ကမ္ဘာ့ဆန်ဖြန့်ဖြူးမှုကိုချက်ချင်းမြှင့်တင်ဖို့ လိုအပ် ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုတိုးတက်နေတာကို ကာကွယ်တားဆီးနိုင်အောင် စွမ်းဆောင်ရည်ပြည့်ဝမှုမရှိတဲ့ လယ်ယာစိုက်ပျိုးရေး နည်းစနစ်တွေပြောင်းလဲပစ်ဖို့နဲ့ ကမ္ဘာ့ဆန်ထုတ်လုပ်မှုကိုတိုးမြှင့်ဖို့အတွက်ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ နိုဝင်ဘာ ၉ ရက်က ဟနွိုင်းမှာကျင်းပတဲ့ ကမ္ဘာ့ဆန်ကွန်ဂရက်မှာ ကျွမ်းကျင်သူပါရဂူတွေက ပြောပါတယ်။ ဆန်က လူသုံးဘီလီယံရဲ့နေ့စဉ်စားသုံးတဲ့ အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးရှိပါတယ်။ဆန်စိုက်ပျိုး ထုတ်လုပ်ရာ ဒေသတွေဟာ အလွန့်အလွန်ဆင်းရဲနွမ်းပါးပြီး တစ်နေ့ကို ၁ ဒသမ ၂၅ ဒေါ်လာ အောက်ဝင်ငွေနိမ့်ကျနေတဲ့ပြည်သူသန်း ၅၆ဝ နေထိုင်ရာ ဒေသတွေဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့လမ်းကြောင်းကို ပြုပြင်မှုမရှိဘူးဆိုရင် ကာလလတ်အတွင်းမှာ ဆန် ဝယ်လိုအားက ဆန်ထုတ်လုပ်မှုကို ကျော်လွန်သွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနအသင်းမှရောဘတ်ဇိုက်ကလာက ပြောပါတယ်။ ပြုပြင်ရမှာတွေကထုတ်လုပ်မှုကြီးထွားနှုန်းနှေးကွေးတာတွေပါဝင်သလို သဘာဝသယံဇာတတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မှု မရှိတာတွေပါဝင်တယ်လို့သူကပြောပါတယ်။ ဗီယက်နမ်က ထိုင်းနိုင်ငံပြီးရင် ကမ္ဘာမှာဆန်စပါး အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံရဲ့အစားအစာထုတ်လုပ်မှုမှာ စိန်ခေါ်မှုအများအပြားနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်းက ပြောကြားပါတယ်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုတိုးတက်ဖို့အတွက် ဆန်စပါးသိုလှောင်မှုအများကြီးတိုးတက်အောင်နဲ့ စီမံခန့်ခွဲမှုပိုမို ကောင်းမွန် အောင်ဆောင်ရွက်ဖို့ အာရှနိုင်ငံတွေက ဆောင်ရွက်ဖို့လိုတယ်လို့ အိုင်အာရ်အိုင်ရဲ့အစီ ရင်ခံစာထွက်ပေါ်ပြီး နောက်ပိုင်းမှာ ဒီသုံးရက်ကြာအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။အာရှဒေသဟာ ဆန်စပါးစိုက်ပျိုးတဲ့ လုပ်ကွက်မြေသန်း ၂ဝဝ ရှိပြီးကမ္ဘာ့ဆန် အထွက်ရဲ့ ၉ဝ ရာခိုင်နှုန်းကို စိုက်ပိုျးရာဒေသဖြစ်ပါတယ်။ ဒီ အစည်းအဝေးက လေးနှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပြီး အစည်းအဝေးကို သုတေသီများ၊ကုန်သည်များ၊လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးများနဲ့အာရှနဲ့အခြားဒေသတွေက ကိုယ်စားလှယ် ၁ဝဝ ကျော် တက်ရောက်တဲ့အတွက် ဆန်စပါးလုပ်ငန်းမှာ အကြီးမားဆုံး အစည်းအဝေးတစ်ခုဖြစ်ပါတယ်။ Source :AFP,ဉာဏ်တင်
Background