မုံရွာ ဈေးကွက် နှမ်းအသစ်ဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ နှမ်းကို တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြရာ ဆောင်းနှမ်းက နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ထွက်ပေါ်ချိန်ဖြစ်လို့ ယခုမုံရွာဈေးကွက်ကို နှမ်းအသစ်များစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့ကို ဝင်ရောက်လာပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်အတွင်း နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ နှမ်းဖြူ ၁၆၃၃ ကျပ်၊ ၁၇၃၃ ကျပ်၊ နှမ်းနီ ၁၅၃၃ ကျပ်၊ ၁၆၃၃ ကျပ်၊ နှမ်းညို ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာဒုတိယပတ် အတွင်း နှမ်းတင်း ၂၃ဝဝ ကျော်၊ နိုဝင်ဘာတတိယပတ်အတွင်း နှမ်းတင်း ၂၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၂၉၅ဝ ကျပ်၊ လက်လီ ၃၁ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ သန်းသန်းတင်
Background