Main menu

Background

ရွှေဘိုသနပ်ခါး ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

Fri, 05/20/2022 - 12:48 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကိုစီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ဈေးကွက်တွင်နာမည်ကျော်ကြားလျက်ရှိပြီးရွှေဘိုသနပ်ခါးသီချင်းသည်လည်း နာမည်ကျော်ကြားခဲ့သည်။ ၁၉-၂-၂၀၁၉ ရက် ၁၃၈၀ ပြည့် နှစ်၊တပို့တွဲလပြည့်နေ့တွင်  မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ရွှေဘိုသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြို့မိ၊ မြို့ဖများဖြင့်ညှိနှိုင်းကာ  စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည်။အဆိုပါ သနပ်ခါးပွဲတော်နေ့တွင်သမိုင်းဝင်  ရွှေတန်ဆာဘုရားအား သနပ်ခါးမီးပူဇော်ခြင်းနှင့် သနပ်ခါးယဉ်ကျေးမှုအသိပညာပေး   စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ကြသည်။စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တွင်ရွှေဘိုမြို့ရှိသမိုင်းဝင် ရွှေတန်ဆာဘုရား၏တောင်ဘက်စောင်းတန်းတွင်"မြန်မာသမိုင်းဝင်သနပ်ခါးမြို့တော်မွှေးကြိုင်လန်းဆန်းရွှေတန်ဆာသနပ်ခါးတန်း”ဟူ၍ ဆိုင်းဘုတ်ထောင်ထားပြီး ရွှေဘိုသနပ်ခါးကို အမှတ်တံဆိပ်အမျိုးမျိုးရိုက်နှိပ်ကာ တစ်စုတစ်ဝေးတည်းရောင်းချကြပါသည်။အဆိုပါဘုရား စောင်းတန်းတွင် နံနက်၇ နာရီမှ ညနေ ၇ နာရီအထိရောင်းချကြပြီး သနပ်ခါးဆိုင်ခန်းပေါင်း၄၇ခန်းရှိ၍ကိုဗစ် (၁၉)ကာလများရှိခဲ့သဖြင့် လက်ရှိတွင် ၃၆ ခန်းသာရောင်းချလျက်ရှိသည်။ သနပ်ခါးတန်းတွင် ရောင်းချသည့်သနပ်ခါးများကို မုံရွာခရိုင်အရာတော်မြို့နယ်မှအဓိကထား၍ဝယ်ယူရပြီး ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်ရှိတအုံကျေးရွာ၊အုန်းပေါက်ကျေးရွာ၊မောင်းတက်ကျေးရွာ၊ကိုးပင်ကျေးရွာ၊တမာကျေးရွာနှင့်ခင်ဦးမြို့နယ်ရှိ ရွာသာကျေးရွာ၊ကုန်းကြီးကျေးရွာ၊ရွာစဉ်ကျေးရွာ၊ရှားလွင်ကျေးရွာများအပြင် ကျောက်မြောင်းမြို့မှလည်းဝယ်ယူရရှိကြောင်းသိရှိရသည်။သနပ်ခါးများဝယ်ယူမည်ဆိုပါကပွဲစားများမှတစ်ဆင့်ချိတ်ဆက်ဝယ်ယူရကြောင်း၊ပွဲစားများကသနပ်ခါးရောင်းချမည့်ခြံများကိုစုံစမ်း၍အကြောင်းပြန်ပေးကြောင်း၊သနပ်ခါးအပွေးပေါ်မူတည်၍ခြံပြတ်ဈေးဖြင့်ဝယ်ယူရကြောင်း၊ဝယ်ယူပြီးသနပ် ခါးများကို ဝယ်ယူသူကသနပ်ခါးပင်တူးခနှင့် ကားဖြင့်သယ်ယူပို့ဆောင်ခများကုန်ကျခံရကြောင်း၊ယခင် က လုပ်သားခတစ်ဦးလျှင် စရိတ်ငြိမ်းကျပ်၇၀ဝ၀ဖြင့်ငှားရမ်းကြရသော်လည်း ယခုအချိန်တွင်တစ်ဦးလျှင်ကျပ်၁၀ဝ၀ဝဖြင့်ငှားရမ်းကြရကြောင်း၊ယခင်က သနပ်ခါးခြံပြတ်သိန်း၃၀ကျပ် ဖိုးဝယ်ယူပါက လုပ်သားခနှင့်ကားခအပါအဝင် ၃၂ သိန်းကျော်သာကုန်ကျသော်လည်း ယခုအချိန်တွင် ၃၅သိန်းကျော်ကုန်ကျကြောင်း၊အရာတော်မှရွှေဘိုအထိ သနပ်ခါးအပင်များ သယ်ယူမည်ဆိုပါက အပင်အကြီး/အသေးပေါ်မူတည်၍ ကားခတစ်ပင်လျှင်ကျပ် ၂၅၀ မှ ၃၅၀ ထိပေးရကြောင်း၊ဝယ်ယူရောက်ရှိလာသောသနပ်ခါးများကိုရေဆေးသန့်စင်ပြီး နေဖြင့်အခြောက်ခံ၍ဈေးကွက်အတွင်းရောင်းချကြကြောင်း၊ရေဆေးခမှာလည်း အပင်အကြီး/အသေးအပေါ်မူတည်၍တစ်ပင်လျှင်လုပ်သားခ ကျပ် ၃၀ဝ မှ ၃၅၀ ထိ ပေးရကြောင်း သိရှိရပါသည်။ ရွှေဘိုမြို့ရွှေတန်ဆာသနပ်ခါးတန်းတွင် စိန်မင်းမျိုးနှင့်နှစ်ရှည်မျိုးတို့ကို ရောင်းချကြပြီး စိန်မင်းမျိုးသည်ဈေးပိုရကြောင်း သိရှိရသည်။ရောင်းချရာတွင် သနပ်ခါးအပွေး ပေါ်မူတည်၍ တစ်တုံးလျှင်ကျပ် ၁၀ဝမှ ၃၅၀ဝထိ  ရောင်းချရကြောင်း၊အပင်ဖြတ်များကိုအချောင်းလိုက်ရောင်းချပါက တစ်ချောင်းလျှင် ကျပ် ၅၀ဝ၀ မှ ၂၅၀ဝ၀ထိရောင်းချရပြီး တစ်ချောင်းလျှင်၁၀ ဖြတ်ရရှိကြောင်း၊ဈေးကွက်အနေဖြင့်ရန်ကုန်ဘက်မှ အဝယ်ပုံမှန်ရှိပြီးမြို့ပေါ်နှင့်အနီးဝန်းကျင်မှလည်းအဝယ်ရှိပြီး အနယ်နယ်အရပ်ရပ်သို့ ခရီးသွားသူများကလည်း ရောင်းချရန်နှင့်အမှတ်တရလက်ဆောင်ပေးရန်အတွက်   ဝယ်ယူသည်များလည်းရှိကြောင်းသိရှိရသည်။သနပ်ခါးကိုကုန်ကြမ်းအနေဖြင့်ရောင်းချသည့်အပြင်အသင့်လိမ်းနိုင်သည့် စက် သွေးသနပ်ခါးခဲ၊လက်သွေးသနပ်ခါးခဲများအပြင် သနပ်ခါးအမြစ်မှုန့်၊သနပ်ခါးအပွေးမှုန့်များလည်း ရောင်းချကြပြီး တစ်စုတစ်ဝေးတည်းရောင်းချကြခြင်းဖြစ်သဖြင့်ဝယ်ယူသူများ စိတ်ကြိုက်ရွေးချယ်၍ ဝယ်ယူနိုင်သည့်အားသာချက်များလည်းရှိကြောင်း တွေ့ရှိရသည်။  ဆိုင်ခန်းများအတွက်ကျသင့်သည့်လျှပ်စစ်မီတာကြေးကိုရောင်းချသည့်ဆိုင်ခန်းများမှမျှ၍ကုန်ကျခံကြပြီးဆိုင်ခန်းခကိုရွှေတန်ဆာဘုရားရွှေချရန်အတွက်လစဉ်သတ်မှတ်နှုန်းထားအတိုင်းလှူဒါန်းကြရသဖြင့်ကုသိုလ်လည်းရ၍ဝမ်းလည်းဝသည့်လုပ်ငန်းတစ်ခုဖြစ် သည်။ရွှေဘိုသနပ်ခါးသည်အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်ပြီးသနပ်ခါးကို ချစ်ခြင်းသည်လည်းမြန်မာ့ယဉ်ကျေးမှုကိုချစ်ခြင်းဖြစ်၍  မြန်မာဆန်ဆန်သနပ်ခါးလေးဖြင့်  လှနိုင်ကြစေကြောင်းရေးသားလိုက်ရပါသည်။ 
နှင်းနှင်းခိုင်(ရွှေဘို)