Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

Mon, 05/03/2021 - 11:45 -- journal_editor

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) စုပေါင်းခန်းမ၌ လည်းကောင်း၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌လည်းကောင်း ပြုလုပ် သည့်ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားများသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဤဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုထပ်မံ၍ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ရာ လုပ်‌ဖော်ကိုင်ဖက်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံပြီး အတူတကွ လက်တွဲလုပ်ကိုင်ရမည် ဖြစ်သည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ၅ နှစ်တာကာလအတွင်း အဆောက်အဦကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ ရှိလာသလို လုပ်ငန်းပိုင်းဆိုင်ရာတွင်လည်း များစွာတိုးတက်လာသည်ကို မြင်တွေ့ရသည့် အတွက် အားရကျေနပ်မိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်သွယ်မှုကဏ္ဍ သည်အရေးကြီးသည်ဖြစ်ရာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချမှတ်ထားသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်မီ အောင် စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နောင်လာ မည့်မျိုးဆက်သစ်များအား ပခုံးပြောင်းတာဝန်ပေးအပ်နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ခွင့်ပြုထားသည့်အတိုင်းအတာအတွင်းမှ အကောင်းဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ မျှော်မှန်းချက်တစ်ခုဖြစ်သည့် ရာထူး အဆင့်တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍  ဌာန၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်အောင်   ‌ဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်းနှင့်   လက်ရှိဖြစ်ပွားနေသည့်  

COVID-19   ရောဂါကူးစက်မှု မရှိစေရန်အတွက်  Coronavirus Disease 2019  (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍  ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရာတွင် စွမ်းစွမ်းတမံ လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ မိမိတို့အနေဖြင့် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊  ဝန်ကြီးဌာန၏ မူလတာဝန် များအပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကဲ့သို့ လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းထားသည့် ကော်မတီများတွင်လည်း တာဝန်ယူဆောင်ရွက်နေရ သည်ဖြစ်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ အခက်အခဲများစွာ ကြုံတွေ့နေရသော်လည်း တက်ညီလက်ညီ ဆောင်ရွက် နေကြသည့်အတွက် ကုန်သွယ်မှုများ လျင်မြန်စွာတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ကြီးဌာနတွင်ရှိသော ဝန်ထမ်းများ အနေဖြင့် တာဝန်ပေးအပ်လာပါက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားလုပ်ဆောင်စေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

           အဆိုပါ အခမ်းအနားများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

MOC(IR)