဖြစ်လာပြီး၊ ရိုးရိုးနှမ်းနက်ကတော့ ကျပ် ၁ဝ၃ဝဝဝ ကျပ်နဲ့ ဝယ်လို အားကောင်းပြီး ဈေးမာနေတာတွေ့ရပါတယ်။ လက်ကျန်အနေနဲ့ မြို့ပေါ်မှာ သိပ္ပံနှမ်းနက် အိတ် ၃၅ဝဝဝ ခန့်နဲ့ ရိုးရိုးနှမ်းနက် အိတ် ၄ဝဝဝ ခန့်ကျန် ရှိနေပြီး၊ လက်ကျန် အနေနဲ့ သိပ္ပံနှမ်းနက်ကတော့ အိတ် ၆ဝဝဝဝ ဝန်းကျင်နဲ့ ရိုးရိုးနှမ်းနက်အိတ် ၁၅ဝဝဝ ခန့် ကျန်ရှိနေသေးကြောင်း ကုန်စည်ဒိုင် တာဝန်ရှိသူတို့ ထံမှ သိရပါတယ်။ တရုတ်လိုင်းအားကောင်းနေတာရယ်၊ ဝယ်ယူမှုအားနည်းပေမဲ့ ပုံမှန်အဝယ်ရှိနေတဲ့ ရန်ကုန် ဝယ်လက်တွေကြောင့် ကာလတိုအတွင်း ဈေးမြင့်လာ နိုင်သေးကြောင်း သုံးသပ်ကြပါတယ်။                                                                                                                                                                     ကျော်မျိုးမင်း