ပစ္စည်းဝင်ပေမဲ့ နယ်အဆွဲနှေးလို့ မုံရွာနှမ်းဈေးအေးလာ မုံရွာဒေသဝန်းကျင်က မိုးနှမ်းတွေ ရိတ်သိမ်းမှုစတင်နေပြီး နိုဝင်ဘာလ ဆန်းကစလို့ ဈေးကွက်ထဲဝင်ခဲ့ရာက လကုန်ပိုင်းမှာ ပစ္စည်းအဝင်လှိုင်လာတယ်လို့ ဆိုပါတယ်။ မန္တလေးအဆွဲ ပုံမှန်မရှိခဲ့ဘဲ၊ ဒေသခံစက်သမားတွေရဲ့ ဝယ်ယူမှု တစ်ခုထဲကြောင့် နှမ်းဈေးကျခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှမ်းအမျိုးအစားအလိုက်တစ်တင်း ပေါက်ဈေးအနိမ့်အမြင့်ကို လေ့လာတဲ့အခါ နှမ်းညို ၂၁၅ဝဝ ကျပ်မှ ၂၃၂ဝဝ ကျပ်၊ နှမ်းဝါ ၂၄၃ဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်၊ နှမ်းနီ ၂၃ဝဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၄၅ဝဝ ကျပ်မှ ၂၆ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းမှာတော့ နှမ်းညို ၂၁၅ဝဝ ကျပ်၊ နှမ်းနီ ၂၃၂ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၅ဝဝဝ ကျပ်အသီးသီးဈေးအေးသွားခဲ့ပါတယ်။ နှမ်းအဟောင်းဝယ်သူမရှိလို့ ဈေးမဖွင့်နိုင်ခဲ့ဘူးလို့လည်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မန္တလေးအဆွဲအေးခဲ့လို့ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၆ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ရာ ယခင်လကထက် ၂ ဆ နီးပါး လျော့ကျသွားကြောင်း သိရပါတယ်။ ထွန်းလှိုင်
Background