Main menu

Background

ဖေဖော်ဝါရီအတွင်း ကားလေလံပွဲများပြားသဖြင့် ကားဈေးကွက်အနည်းငယ်အေးစက်

Sun, 02/27/2011 - 08:47 -- Anonymous (not verified)

 ဖေဖော်ဝါရီအတွင်း ကားလေလံပွဲများပြားသဖြင့် ကားဈေးကွက်အနည်းငယ်အေးစက်                    ၂ဝ၁၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း ကားလေလံပွဲများ ကျင်းပမှုများပြားခဲ့ပြီး အလယ်အလတ်ကားများ ပါဝင်မှု များပြားခဲ့ခြင်းကြောင့် ကားဈေးကွက်တွင်း အနည်းငယ်အေးစက်ခဲ့ကြောင်း သိရသည်။ အဆိုပါလေလံပွဲများတွင် မော်တော်ယာဉ်ပါဝင်မှုသည် ယခင်ကားလေလံပွဲ များထက် အစီးရေနည်းပါးခဲ့ပြီး အလယ်အလတ်ကားများသာပါဝင်ခဲ့ကာ လေလံ အောင်မြင်ဈေးကျဆင်းနိုင်ခြင်းကြောင့် သွားရောက်လေလံဆွဲကြသူများရှိကြောင်း သိရသည်။ ''ဖေဖော်ဝါရီလထဲ ကားလေလံတွေကများနေတဲ့အပြင် တစ်ပွဲနဲ့ တစ်ပွဲ ရက်သိပ်မကွာဘူး၊ ကားပွဲစားတွေက နောက်ဆုံးလက်ကျန်လို့ ခန့်မှန်းတဲ့အတွက် သွားတဲ့သူများတယ်။ လေလံဈေးလဲ ကျဆင်းနိုင်တယ်''ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ဖြစ်သည့် ၂၂ ရက် ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကားလေလံပွဲများ ဆက်တိုက်ကျင်းပခဲ့ပြီး ကားအစီးရေ ၂ဝဝ ကျော်ပါဝင်ခဲ့ကြောင်း၊ ကားများသည် မော်ဒယ်လ်မြင့် ပါဝင်မှုနည်းပြီး ဈေးကွက် အကြိုက် ဗင်၊ ဆလွန်း၊ ပစ်ကပ်ကားများပါဝင်မှုများကြောင်း၊ ထို့အပြင် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ဂျစ်ကားများလည်းပါဝင်ခဲ့ပြီး ဆိုင်ကယ် ၃ဝဝ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။               လက်ရှိကားဈေးကွက်သည် ဈေးနှုန်းများကျဆင်းမှုကြောင့် အရောင်းအဝယ် ဖြစ်မှု နည်းပါးလာလျက်ရှိပြီး ကြိုက်ရောင်းကြိုက်ဝယ်နှင့် လုပ်ငန်းသုံးကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ''အခွန်ဆောင်ထားတဲ့ကားတွေရဲ့ ဈေး ကွက်ကလဲ အေးသွားတယ်၊ CNG တက္ကစီရောင်းချမှုနဲ့ လုပ်ငန်းသုံးကားတွေ အဝယ် လိုက်တယ်။ ဇုန်ထုတ်ကားတွေထွက်လာတော့ ကားဈေးကွက်က အေးဖို့ပဲရှိတယ်'' ဟု ဟံသာဝတီ ကားပွဲစားတစ်ဦးက ပြောကြားသည်။ လေလံအောင်ကားများအား တစ်နေရာတည်းတွင် One Stop Service  ပြုလုပ်ပေးခြင်းကြောင့် သွားရောက်ကြ သူများစိတ်ဝင်စားကြပြီး ဈေးကွက်ရှိကားများဖြစ်ပါက လိုအပ်သလို ပြုပြင်ရောင်းချ နိုင်ကြောင်း၊ လေလံပွဲများတွင် ကားအရေအတွက် နည်းပါးလာခြင်း လေလံပွဲများ ပြုလုပ်မှုများပြားခြင်းတို့ကြောင့် လေလံဈေးနှုန်း ကျဆင်းလာပါက ဈေးကွက်ရှိကား ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။                                                            ကိုဖြိုး