Main menu

Background

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 13:30 -- journal_editor

        ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့သည့် လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

                အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်အောင်က တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဦးဆောင်အဖွဲ့သည် နှစ်စဉ်အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပေးလျှက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုး ထုတ်လုပ်မည့် မိုးစပါးနှင့် နွေစပါးသီးနှံများအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန် ကြေညာနိုင်ရန် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး လာမည့်နှစ်စပါးထွက်ပေါ်မည့်ရာသီတွင် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအဖြစ် စပါးတင်း ၁၀၀ လျှင် ငါးသိန်း၊ ခြောက်သောင်းကျပ် သတ်မှတ်သင့်ကြောင်း  ထောက်ခံအဆိုပြုခဲ့ကြောင်း၊ ထပ်မံ၍ အဆိုပါ ဈေးနှုန်းအပေါ်တွင် ကုန်ဈေးနှုန်း၊ ဝန်ထမ်းလစာ၊ ပုဂ္ဂလိကနေ့စားလုပ်ခနှုန်းထားများနှင့် ချိန်ထိုးကြည့်ရန် လိုအပ်ချက်အရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

                ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဝင်များရဲ့ တင်ပြဆွေးနွေးချက်များအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားပေးခဲ့သည်။  

                အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်  သက်ဆိုင်ရာဌာနများမှ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)