လူသားထုတစ်ရပ်လုံး၏ လူနေမှုအဆင့် အတန်း တိုးတက်မြင့်မားရေးနှင့် သာယာဝပြော ရေးတို့သည် အသစ်အဆန်း တီထွင်မှုအပေါ်တွင် မှီတည်နေသည်။ တီထွင်မှုဆိုသည်မှာ အသေးအဖွဲ မှစ၍ ကြီးမားသောစက်ပစ္စည်းများ အပါအဝင် နည်းပညာဆိုင်ရာ အခက်အခဲပြဿနာတစ်ရပ်ကို ဖြေရှင်းပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ထုတ် လုပ်မှုနည်းစဉ်ဆိုင်ရာ စိတ်ကူးအသစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စက်မှုလက်မှု အစရှိသည့် လုပ်ငန်းနယ်ပယ်အသီးသီးမှ တစ်ဦး ချင်းဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ၊ ပူးတွဲ၍ဖြစ် စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ တီထွင်ဖန်တီးမှုများစွာ ကို ပြုလုပ်ကြသည်။ တီထွင်ဖန်တီးမှုမှန်သမျှကို သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် ဒေသတစ်ခုခုရှိ မူပိုင် ခွင့်ရုံးများသို့ တီထွင်မှုနှင့်သက်ဆိုင်သည့် နည်း ပညာဆိုင်ရာအချက်အလက်များကို လျှောက်ထား ချက်တွင် ထုတ်ဖော်ပြသ၍ လျှောက်ထားရမည် ဖြစ်ပါသည်။
ဥပမာအနေဖြင့် ရေပေါ် ပေါ်နိုင်၍ ပေါ့ပါး သော အုတ်ခဲ အမျိုးအစားအား တီထွင်ထားလျှင် မိမိ၏တီထွင်မှုအား ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း အစရှိသည့် စီးပွားရေးအကျိုးအမြတ်နှင့် အကာ အကွယ်ရယူလိုသည့် မြန်မာနိုင်ငံအပါအဝင် အခြား မည်သည့်နိုင်ငံတွင်မဆို တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများ ဆောင်ရွက်နိုင်သည်။ လျှောက်ထားလာသည့်တီထွင်မှုများအတွက် နိုင်ငံ တိုင်း၏ မူပိုင်ခွင့်ရုံးများတွင် တီထွင်မှုသည် အသစ် ဖြစ်၍တီထွင်မှုအဆင့်တစ်ရပ်ပါရှိပြီး စက်မှုလက်မှု လုပ်ငန်းတွင် အသုံးပြုနိုင်ခြင်း စသည့် အချက်သုံး ချက်ပေါ်တွင်အခြေခံ၍စစ်ဆေးပြီး တီထွင်မှု မူပိုင် ခွင့်အခွင့်အရေးများကို ခံစားနိုင်မည်ဖြစ်သည်။
တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများသည် အကာ အကွယ်ရယူထားသည့်နိုင်ငံ၌ အနှစ်(၂၀)ကာလ အတွင်း ကိုယ်တိုင်အသုံးပြုခွင့်၊ အခြားသူများကို လွှဲပြောင်းခွင့်၊ အခြားသူများအား ထုတ်လုပ်နိုင်ရန် လိုင်စင်ချထားခွင့်များရရှိနိုင်သည့်အပြင်မိမိအကာ အကွယ်ရယူထားသော တီထွင်မှု မူပိုင်ခွင့်အား အခြားသူများက ပုံစံတူပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ကမ်းလှမ်းခြင်း၊ အသုံးပြုခြင်း၊ ပြည် တွင်းသို့ တင်သွင်းခြင်းများ ပြုလုပ်လာပါက တရား မကြောင်းအရ တရားစွဲဆိုခြင်းများ ဆောင်ရွက်နိုင် မည်ဖြစ်သည်။ တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးများသည် တီထွင်ကြံဆမှုနှင့် လူသားတို့၏ ကြိုးပမ်းအားထုတ်မှုတို့ကို ပေါ်ထွန်းလာစေသည့် အတွက် လူသားထုတစ်ရပ်လုံး၏ တိုးတက်မှုကို အားဖြည့်ပေးသော လောင်စာများပင်ဖြစ်သည်။
တီထွင်ဖန်တီးမှုများအား အကာအကွယ်မရ ယူထားလျှင် အခြားသူများက မိမိ၏နည်းပညာကို ခိုးယူခြင်း၊ တုပပြုလုပ်ခြင်းများ ဆောင်ရွက်၍ စီးပွားရေးအကျိုးအမြတ်များ ရယူသွားနိုင်သည်။ တီထွင်မှု မူပိုင်ခွင့်စနစ်တွင် ဦးစွာအသုံးပြုသူနှင့် ဦးစွာလျှောက်ထားသူမှ အခွင့်အရေးရနိုင်သည့် စနစ်နှစ်ခုရှိရာ မိမိနိုင်ငံနှင့် အဆင်ပြေနိုင်မည့်စနစ် ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံသည် ဦးစွာ လျှောက်ထားသူမှ အခွင့်အရေးရနိုင်သည့် စနစ် ဖြစ်သည့်အတွက် မိမိ၏တီထွင်မှုကိုအကာအကွယ် မယူထားပါက အခြားသူက သူတီထွင်ထားသကဲ့သို့ မိမိ၏တီထွင်မှုကို မူပိုင်ခွင့်ရုံးမှာ လာရောက် လျှောက်ထားခဲ့လျှင် ဦးစွာလျှောက်ထားသူသည် အခွင့်အရေးရရှိမည်ဖြစ်သောကြောင့် မိမိ၏တီထွင်မှုကို အခြားသူက တီထွင်မှုမူပိုင်ခွင့် ရသွား နိုင်သည်။ အဆိုပါဖြစ်ရပ်ကြောင့် မိမိ၏တီထွင်မှု ကို ကိုယ်ကိုတိုင် အသုံးပြုခွင့် မရှိနိုင်သည်အထိ ဖြစ်နိုင်ပြီး မိမိ၏တီထွင်မှုကိုအခြားသူဆီမှ လိုင်စင် ပြန်ယူ၍ အသုံးပြုရမည့်အခြေအနေများ ဖြစ်ပေါ် နိုင်သည်။ ထို့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် နည်းပညာအကာအကွယ် မရယူနိုင်သည့် နေရာတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် စီးပွားပြိုင်ဘက်များသည် ၎င်းတို့၏နည်းပညာကို တုပထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာ နိုင်သောကြောင့် ဈေးကွက်အတွင်း မမျှတသော ယှဉ်ပြိုင်မှုများဖြစ်ပေါ်နိုင်သည်။ထို့ကြောင့်တီထွင် ဖန်တီးမှုတစ်ခုကို တီထွင်မှုမူပိုင်ခွင့်အကာအကွယ် ရယူထားရန် လိုအပ်သည်။
တီထွင်မှု မူပိုင်ခွင့်စနစ်သည် သုံးစွဲသူများ ကို အကျိုးပြုမည့် သာလွန်ကောင်းမွန်သော ကုန် ပစ္စည်းများ တီထွင်ထုတ်လုပ်ရန် ပညာရှင်များ၊ သုတေသီများအား စေ့ဆော်ပေးနိုင်မည့်စနစ်တစ်ခု ဖြစ်သည်။
အဆိုပါစနစ်ကို အားပေးခြင်းနှင့်အကာ အကွယ်ပေးခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ တိုးတက်လာနိုင်ခြင်း၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်အကိုင်အသစ်၊ လုပ် ငန်းသစ်များပေါ်ထွန်းလာစေခြင်း၊ ယှဉ်ပြိုင်မှု မြင့် မားလာသော ဈေးကွက်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ တီထွင်ဆန်း သစ်မှုများတိုးမြှင့်လုပ်ဆောင်လာစေရန် တွန်းအား တစ်ရပ်ဖြစ်ခြင်းတို့ကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက် လာနိုင်ပြီး နိုင်ငံတော်၏အကျိုးစီးပွားများကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ပါသည်။
တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ