ရန်ကုန် ကားဈေးကွက် အရောင်းအဝယ်ပါးပြီး အေးစက်လျက်ရှိ ရန်ကုန် ကားဈေးကွက် ရန်ကုန်မြို့ ကားဈေးကွက်၏ လက်ရှိအခြေအနေမှာ ရောင်းအားများနေပြီး အဝယ်သမားရှားကာ အေးတိအေးစက်ပင်ဖြစ်နေသည်ဟု ဆိုရမလိုဖြစ်သည်။နိုင်ငံတော်လေလံပွဲများထပ်မံ၍ အနည်းအကျဉ်းရှိသော်လည်း ယခင်လိုလူအများ စိတ်ဝင်စားမှုမရှိတော့ဘဲ အသွားနည်းပြီးအဝယ်လည်း နည်းခဲ့သည်ဟုသိရသည်။ မြို့တွင်းရှိ ကားပွဲစားတန်းများတွင် ညနေခင်းသာလူစည်ကားနေတတ်သည်။ သို့ရာတွင်အရောင်းအဝယ်ဟူ၍ ဟုတ်တိပတ်တိမဖြစ်ဘဲ မေးပြန်ကြည့်ပြန်သာများကြောင်း၊ နေ့လယ်နေ့ခင်းပိုင်းများတွင် လူအဝင်နည်းပြီး ကားများလည်း ယခင်လို လာမထိုးကြကြောင်း ဝိုင်းတွင်းရှိ အခံပွဲစားများကပြောသည်။ ရန်ကုန်ကားဈေးကွက် ထဲသို့ အရောင်းကားများ ဝင်ရောက်မှုမှာ ယခုအခါတွင် ယခင်ကထက်ပို၍ နေရာစုံ မှဝင်ရောက်လာပြီး လတ်တလော ဦးပိုင်မှသုံးစွဲပြီး အငှားယာဉ်အသန့်များ သိန်းလေးရာအောက် ဈေးတန်းတစ်ရပ်ဖြင့် ဝင်ရောက်လာကြောင်း ယင်းကားများမှာ ၂ တပေ (၂ မျိုးသုံး)ယာဉ်များဖြစ်ပြီး နံပါတ်အနီမှအနက်သို့ ပြောင်းနိုင်သော်လည်း အခွန်ကြေးပါ ထည့်တွက်လျှင်သိန်းလေးရာ ပြန်ကျော်သွားသဖြင့် ဝယ်သူနည်းနေ ကြောင်း၊ အဖွဲ့အစည်းသွင်း နောက်ဆုံးအက္ခရာယာဉ်သစ်များလည်း ဝင်ရောက် နေပြီး ယခုအခါ ရွေးစရာများနေသဖြင့် ဝယ်သူဈေးကွက်ဖြစ်ကာ ဝယ်မည်ဆိုပါ ကလည်း အက္ခရာမြင့်၊ မိုဒယ်မြင့် အခွန်ဆောင်ပြီးကားသန့်များသာ ဝယ်ယူတတ် ကြကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။ ကားဈေးတန်းမှာ ဆက်တိုက်ကျဆင်းနေသဖြင့် အက္ခရာ ၄ဂ/၅ဂ ပေါက် ကားသစ်များလည်း သင့်တော်သည့်ဈေးတန်း ဆင်းစေသော်လည်း အဝယ်နည်း လျက်ရှိပြီး ရောင်းလိုသူသာများကြောင်း၊ ယခင်ရှိပြီး ဂျပန်ကားဟောင်းများဆိုလျှင် အတော်ကြီးသန့်မှသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ အချို့ လိုအပ်ချက်ရှိသည့် (လျော့သည့်) ကားများမှာ ဈေးများများလျော့၍ ဖြစ်အောင် ရောင်းသွားတတ် ကြောင်း၊ ကျောင်းဖွင့်ရာသီအစကဖြစ်ခဲ့သည့် ဈေးနှင့်နှိုင်းယှဉ်လျှင် ၃ ချိုး ၁ ချိုး ခန့်(သို့မဟုတ်) ထက်ဝက်ခန့် ကျဆင်းသွားသဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေ မှန်း၍မရကြောင်း ၎င်းမှပြောသွားသည်။ SN
Background