Main menu

Background

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)မှ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းအား (၃.၆) ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်း

Mon, 04/12/2021 - 11:21 -- journal_editor

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည်အာရှ၏စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သောတောင်ကိုရီးယားနိုင်ငံ၏၂၀၂၁ခုနှစ်အတွက်စီးပွားရေးတိုးတက်မှုအလားအလာကိုမူလခန့်မှန်းခဲ့သည့် (၃.၁) ရာခိုင်နှုန်းမှ (၃.၆) ရာခိုင်နှုန်းသို့သိသာစွာမြှင့်တင်ပြောင်းလဲတိုးမြှင့်၍ခန့်မှန်းခဲ့ပါသည်။IMF သည်၂၀၂၁ခုနှစ်၊ဇန်နဝါရီလတွင်ကျင်းပခဲ့သောတောင်ကိုရီးယားနိုင်ငံနှင့်နှစ်ပတ်လည်တိုင်ပင်ဆွေးနွေးမှု၏ရလဒ်နှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်ခဲ့သည်နှင့်အညီလိုအပ်သည့်အချက်အလက်များကိုပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။တောင်ကိုရီးယားနိုင်ငံသည်၂၀၂၁ခုနှစ်တွင်စီးပွားရေးပြန်လည်နာလန်ထူတိုးတက်စေရန်ထူထောင်နိုင်မည်ဟုIMF ကမျှော်မှန်းထားပြီး COVID ကာကွယ်ရေးနှင့်သက်ဆိုင်သည့်ဆေးပစ္စည်းများ၏ ပြင်ပဝယ်လိုအားပိုမိုအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)မှတောင်ကိုရီးယားနိုင်ငံ၏၂၀၂၁ခုနှစ်အတွက်စီးပွားရေးတိုးတက်မှုနှုန်းကို (၃.၃) ရာခိုင်နှုန်းဟုခန့်မှန်းထားပြီး၊တောင်ကိုရီးယားဗဟိုဘဏ် (BOK) မှ (၃) ရာခိုင်နှုန်းဟု ခန့်မှန်းထားသဖြင့်IMF ၏ခန့်မှန်းချက်သည်OECDနှင့်BOKတို့၏တိုးတက်မှုခန့်မှန်းချက်များထက်သာလွန်လျက်ရှိပါသည်။COVID-19 ကူးစက်ရောဂါ၏စီးပွားရေးကိုရိုက်ခတ်မှုကြောင့်တောင်ကိုရီးယားစီးပွားရေးသည်ယမန်နှစ်က (-၁) ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပြီး၊ယင်းသည်တောင်ကိုရီးယားနိုင်ငံအတွက်၁၉၉၇-၉၈ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းအနိမ့်ဆုံးကျဆင်းခဲ့မှုဖြစ်ကြောင်း၊ သို့ရာတွင်အခြားသောဖွံ့ဖြိုးပြီး နိုင်ငံများ၏စီးပွားရေးကျဆင်းမှုရာခိုင်နှုန်းများ လောက်မဆိုးရွားခဲ့ကြောင်း၊ယခု၂၀၂၁ခုနှစ်တွင်ချစ်ပ်များနှင့်မော်တော်ယာဉ်များ၏စျေးကွက်ခိုင်မာစွာတိုးတက်တင်ပို့နိုင်မှုကြောင့်တောင်ကိုရီးယားနိုင်ငံသည်စီးပွားရေးပြန်လည်နာလန်ထူတိုးတက်မည့်လမ်းကြောင်းပေါ်သို့ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ သို့ရာတွင်နိုင်ငံ၏ပြည်တွင်းဝယ်လိုအားနှင့်အလုပ်အကိုင်ဈေးကွက်မှာနှေးကွေးနေဆဲဖြစ်ပြီးဝန်ဆောင်မှုကဏ္ဍသည် ကူးစက်ရောဂါ၏ရိုက်ခတ်မှုဒဏ်ကိုအကြီးအကျယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

              စီးပွားရေးပြန်လည်တိုးတက်စေရေန်အတွက် ဘဏ္ဍာရေးမူဝါဒကျယ်ပြန့်နိုင်မှုနှင့် ဘဏ္ဍာရေး အခြေအနေများကိုထိန်းသိမ်းရန်၊ စီးပွားရေးကိုပိုမိုမြန်ဆန်စွာပုံမှန်ဖြစ်စေရန်၊ ဘဏ္ဍာရေးတည်ငြိမ်မှုကို ကာကွယ်ရန်နှင့် စိမ်းလန်းစိုပြေရေးနှင့်အားလုံးပါဝင်သော  ဖွံ့ဖြိုးမှုကိုမြှင့်တင်ရန်အထောက်အကူပြုသည့်မက်ခရိုစီးပွားရေးမူဝါဒများဆက်လက်လိုအပ်နေမှုတို့ကိုIMF ကအကြံပြုခဲ့ကြောင်း၊  IMF အုပ်ချုပ်ရေးဒါရိုက်တာအများစုက BOK၏ ငွေကြေး ဆိုင်ရာ မူဝါဒရပ်တည်ချက်ကိုကျယ်ကျယ်ပြန့်ပြန့်သင့်လျော်သည်ဟုရှုမြင်ကြကြောင်း၊ သို့ရာတွင် တောင်ကိုရီးယားအိမ်ထောင်စုများအကြွေးများပြားလာမှုနှင့်ပတ်သက်၍ IMF အနေဖြင့်စိုးရိမ်ပူပန်မှုများရှိကြောင်းကို ထုတ်ဖော်ပြော ကြားခဲ့ပြီးကြွေးမြီများလျင်မြန်စွာကြီးထွားလာပါက သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် Prudential မူဝါဒများအားထပ်မံတင်းကျပ်ရန်လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့သည်။

              စီးပွားရေးအကျပ်အတည်းများကာလကြာရှည်နေခြင်းကြောင့်BOK သည်၎င်း၏အဓိကအတိုးနှုန်းကို စံချိန်တင်လျှော့ချထားသည့်(၀.၅) ရာခိုင်နှုန်းတွင်ပင်ဆက်လက်ထားရှိကြောင်း၊ နှစ်စဉ်ငွေဖောင်းပွမှုနှုန်းကို (၂) ရာခိုင်နှုန်းအထိ ထိန်းသိမ်းရန်ရည်ရွယ်ထားကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ကို(၁.၃) ရာခိုင်နှုန်းခန့်ရှိမည်ဟုBOK ကခန့်မှန်းထားကြောင်းနှင့်တောင်ကိုရီးယား၏စားသုံးသူစျေးနှုန်းများ (Consumer Prices) သည်၂၀၂၁ခုနှစ်တွင်(၁.၂)ရာခိုင်နှုန်းသို့မြင့်တက်နိုင်သည်ဟု IMF ကခန့်မှန်းထားကြောင်းလေ့လာသိရှိရသည်။

              ကူးစက်ရောဂါဖြစ်ပွားမှုပေါ်မူတည်၍ စီးပွားရေးမရေရာမှုများသည်မြင့်မားနေဆဲဖြစ်သည်နှင့်အညီကူးစက်မှုနှုန်းအသစ်များနှင့် ပြည်တွင်း၌သာမကပြည်ပတွင်ကာကွယ်ဆေးထိုးနှေးကွေးမှုသည် စီးပွားရေးအတွက်အဓိက ကျသည့်ဘေးအန္တရာယ်များဖြစ်ကြပါသည်။ သို့ဖြစ်၍Coronavirusကူးစက်ရောဂါကိုထိန်းချုပ်နိုင်မှုနှင့်ပြင်ပဝယ်လိုအားဆက်လက်မြင့်တက်စေရေးတို့သည်စီးပွားရေးပြန်လည်နာလန်ထူတိုးတက်စေရေးအတွက် အဓိကပင်မ ဒေါက်တိုင်များပင် ဖြစ်သည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး