မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က လေဘေးသင့် ရေလုပ်သားများအား သိန်း ၁ဝဝဝ ကျော် ထောက်ပံ့ ရခိုင်ပြည်နယ်စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းတုန်း၊ ကျောက်ဖြူစသည့် ဂီရိမုန်တိုင်းသင့်ဒေသများရှိ ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က ကျပ်သိန်း ၁ဝဝဝ ကျော်ဖိုး ထောက်ပံ့လှူဒါန်းပြီးဖြစ် ကြောင်း ထုတ်ပြန် ခဲ့သည်။ '' ငါးလုပ်ငန်းအဖွဲ့ချုပ်က ၂ ကြိမ်လှူဒါန်းရာမှာ ပထမအကြိမ်မှာငါးဖမ်းပိုက် ၂၄၁ ဒသမ ၃၅၁ သိန်းဖိုးနဲ့ ဒုတိယအကြိမ်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာနက တစ်ဆင့် ငါးဖမ်းပိုက်ပစ္စည်းတွေကို ကျပ် ၇၂၄ ဒသမ ၄၂၅ သိန်း ပေးပို့ လှူဒါန်းပြီးဖြစ်ပါတယ်။ ဒါ့အပြင်ညီနောင်အသင်းတွေဖြစ်တဲ့ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၅ဝ၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်းက ကျပ်သိန်း ၅ဝ၊ စုစုပေါင်းကျပ်သိန်း ၁ဝဝဝ ကျော်ဖိုးလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်'' ဟုMFF အတွင်းရေးမှူး-၂ ဦးဘသော်က ပြောကြားသည်။ အဆိုပါမုန်တိုင်းကြောင့် စစ်တွေခရိုင်ငါးဦးစီးရုံးနှင့် မြေပုံမြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးရုံးတို့ပျက်စီးခဲ့ပြီး၊ မြို့နယ်အလိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပေါက်တောမြို့နယ် တွင် ကမ်းနီးစက်တပ်ရေယာဉ် ၁၈၂ စီး၊ စက်မဲ့ရေယာဉ် ၁၃၅ စီး၊ ကျားပိုက် ၁၂၉ လက်၊ မျောပိုက် ၁၂၂ လက်၊ ပုစွန်ကန် ၁၃ဝဝဝ ဧကကျော်၊ ကျောက်ဖြူ မြို့နယ်တွင် မွေးကန် ၁၅ဝဝဝ ဧကနှင့် မြေပုံမြို့နယ်တွင် ပုစွန်ကန် ၁ဝဝဝဝ ဧက ကျော်၊ ကမ်းနီးစက်လှေအစီး ၅ဝ၊ စက်မဲ့အစီး ၃ဝဝ၊ ငါးဖမ်းကိရိယာ ၈၅ဝ တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ခင်မျိုးသွယ်
Background