Main menu

Background

ရိုးမရိပ်သာ အိမ်ရာစီမံကိန်းရှိ အခန်းများကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်

Tue, 01/06/2026 - 10:38 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ ခန်းတွဲ လေးထပ်တိုက် နှစ်လုံး၊ အခန်း ၉၆ ခန်းကို အတိုးနှုန်းသက် သာသော  အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် 
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ထားသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာရှိ ၁၂ ခန်းတွဲ လေးထပ်တိုက်  နှစ်လုံး၊ အခန်း ၉၆ ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ((CHID Bank)၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ ၂၀၉၃ ဦးစာရင်း တွင် ပါဝင်သူများ စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ စာရင်းပေးသွင်းခြင်းကိုDUHD Sale Housing Facebook Page  ၏Messenger  မှတစ်ဆင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အတွင်း နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ  လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ရောင်းချမည့် ရိုးမရိပ်သာအိမ်ရာ၏ တည်နေရာ၊ အဆောက်အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး စိတ်ပါ ဝင်စားပါက အမည်၊ မှတ်ပုံတင်အမှတ် CHID Bank \ Down Payment Serial No (တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ်လျှောက်ထားခွင့်မရှိပါ) တို့ကို ပြည့်စုံစွာဖြည့်သွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး စာရင်းပေးသွင်း လျှောက်ထား သူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank  ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ်များအား မဲနှိုက်ခွင့်ပြုမည်ဖြစ်သည်။
ယင်းသို့ အခန်းမဲနှိုက်ခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဆောင် ရွက်သွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ် မနေ ချေးယူရမည်ဖြစ်ကြောင်း သိရသည်။                                        

 

   ကိုတိုး