ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာ ဗျူဟာ (ACMEC))၏ ခရီးသွားလုပ်ငန်းချိတ်ဆက်မှု မြှင့်တင်ရန် ငါးနိုင်ငံ ခရီးစဉ် တစ်ခုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
( ၆) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) ၏ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်း အဝေးကို နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ လက်ခံကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအို နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးမှ အကြံပြုချက်များ ကို အကောင်အထည်ဖော်ရန်၊ ACMEC ခရီးသွားလုပ်ငန်း ချိတ်ဆက်မှု မြှင့်တင် ရန် ငါးနိုင်ငံ ခရီးစဉ်တစ်ခုသည် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ကာ ပိုမို ရေရှည်တည်တံ့ ခိုင်မြဲမည့် အသိုက်အဝန်းကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ACMEC ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို အဆင့် မြှင့်တင်ရာတွင် (၁) ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ခြင်း၊ (၂) ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ (၃) ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်း ဖလှယ်ခြင်း၊ (၄) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ (၅) ခရီးသွားလုပ်ငန်း၊ ထုတ်ကုန်များ ချိတ်ဆက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်ပတ်သက်မှု၊ (၆)အဖွဲ့အစည်း ဆိုင်ရာ မူဘောင်များ ချမှတ်ရာတွင် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရန်တို့ ပါဝင် သည်။
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာ ဗျူဟာ (ACMEC) ကို ၂၀ဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ စတင်ဖွဲ့စည်းခြင်း ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်ငါးနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လေးနှစ်တစ် ကြိမ် တာဝန်ထမ်းဆောင်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုတိုး