ဆောင်းမတ်ပဲစိုက်ချိန် မုံရွာမှာ မိုးမတ်ပဲစတင်ပေါ် ၂ဝ၁ဝ-၁၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆောင်းမတ်ပဲစိုက်ရန် လျာထားဧက ၁ ဒသမ ၄၅၅ သိန်းအနက် ဧက ၁ ဒသမ ၁၁၁ သိန်းစိုက်ပြီးဖြစ်လို့ ၇၆ ရာခိုင်နှုန်းစိုက်ပြီးဖြစ်ပါတယ်။ ဆောင်းမတ်ပဲမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီများ၌ စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများမှာ ထွက်ပေါ်မှာ ဖြစ်ပါတယ်။ ယခုအချိန်က ဆောင်းမတ်ပဲ စိုက်ချိန်ဖြစ်သလို မိုးမတ်ပဲထွက်ပေါ် ချိန်ဖြစ်ပါတယ်။ မြင်းမူ၊ မြောင်မြို့နယ်နဲ့ အမြင့်လမ်းခွဲ၊ ညောင်ပင်ဇောက်ကျေးရွာနဲ့ နတ်လူထိပ်ပန်းကျေးရွာများမှ မိုးမတ်ပဲများ မုံရွာမြို့သို့ နေ့စဉ် တင်း ၅ဝ ကျော်ဝင်ရောက်ပါတယ်။ ၂ဝ၁ဝ ခု နိုဝင်ဘာလအတွင်း မတ်ပဲတစ်ပိဿာ နိမ့်၊ မြင့်ဈေးမှာ ၁၃၅ဝ ကျပ်၊ ၁၄၅ဝ ကျပ်ဈေးပေါက်ပြီး၊ မတ်ပဲ အသစ် တစ်ပိဿာလျှင် ၁၁၅ဝ ကျပ်ဈေးဖွင့်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
Background