နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်အဖြစ် တည်ဆောက်ရာတွင် ခိုင်မာတောင့်တင်းသော မူပိုင်ခွင့် စနစ် တည်ရှိနေခြင်းသည် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးမှာ များစွာအထောက်အကူပြု မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်လူနေမှုအဆင့်အတန်း မြင့်မားမှုသည်လည်း ကဏ္ဍအလိုက် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ နိုင်ငံတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှု များပြားလာမှုစသည့်အချက်များအပေါ်တွင် မူတည်လျက်ရှိသည်။
၎င်းကဏ္ဍများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးမြင့်မားလာစေရန် အတွက် မူပိုင်ခွင့်သည် မရှိမဖြစ် လိုအပ်သည့် အချက်တစ်ခုအဖြစ် ပါဝင်သည်။ အထူးသဖြင့် တစ်ကမ္ဘာလုံး ပေါင်းစည်းဖြစ်ပေါ်မှုဖြစ်စဉ် Globalization လျင်မြန်စွာဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံခြား ကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များတွင် မူပိုင်ခွင့်ကိစ္စများသည် ပိုမိုကျယ်ပြန့် လာခဲ့ပြီး အထူးအရေးပါလာသည့်အတွက် မြန်မာနိုင်ငံတွင် မူပိုင်ခွင့် စနစ်တစ်ခု ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ Trademark Law)၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေIndustrial Design Law)၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ(Copyright Law)နှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ(Patent Law)တို့ကို အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ World Trade Organization -WTO) သို့ မူလအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၃ရက်တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation - ASEAN)၏ အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ ၂၀ဝ၁ ခုနှစ် မေ ၁၅ရက်တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ World Intellectual Property Organization – WIPO))၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း ဝင်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်WTO ၏ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် Trade Related Aspect of Intellectual Property Rights –TRIPS Agreement) နှင့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား တည် ဆောက်မည့် အရှေ့တောင်အာရှ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု သဘောတူညီချက် (ASEAN Framework Agreement on Intellectual Property Co-operation)) မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
အတည်ပြုပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေများအရ တာဝန်ခံ ဝန်ကြီးဌာနအဖြစ် “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန”ကို တာဝန်ပေးအပ်ခဲ့သည့်အတွက် ဥပဒေများ အာဏာတည် ရေးနှင့် အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်ကြော်ငြာစာအမှတ် (၂၁၇ / ၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင်လည်း ကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏အမိန့်ကြော်ငြာစာအမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း အာဏာ တည်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင် အာဏာသက်ဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စာပေနှင့်အနု ပညာမူပိုင်ခွင့်များကို ဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်မည် ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ စာမျက်နှာမှာ မူပိုင်ခွင့်စနစ်သစ်တစ်ရပ် စတင်တည်ထောင်နိုင်ပြီဆိုရ မည်ဖြစ်သည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုသည်မှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ(၂၀၁၉)တွင် အခန်း (၂၄) ခန်း၊ ပုဒ်မ (၁၀၆) ခုဖြင့် အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းနှင့် လျှောက်ထား ခြင်းတို့အတွက် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သည်။ အကာ အကွယ်ရယူနိုင်သည့် အမှတ်တံဆိပ်အမျိုးအစားများကိုလည်း ပြဋ္ဌာန်းထားသကဲ့သို့ ဒေသဆိုင်ရာ အညွှန်းGeographical Indi-cations-GIs) မှတ်ပုံတင်ခြင်းအတွက်လည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို ဥပဒေနှင့် အညီ အကာအကွယ်ရရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်ပါမည်။ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏မှတ်ပုံတင်သက်တမ်းသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက် တင်သွင်းသည့်နေ့မှစ၍ ၁၀ နှစ်ဖြစ်ပါသည်။ အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ၁၀ နှစ်လျှင် တစ်ကြိမ်စီဖြင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ သက်တမ်း တိုး ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အမှတ်တံဆိပ်မူပိုင်ခွင့် ထိပါးချိုး ဖောက်ခြင်းများကိုလည်း ပြစ်မှုကြောင်းနှင့် တရားမကြောင်းတို့အရ အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင် ခွင့်ဥပဒေနှင့်အညီ အမှတ်တံဆိပ်မူပိုင်ခွင့် အကာအကွယ်ပေးနိုင်ခြင်း ဖြင့် မျှတသောဈေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင် းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုသည်မှာ
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ(၂၀၁၉)တွင် အခန်း (၂၄) ခန်း၊ ပုဒ်မ(၈၇)ခုဖြင့် စက်မှုဒီဇိုင်းများကို လျှောက်ထားခြင်း၊ စစ်ဆေးခြင်း နှင့် မှတ်ပုံတင်ခြင်းတို့အတွက် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင် သည်။ စက်မှုဒီဇိုင်းဆိုသည်မှာ မျဉ်းကြောင်းများ၊ ကောက်ကြောင်း များ၊ အရောင်အသွေးများ၊ ပုံသဏ္ဌာန်၊ မျက်နှာပြင်အနေအထား၊ အထည်အလိပ်အသား၊ ထုတ်ကုန်ပစ္စည်းတို့၏သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏အလှအပအဆင်တန်ဆာ သို့မဟုတ် ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပ အဆင်တန်ဆာတို့မှ ပေါ်ထွက် လာသော စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတို့၏ အပြင်ပန်းပုံသဏ္ဌာန်ကို ဆိုလိုခြင်းဖြစ် ပါသည်။ စက်မှုဒီဇိုင်းတစ်ရပ်ရပ်သည် အသစ်ဖြစ်သည့်အပြင် တုပမှု ကင်းစွာ ဖန်တီးထားခြင်းဖြစ်ရမည်။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ကို ဥပဒေ နှင့်အညီ အကာအကွယ်ရရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာနတွင် မဖြစ် မနေ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း၏ မှတ်ပုံတင်သက်တမ်း သည် လျှောက်ထားချက်တင်သွင်းသည့် နေ့မှစ၍ ၅နှစ်ဖြစ်သည်။ သက်တမ်းကို တစ်ကြိမ်လျှင် ၅နှစ်စီဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုး နိုင်ပြီး စုစုပေါင်း ၁၅ နှစ် သက်တမ်း အကာအကွယ်ရရှိမှာ ဖြစ်သည်။ စက်မှုဒီဇိုင်း မူပိုင်ခွင့်ချိုးဖောက်မှုများအား တရားမကြောင်းဖြင့် တရားစွဲဆိုနိုင်မည်ဖြစ်သည်။ စက်မှုဒီဇိုင်းဖန်တီးမှုများကို အကာ အကွယ်ပေးခြင်းဖြင့် စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်လည်း ဖြစ်သည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုသည်မှာ
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) တွင် အခန်း (၂၄) ခန်း၊ ပုဒ်မ (၁၀၂) ခုဖြင့် စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ် သည့်အခွင့်အရေးများနှင့် စပ်လျဉ်း၍ မူလလက်ရာရှင်နှင့် ဖန်တီး သူများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ မူပိုင်ခွင့်အမျိုးအစားများအနက် စာပေနှင့်အနုပညာ မူပိုင်ခွင့်သည် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်သည်ဖြစ်စေ၊ မတင် သည်ဖြစ်စေ အကာအကွယ်ရရှိနိုင်သော မူပိုင်ခွင့်အမျိုးအစားတစ်ခု ဖြစ်ပါသည်။စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စာပေသို့မဟုတ် အနုပညာလက်ရာများအား စီးပွားရေးဆိုင်ရာ အခွင့်အရေးအတွက် အကာ အကွယ်ပေးမှုသက်တမ်းမှာ ယေဘုယျအားဖြင့် မူလလက် ရာရှင် သက်ရှိထင်ရှားရှိစဉ် ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀ အထိ ဖြစ်ပါသည်။ ပူးတွဲလက်ရာဖြစ်ပါက နောက်ဆုံး မူလ လက်ရာရှင် သက်ရှိထင်ရှားရှိစဉ် ကာလအပြင် ကွယ်လွန်ပြီးသည့် နှစ်မှ နှစ် ၅၀၊ အရုပ်အသံ လက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာ ဖြစ်ပါက အများပြည်သူရရှိခံစားနိုင်ရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀၊ အသုံးချ အနုပညာလက်ရာဖြစ်ပါက လက်ရာပြုလုပ်ပြီးသည့် နှစ်မှ ၂၅ နှစ်၊ ဖျော်ဖြေတင်ဆက်မှုဖြစ်ပါက အရုပ်အသံပေါင်းစပ် ထည့်သွင်းခြင်းပြုသည့်နှစ်မှ နှစ် ၅၀၊ ဖိုနိုဂရမ်ဖြစ်ပါက ဖိုနိုဂရမ်ထုတ် ဝေသည့်နှစ်မှ နှစ် ၅၀၊ ထုတ်လွှင့်ချက်ဖြစ်ပါက စတင်ထုတ်လွှင့်ချိန်မှ စ၍ နှစ် ၂၀အထိ ရရှိမည်ဖြစ်သည်။
စာပေနှင့်အနုပညာ မူပိုင်ခွင့် နှင့်စပ်လျဉ်းသည့် ထိပါးချိုး ဖောက်ခြင်းများကိုလည်း ပြစ်မှုကြောင်း နှင့် တရားမကြောင်းတို့အရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် များ အကာအကွယ်ပေးနိုင်ခြင်းဖြင့် စာပေ သို့မဟုတ် အနုပညာ လက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ် ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး စာပေ နှင့်အနုပညာဆိုင်ရာ ထုတ်လုပ်မှုအဆင့်အတန်း မြင့်မားတိုးတက်စေ မည်ဖြစ်သည်။
တီထွင်မှုမူပိုင်ခွင့်ဆိုသည်မှာ
တီထွင်မှုမူပိုင်ခွင့်ဥပဒေ(၂၀၁၉)တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၁၁၉)ခုဖြင့် အသေးစား တီထွင်မှုများနှင့် တီထွင်မှုများအတွက် လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းတို့အတွက် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ ပါဝင်ပါ သည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် တီထွင်မှုမူပိုင်ခွင့်သည် ထုတ် ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ အကာအကွယ်ပေးသော ဥပဒေ တစ်ခုဖြစ်သည်။ တီထွင်မှုမူပိုင်ခွင့်ကို ဥပဒေနှင့်အညီ အကာအကွယ် ရရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်လျှောက်ထား ရန် လိုအပ်မည်ဖြစ်သည်။ တီထွင်မှုမူပိုင်ခွင့် သက်တမ်းသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် တင်သွင်းသည့်နေ့မှ နှစ် ၂၀ ဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် အသေးစား တီထွင်မှု မူပိုင် ခွင့်သည် ထုတ်ကုန်တစ်ခု၏ ပုံပန်းသဏ္ဌာန် သို့မဟုတ် အစိတ်အပိုင်း များ၏ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း အကာအကွယ် ပေးသော ဥပဒေတစ်ခုဖြစ်သည်။ ထုတ်ကုန်ဆိုင်ရာ တီထွင်မှုတစ်ခုသည် အသစ်ဖြစ်ခြင်းနှင့် စက်မှုလက်မှုလုပ်ငန်းတစ်ရပ်ရပ်တွင် အသုံးချနိုင် ခြင်းရှိပါက အသေးစား တီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားနိုင်မည် ဖြစ်သည်။ အသေးစား တီထွင်မှုမူပိုင်ခွင့် သက်တမ်းသည် လျှောက် ထားသည့်နေ့ရက်မှာ ၁၀ နှစ်ဖြစ်သည်။ တီထွင်မှုမူပိုင်ခွင့် ချိုးဖောက်မှု များအား တရားမကြောင်းဖြင့် တရားစွဲဆိုနိုင်မည်ဖြစ်သည်။ တီထွင်မှု မူပိုင်ခွင့်အကာအကွယ်ပေးနိုင်ခြင်းဖြင့် နည်းပညာဆိုင်ရာ ဆန်းသစ် တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူး လွှဲပြောင်းရေးတို့ကို မြှင့်တင် ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်သည်။
အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း
မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် အောက်ပါအမိန့်ကြော်ငြာစာများကို ထုတ်ပြန်ထားပြီးဖြစ် သည်-
(က) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံ သတ်မှတ်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၄၄/၂၀၂၂)၊
( ခ ) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေကို ၂၀၂၃ ခုနှစ် မတ်လ၃၁ရက်နေ့တွင် ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၁၇/၂၀၂၃)၊
( ဂ ) အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှု အခကြေးငွေများ သတ်မှတ်ခြင်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်တွင် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃ )၊
(ဃ) စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဝန်ကြီးဌာန ၏အမိန့်ကြော်ငြာစာအမှတ်(၆၇/၂၀၂၃)၊
( င ) စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက်ရာများ သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်(၇၀/၂၀၂၃)။
(စ) စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သော လျှောက်လွှာပုံစံများ သတ်မှတ်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၇၁/၂၀၂၃)၊
မူပိုင်ခွင့်လျှောက်ထားခြင်း
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများနှင့်အညီ အကာအကွယ် ရရှိရန် မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းများအတွက် တရားဝင် စတင်လက်ခံခြင်း Grand opening )ကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက် နေ့တွင် ဆောင်ရွက်ခဲ့ပြီး အီလက်ထရောနစ် မှတ်ပုံတင်စနစ်မှတစ် ဆင့်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မူပိုင် ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံမည့်ဌာနများမှတစ်ဆင့်လည်း ကောင်း ဆောင်ရွက်လျက်ရှိသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် လျှောက်ထားခြင်းများနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်လျှောက်ထားခြင်းများ ကိုလည်း အီလက်ထရောနစ်စနစ်မှလည်းကောင်း၊ လျှောက်လွှာ လက်ခံဌာနများမှတစ်ဆင့်လည်းကောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင် လက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မူပိုင်ခွင့်လျှောက်ထား ခြင်းများအတွက် လိုအပ်သောသတင်းအချက်အလက်များကို မူပိုင် ခွင့် ဦးစီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.ipd.gov.mm မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Help Desk ဖုန်းနံပါတ်များ တွင်(+၉၅ ၆၇ ၄၃၀၅၉၄၊ဝ၁ ၈၃၈၀၂၈၃)ဆက်သွယ်မေးမြန်းနိုင်သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိ နိုင်ခြင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့် နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့်ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်လာနိုင်ခြင်း၊တီထွင်ဖန်တီးသူနှင့်သုံးစွဲသူများအကြား အကျိုး အမြတ်ကိုမျှတစွာခွဲဝေ ခံစားစေခြင်းဖြင့် စာပေ အနုပညာနှင့် စက်မှု ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ စွာကို ရရှိစေနိုင်မည်ဖြစ်ပါသည်။
မူပိုင်ခွင့်ဦးစီးဌာန
