Main menu

Background

ညောင်လေးပင်မှာ ပဲတီစိမ်းကို ပိုစိုက်လာ

Sun, 12/12/2010 - 05:15 -- Anonymous (not verified)

ညောင်လေးပင်မှာ ပဲတီစိမ်းကို ပိုစိုက်လာ                    ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ညောင်လေးပင်မြို့နယ်မှာ ယခင်နှစ် ၂ဝဝ၉-၂ဝ၁ဝ ဆောင်းသီးနံှ စိုက်ပျိုးချိန်မှာမတ်ပဲ ဧက ၈၆ဝဝဝ ကျော်နဲ့ ပဲတီရွှေဝါ ဧက ၂၄ဝဝ ကျော်စိုက်ပျိုးခဲ့ပါတယ်။ သီးနံှပေါ်ချိန်မှာ ပျမ်းမျှ တစ်ဧက ၁၂ တင်းနှုန်းလောက်နဲ့ အထွက်နှုန်းတူထွက်ပါတယ်။ ပဲတီရွှေဝါမျိုးပဲဈေးဟာ မတ်ပဲမျိုးပဲထက် တစ်တင်းကို ၁ဝဝဝဝ ကျပ်လောက်ပိုပါတယ်။ ပဲဆွတ်ခူးတဲ့နေရာမှာမတ်ပဲက တစ်ကြိမ်သာ ဆွတ်ခူးပြီး ပဲတီရွှေဝါက မြေအစိုဓါတ်ရှိသေးရင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်အထိ ဆွတ်ခူးရတဲ့အတွက် လုပ်အားခအနည်းငယ်ပိုကုန်ကျပါတယ်။ ဒါကြောင့် ပဲတီရွှေဝါ တစ်ဧကကို ၁ ဒသမ ၂ သိန်းကျပ် ကုန်ကျပြီး မတ်ပဲက တစ်ဧကကို ၁ ဒသမ ၁ သိန်းခန့် ကုန်ကျတဲ့အတွက် ၁ ဧကစိုက်စရိတ် ၁ သောင်းကျပ်ခန့်ပိုမိုကုန်ကျတာ တွေ့ရပါတယ်။          ဒါပေမဲ့ မနှစ်က ပဲပေါ်ချိန် ဖေဖော်ဝါရီနှင့် မတ်လမှာ မတ်ပဲတစ်တင်းအနိမ့်ဈေး ၂၄ဝဝဝ ကျပ်မှ ၃ဝဝဝဝ ကျပ်၊ ပဲတီရွှေဝါကအနိမ့်ဈေး ၃၄ဝဝဝ ကျပ်မှ ၄၅ဝဝဝ ကျပ်ခန့် ဈေးရခဲ့တဲ့အတွက် အနိမ့်ဈေးနဲ့ ရောင်းတဲ့သူတွေ တောင် ပဲတစ် ဧကစိုက်တာချင်း အတူတူဝင်ငွေက ၁ ဒသမ ၂ သိန်းကျပ်ခန့် ကွာခြားတာကို လက်တွေ့ကြုံတွေ့ခဲ့ပါတယ်။           ဒါကြောင့်လည်း မနှစ်က မတ်ပဲစိုက်ခဲ့တဲ့ တောင်သူတွေဟာ မိရိုးဖလာစိုက်ခဲ့တဲ့ အနက်ရောင်မတ်ပဲအစား၊ ဈေးကောင်းရတဲ့ ရွှေရောင်သန်းတဲ့ ပဲတီရွှေဝါမျိုးကို ပြောင်းလဲစိုက်ပျိုးလာတာတွေ့ရပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ ပဲစိုက်ပျိုးမှု ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ပြီး၊ မနှစ်က ၂၄၁၇ ဧကစိုက်ပျိုးခဲ့တဲ့ ပဲတီရွှေဝါပဲမျိုးဟာ ၊ ဒီနှစ်မှာ ၁၂ဝဝဝ ဧက ခန့်စိုက်တာတွေ့ရှိရပြီး၊ ဒီဇင်ဘာလ ဒုတိယပတ်မြေအစို ဓါတ်အမှီပြီးစီးအောင်စိုက်နေတာကို တွေ့ရှိရပါတယ်။       ဇော်မင်းဦး