ပြည်ပဈေးကွက်ဝယ်လိုအားရှိသောကြောင့် ရခိုင်ပြည်နယ် အတွင်း ကဏန်းပျော့မွေးမြူရေးကန်များ တိုးချဲ့ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံအနေဖြင့် ကဏန်းပျော့ကို ဂျပန်၊ထိုင်ဝမ် ၊ ဟောင်ကောင်၊စင်ကာပူ၊ မလေးရှားနှင့် အီးယူနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်ပြီး ဝယ်လိုအားကောင်းသည့်အတွက် မွေးမြူရေးကန်များ တိုးချဲ့ ဆောင်ရွက်လျက်ရှိသည့်အပြင် ကဏန်းအကောင်ငယ်များကိုပါ ဖမ်းဆီး ရောင်းချမှုမရှိအောင်ထိန်းသိမ်းဆောင်ရွက်နေကြောင်း ယင်းဌာနညွှန်ကြားရေးမှူးဦးသက်ဦးက ဧပြီ ၂၀ရက်တွင်ပြောသည်။“လက်ရှိမှာ ကဏန်းမွေးမြူရေးဧရိယာ တိုးချဲ့ဖို့အတွက် သံတွဲ ခရိုင်၊ တောင်ကုတ်မြို့နယ်မှာ ကန်ပြုပြင်မှုနဲ့ မြေယာအသုံးချမှုရဖို့ အတွက် အထက်ကိုတင်ပြထားတယ်။ ဒါ့အပြင် ပြည်နယ်အနေနဲ့ ကဏန်းဘေးမဲ့ဇုန် ဖော်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ရွေးချယ်ဖို့ ခရိုင်၊ မြို့နယ်တွေကို ညွှန်ကြား ထား တာရှိပါတယ်”ဟု ၎င်းက ပြောသည်။ရခိုင်ပြည်နယ်အနေဖြင့်ကဏန်းပျော့မွေးမြူခြင်းလုပ်ငန်းကို ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာနှစ်ဝန်းကျင်က စစ်တွေ၊တောင်ကုတ်၊ ကျောက် ဖြူမြို့နယ်တို့တွင် စတင်စမ်းသပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်ပ ပို့ကုန်ဈေးကွက် ခိုင်မာစွာရရှိထားသော ကဏန်းပျော့များအား အဆိုပါမြို့နယ်သုံးခုရှိ စက်ရုံများမှမွေးမြူထုတ်လုပ်လျက်ရှိရာလက်ရှိမွေးမြူ လျက်ရှိသော ၁၆၇ဧကကျော်မှ ဧက ၅၀ဝခန့်အထိ တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေ ကြောင်း သိရသည်။“ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ပုဏ္ဏားကျွန်းနဲ့ တောင်ကုတ် မြို့နယ်တွေမှာ ကဏန်းပျော့မွေးမြူရေးကန်တွေ ထပ်ပြီး တိုးချဲ့သွား ဖို့ရှိပါတယ်။ ကဏန်းမွေးမြူရေးဧရိယာ ဧက ၅၀ဝ ဆိုရင် ကန်ပေါင်း ၂၀အထိ တိုးလာမှာပါ။ အဲဒါဖော်ဆောင်ပြီးရင် ဒေသခံတွေ အလုပ် အကိုင်ပိုရပြီး နိုင်ငံတော်အတွက်လည်းအကျိုးရှိစေမှာပါ”ဟု ဦးသက် ဦးက ပြောသည်။ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကဏန်းပျော့ မွေးမြူ ရေးလုပ်ငန်းအား စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ၉၇ ဒသမ ၈၅ ဧရိယာတွင် နှစ်ကန်၊ ကျောက်ဖြူမြို့နယ်ရှိ ၃၇ ဒသမ ၇၅ ဧရိယာတွင် ငါးကန်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်ရှိ ၃၁ ဒသမ ၉၀ ဧက၌ ခြောက်ကန် စသည်ဖြင့် စုစုပေါင်း ၁၆၇ ဒသမ ၅၀ ဧကတွင်မွေးမြူရေး ကန် ၁၃ ကန်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ကဏန်းမှ ကဏန်းပျော့သို့ပြောင်းလဲခြင်းကို မွေးမြူရေးကန် များ၌အလုပ်သမားများဖြင့် စောင့်ကြည့်၍ ကဏန်းပျော့အဖြစ်အရေ ခွံလဲချိန်တွင် ထုတ်ယူပြီး အအေးခန်းစက်ရုံသို့ပို့ဆောင်ကာ သန့်ရှင်း စွာထုပ်ပိုးပြီးနောက် ပြည်ပဈေးကွက်သို့ အရှင်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ ကဏန်းမှ ကဏန်းပျော့အဖြစ်ပြောင်းလဲရာတွင် ကျန် ရှိခဲ့သော ကဏန်းအခွံနှင့် ခြေလက်များအား ယခင်က စွန့်ပစ်လေ့ ရှိသော်လည်း ယခုအခါ ထိုအခွံများအားကြိတ်၍ ငါး အစာနှင့် မြေ သြဇာအဖြစ် အဆင့်မြှင့်ပြုပြင်ထုတ်လုပ်သောကြောင့် ရေထွက်ကုန် ထုတ်လုပ်မှုတွင် တန်ဖိုးမြှင့်ထုတ်လုပ်မှုအဖြစ် အောင်မြင်လျက်ရှိကာ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးလျက်ရှိကြောင်း သိရသည်။ထိုကဏန်းပျော့ထုတ်လုပ်ခြင်းလုပ်ငန်းကို လက်ရှိတွင် ကုန် ကြမ်းမှကုန်ချောအဖြစ် တန်ချိန် ၆၀ဝကျော်အထိ တိုးတက် ထုတ်လုပ် လျက်ရှိပြီး ရေရှည်ကဏန်းထုတ်ယူနိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသခံများအနေဖြင့် သဘာဝရေထွက်ကုန်အရင်းအမြစ်များ ရေရှည်ထုတ်ယူနိုင်ရေး အတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်းသိရသည်။