Main menu

Background

ဒေသထွက်ကုန်သီးနှံများ  

Fri, 03/31/2023 - 13:31 -- journal_editor

  မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသော သီးနှံများကို စုစည်းဖော်ပြပေးလိုက်သည်။
ပဲတီစိမ်း
ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(ဆောင်း)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် ၃၆၂၀ ဧကနှင့် မြစ်သား မြို့နယ်တွင် ၁၁၇၉ ဧက၊ စုစုပေါင်း ၄၇၉၉ ဧက စိုက်ပျိုးနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။  ပဲတီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုး၊ ရေဆင်း၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကျပြီး တစ်ဧကလျှင် မျိုးစေ့ ၅-၆ ပြည် ခန့်ကုန်ကျကြောင်း၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တစ် ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ဝန်းကျင် ကုန်ကျကြောင်း သိရှိရသည်။ 
ပဲတီစိမ်း(ဆောင်း)ကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများအားလုံးနီးပါး  ရိတ်သိမ်းပြီးဖြစ်သည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ကျောက်ဆည်ပွဲရုံများ၌ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၅၂၀ဝ၀ ဈေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ် ၂၂၀ဝ၀ဝ ဝန်းကျင်ခန့်ရရှိကြောင်းသိရှိရသည်။
နှမ်း
ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွက် ကျောက်ဆည်ခရိုင်တွင် နွေနှမ်းလျာထား စိုက်ဧက  ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားချက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရသည်။ ယခုမတ်လဆန်းမှစ၍ ဆည်ရေသောက် လယ်မြေဧကများတွင် နှမ်းကြဲရေများ လွှတ်ပေးသဖြင့် နွေနှမ်းများကို တောင်သူများ စတင်စိုက်ပျိုးလျက်ရှိသည်။ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း ကျပ် ၂၆၀ဝ၀ဝ ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရသည်။ စိုက်ပျိုးသော နှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊  နှမ်းညို၊ နှမ်းနက်မျိုး များကို အများဆုံးစိုက်ပျိုးကြသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခု လက်ရှိပေါက်ဈေးမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၈၀ဝ၀၊ နှမ်းနက် ရိုးရိုးတစ်တင်းလျှင် ကျပ် ၈၁၀ဝ၀၊  နှမ်းနက်စမုံတစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၈၁၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ နှမ်းဆီတစ်ပိသာလျှင် ကျပ် ၁၂၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိသည်။ နှမ်းဈေးနှုန်းများ ကောင်းမွန် သော ကြောင့် နှမ်းစိုက်ပျိုးသော  တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။
ကြက်သွန်နီ
မိတ္ထီလာဈေးကွက်တွင် ယခုမတ်လ ဒုတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်း မြင့်တက်လာသကဲ့သို့  နယ်ဝေးတင်ပို့မှုတွင်လည်း နယ်မြေကျယ်ပြန့်လာကြောင်း သိရသည်။ ယခင်က ရန်ကုန်၊ ပဲခူးသို့ ပုံမှန်တင်ပို့နေပြီး မော်လမြိုင်၊    မြဝတီတို့မှာ ဈေးကွက်အဝယ်ရှိမှသာ တင်ပို့ကြောင်း၊ ယခုအခါ တာချီလိတ်နယ်မှ အဝယ်လိုက်လာကြောင်း သိရသည်။
မတ်လ ဒုတိယပတ်အတွင်း   မိတ္ထီလာမှ ရန်ကုန်သို့ ကုန်ချိန် တန်  ၅၀ ခန့်၊ ပဲခူးသို့ တန် ၂၀ ခန့်၊ မော်လမြိုင်သို့ ၁၄ တန်ခန့်နှင့် ယခုတစ်ပတ်မှစ၍   တာချီလိတ်သို့ ကုန်ချိန် တန် ၅၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
နယ်လက်အဝယ်လိုက်သဖြင့် ကြက်သွန်နီဈေးမှာ လက်ကား ဈေးတစ်ပိဿာလျှင် ယခင်အပတ် ကျပ် ၉၀ဝ မှ ၉၂၅ ရှိခဲ့ပြီး  ယခု တစ်ပတ် ကျပ် ၁၀ဝ၀ မှ ၁၁၀ဝ သို့ ဈေးမြင့်လာကြောင်း သိရသည်။
မန်ကျည်း
မန်ကျည်းပင်သည်   အပူပိုင်းဆန်သော   အညာဒေသတွင် အများအားဖြင့် အလေ့ကျပေါက်သော နှစ်ရှည်ပင်တစ်မျိုးဖြစ်သည်။ မန္တလေးတိုင်းဒသကြီး   မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် များရှိ ကျေးရွာများတွင် အလေ့ကျပေါက်လျက်ရှိသည်။  မန်ကျည်းပင်သည် ငါးနှစ်သားအရွယ်မှစသီးပြီး နိုဝင်ဘာလတွင် အသီးကင်း စတင်ပြီး ဖေဖော်ဝါရီလတွင် မန်ကျည်းမှည့်ပေါ်သည်။ 
မန်ကျည်းမှည့်သည်   ဘက်စုံအသုံးဝင်၍ ဈေးကွက်ရှိသဖြင့် ကုန်သည်ပွဲစားများမှ   အပင်ပြတ်  ကြိုတင်ဝယ်ယူခြင်း၊   အစေ့ပါ (သို့မဟုတ်) အစေ့မပါ ဈေးနှုန်းများဖြင့်  မိတ္ထီလာ၊ မလှိုင် ကုန်သည် များမှ ဝယ်ယူကြပြီး ပဲခူး၊ ရန်ကုန်မြို့များသို့ တင်ပို့ကြသည်။ ယခု မတ်လတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော မန်ကျည်းမှည့်ဈေး နှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ နှင့် အစေ့မပါ  တစ် ပိဿာလျှင် ကျပ် ၄၀ဝ၀ ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်လ နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။
ခရမ်းချဉ်သီး
ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့်   သီးနှံများကို အဓိကထား စိုက်ပျိုးလျက် ရှိရာ ယခုအခါ ကုန်စိမ်းသီးနှံဖြစ်သောခရမ်းချဉ်သီးကိုလည်း တစ်နိုင် တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။ ခရမ်းချဉ်သီး စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို မြေသားဘောင် ပြုလုပ်၍ ပျိုးထောင်ပြီး တစ်လကျော် တစ်လခွဲသားအချိန်တွင် စိုက်ပျိုးနိုင်ပြီး စတင်စိုက်ပျိုးသည်မှ နှစ်လကျော်အချိန်တွင် အသီးများ  စတင်ခူး ဆွတ်နိုင်၍ ၄-၅ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာချိန် ၃၀-၄၀ ဝန်းကျင်ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုလာကာ အများဆုံးထွက်ရှိသော အချိန်တွင် ပိဿာချိန် ၂၅၀-၃၀ဝ ဝန်းကျင် ထွက်ရှိကြောင်း သိရှိရသည်။ ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊ မြေပြင်ခြင်း၊ ရေတင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၈၀ဝ၀ဝ၀-၉၀ဝ၀ဝ၀ ခန့်ကုန်ကျကြောင်း၊ စတင်ခူး ဆွတ်သည်မှ သုံးလကျော်အထိ ခူးဆွတ်နိုင်ကြောင်း၊ ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို လက်လီရောင်းချမှုရှိသလို အထွက်နှုန်းများပြား လာပါက ကုန်စိမ်းဒိုင်များသို့  သွားရောက်ရောင်းချကြောင်း သိရသည်။ ယခုအချိန်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ-၁၃၀ဝ အထိ ရောင်းချရသောကြောင့် ဈေးကောင်းရရှိနေပြီး ရာသီသိမ်းသည်အထိ တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ် ၁၀-၁၃ သိန်းဝန်းကျင်ရရှိသောကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူများ ပျော်ရွှင်ဝမ်းသာလျက်ရှိပြီး တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။
ဝါသီးနှံ
ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးလေ့ရှိသည်။ မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုး၍ မိုးနှောင်းရာသီတွင် ဇူလိုင်လမှ သြဂုတ်လလယ် အတွင်း စိုက်ပျိုးလေ့ရှိကြသည်။ အပင်သန်မာ ဖြစ်ထွန်းရန်နှင့် ဝါအထွက်နှုန်း ကောင်းစေရန်အတွက် ထယ်ရေးနက်နက်နှင့် ထွန်ရေး ညက်ညက်ကောင်းအောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။
ဝါစိုက်ပျိုးထားရှိမှုအနေဖြင့် မြင်းခြံခရိုင်ချုပ်တွင် ယခင်နှစ် (၂၀၂၁-၂၀၂၂)မှာ ဝါစိုက်ဧက ပေါင်း ၁၇၈၈၃ ဧက စိုက်ပျိုးခဲ့ပြီး ရာသီဥတုကောင်းမွန်သဖြင့် စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၃၃၂ ဒသမ ၈၇ ပိဿာ ဖြင့်ပိဿာပေါင်း ၅၉၅၂၆၉၂ ပိဿာထွက်ရှိခဲ့သည်။ ယခုနှစ် ၂၀၂၂- ၂၀၂၃ တွင် ဝါစိုက်ဧကမှာ ၂၀၄၉၂ ဧကတွင် ဧကအားလုံး ရိတ် သိမ်းခဲ့ပြီး အထွက်နှုန်းမှာ ၃၅၈ ဒသမ ၇ ပိဿာနှုန်းဖြင့်  အထွက် ပိဿာပေါင်း ၇၃၅၀၇၃၀ ပိဿာခန့် ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရသိရှိရသည်။
မြို့နယ်များအနေဖြင့် ဝါစိုက်ပျိုးထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက ၈၇၇၃ ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၈၄၈ ဒသမ ၅၀ ပိဿာဖြင့် အထွက်ပိဿာ ပေါင်း ၃၉၃၄၇၉၀ ပိဿာ၊ တောင်သာ မြို့နယ်တွင်  စိုက်ဧက ၅၀၇၄ ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းမှာ ၂၆၃ ဒသမ ၈၂ ပိဿာဖြင့် ပိဿာပေါင်း ၁၃၃၈၆၁၁ ပိဿာ၊  နွားထိုးကြီး မြို့နယ်တွင် စိုက်ဧက ၆၆၄၅ ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီးအထွက်နှုန်းမှာ ၃၁၂ ဒသမ ၆၂ ပိဿာဖြင့် ပိဿာပေါင်း  ၂၀၇၇၃၉၂ ပိဿာထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ မြင်းခြံခရိုင်အနေဖြင့် ဝါစိုက် ပျိုးမှုတွင် ယခုနှစ်မှာ ယခင်နှစ်ထက် စိုက်ဧက ၂၆၀၉ ဧက ပိုမိုစိုက် ပျိုးနိုင်ခဲ့ပြီး  အထွက်ပိဿာချိန်မှာလည်း ၁၃၉၈၀၃၈ ပိဿာ ပိုမို ထွက်ရှိခဲ့သည်။
မြင်းခြံခရိုင်အတွင်း ချည်မျှင်ရှည်ဝါအမျိုးအစားကို အများဆုံး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ကြပြီး   ယခင်နှစ် ဝါတစ်ပိဿာလျှင် ကျပ် ၁၅၂၅ မှ ၁၆၅၀ ဝန်းကျင်များဖြင့်   ရောင်းဝယ်ခဲ့ကြောင်း သိရှိ ရသည်။ ယခုနှစ်   ဝါတစ်ပိဿာလျှင် ကျပ် ၂၇၀ဝ မှ ၃၀ဝ၀ ဝန်းကျင် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို မန္တလေး၊ မြစ်သား၊ မလှိုင် စသည့်မြို့များသို့ တင်ပို့ ရောင်းချကြပြီး  မြင်းခြံခရိုင်အတွင်းမှာလည်း လက်ရက်ကန်းလုပ်ငန်းများမှ  ဝယ်ယူ၍ချည်ထည်များ  ထုတ်လုပ်ရန်အတွက် ဝယ်ယူကြ ကြောင်း ဝါကုန်သည်တစ်ဦး၏ ပြောကြားမှုအရ သိရှိရသည်။  
မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင်  ဝါစိုက်ဧက ၃၂၈၆၇၄၊ ရိတ်သိမ်းဧက  ၃၁၈၆၇၃ အထွက် ၁၂၄၀၈၄၇ ပိဿာ ထွက်ရှိကြောင်း၊ လက်ရှိ မတ်လအတွင်း ဖြစ်ပေါ်နေသော ဝါဈေး နှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ဝါဂွမ်းဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၇၃၀ဝ ဈေးရှိပြီး ယခင် ဖေဖော်ဝါရီလအတွင်း ဝါဈေးနှုန်း မှာ တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ၊ ဝါဂွမ်းတစ်ပိဿာလျှင် ကျပ် ၇၃၀ဝ ဈေးရှိသည်။ ယခင်လနှင့်နှိုင်းယှဉ်လျှင် ဝါတစ်ပိဿာလျှင် ကျပ် ၃၀ဝ ခန့် ဈေးအနည်းငယ် ကျဆင်းပြီး ဝါဂွမ်းဈေးနှုန်း တည်ငြိမ်လျက်ရှိ သည်။လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း မိုးကြိုဝါ စိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းမွန်သည့် အာမို B-31 စပ်မျိုးဝါများကို မိတ္ထီလာခရိုင်တွင် စိုက်ဧက ၈၀ဝ  စိုက်ပျိုးမည်ဖြစ်ရာ လိုအပ်သည့် မျိုးစေ့များကို အခမဲ့ပေးအပ်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မြို့ရီ၊ စိုးမင်းထွန်း၊ သူဇာမိုး၊
နှင်းလဲ့လဲ့၊ မော်မော်အောင်၊ သင်းသင်းမြတ်