Main menu

Background

၂ဝ၁ဝ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ပထမဆုံးအကြိမ်စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ

Thu, 11/25/2010 - 07:24 -- Anonymous (not verified)

 ၂ဝ၁ဝ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ပထမဆုံးအကြိမ်စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ         နေပြည်တော်၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပသည့် ၂ဝ၁ဝခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်အနီးရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်အားပေး ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားသို့ စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်၊ နေပြည်တော် တိုင်းစစ်ဌာနခုျပ်တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်အေး၊ အစိုးရအဖွဲ့-အဖွဲ့ဝင်ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည်များ၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ စီးပွားရေး သံမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။             ရှေးဦးစွာ၂ဝ၁ဝ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီ နာယက သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဦးစိုးနိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင့်ဆွေနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမိုျးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေတို့က ၂ဝ၁ဝခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပါသည်။               ထို့နောက် အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးက မဏိရတနာ ကျောက်စိမ်းခန်းမ ရေပန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် အတွင်းရေးမှူး(၁) နှင့် အဖွဲ့ဝင်များ မဏိရတနာကျောက်စိမ်းခန်းမ ရေပန်းရှေ့၌ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ခဲ့ကြသည်။              ၂ဝ၁ဝခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ၁၇ရက်မှ ၂၉ ရက်နေ့အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး နေပြည်တော်၌ ပထမဆုံး အကြိမ်ကျင်းပသော ရတနာပြပွဲဖြစ်ရာ ပြည်တွင်း ပြည်ပမှ ရတနာကုန်သည် ၆ဝဝဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။ ရတနာများကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပြပွဲကျင်းပသည့် မဏိရတနာ ကျောက်စိမ်းခန်းမအနီး ၂၁ ဒသမ ၇ ဧက ကျယ်ဝန်းသည့် မြေကွက်လပ်တွင် ခင်းကျင်း ပြသထားပြီးဖြစ်သည်။ တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲပေါင်း ၂၄၆ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲပေါင်း ၂၇၆တွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက် အထိလည်းကောင်း၊ တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲပေါင်း ၂၂၄ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည့် ကျောက်မျက် အတွဲပေါင်း ၄၉တွဲ စုစုပေါင်း ကျောက်မျက်အတွဲပေါင်း ၂၇၃ တွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂ဝ ရက် အထိလည်းကောင်း၊ တင်ဒါစနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်း အတွဲပေါင်း ၈၇၈၇ နှင့် ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၃၇ဝ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၉၁၅၇ကို နိုဝင်ဘာ ၁၇ ရက်မှ၂၉ ရက်အထိ လည်းကောင်း မဏိရတနာကျောက်စိမ်းခန်းမ၌ ရောင်းချသွားမည်ဖြစ် သည်။              ဖွင့်ပွဲစတင်ပြုလုပ်သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ပင် အဆိုပါ ကျောက် မျက်ရတနာပြပွဲသို့ ပြည်တွင်းရတနာ ကုမ္ပဏီ ၅၈၇ ခုမှ ရတနာ ကုန်သည် ၂၆၄ဝ ဦးနှင့် ပြည်ပရတနာကုမ္ပဏီ ၈၁၈ ခုတို့မှ ရတနာကုန်သည် ၂၉၈၉ ဦးတို့လာရောက် ပြီး ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်း အတွဲများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပြီး ပြပွဲသို့ တက်ရောက်ရန် ပြည်တွင်း ပြည်ပ ရတနာကုမ္ပဏီများမှ ကုန်သည်များ များစွာထပ်မံရောက်ရှိလာဦးမည် ဖြစ်ကြောင်း သိရပါသည်။ ပြပွဲတွင်ရောင်းချရန် မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်စိမ်း အရိုင်းတုံးများ၊ ကျောက်စိမ်းအချောများ၊ ကျောက်မျက်အရိုင်းများ၊ သွေးပြီး ကျောက်မျက်အချောများ၊ ပုလဲလုံးများ၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲတို့ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ် ပန်းချီကားများနှင့် ငွေထည်ပစ္စည်းများ ခင်းကျင်းပြသထားပြီး ပြပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ၏ တည်းခို နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေး အဆင်ပြေလွယ်ကူစေရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း၊ မြန်မာ- အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေ ထားသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ လမ်းညွှန် (နေပြည်တော်)ကို ပြပွဲတွင် အခမဲ့ ပေးဝေကြောင်း သတင်း ရရှိပါသည်။                                                                                                                                        ကြယ်ပြာပန်း