ယခုနှစ် ကြံဈေးကောင်းရ၍ ရှမ်းပြည်နယ်တောင်ပိုင်း စိုက်ဧကပိုနိုင်ဖွယ်ရှိ ယခုနှစ် ကြံဈေးကောင်းရခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက် ဧက ပိုနိုင်ဖွယ်ရှိကြောင်း ကြံသီးနံှလုပ်ငန်းဌာန၊ ရှမ်းပြည်နယ်ဇုန်တာဝန်ခံ ဦးမြဝင်းက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယခင်နှစ်က စိုက်ဧက ၁၇၆၁၂ ဧက စိုက်ပျိုးမှုရှိခဲ့ရာ၊ ညောင်ရွှေမြို့နယ်တွင် ဧက ၉ဝဝဝ၊ ရပ်စောက်တွင် ဧက ၃ဝဝဝ၊ တောင်ကြီးတွင် ဧက ၁၃ဝဝ စိုက်ပျိုးမှုရှိ၍ ကြံအဓိကစိုက်ပျိုးရာ မြို့နယ်များ လည်းဖြစ်ပါတယ်။ ယခုနှစ်မှာ ကြံစိုက်ဧက ၁၁ဝဝဝ ကျော်စိုက်ပျိုးပြီးစီးခဲ့ပြီး အင်း အရှေ့ဘက်တွင် ဧက ၂ဝဝ ဝန်းကျင် ပိုလာနိုင်ဖွယ်ရှိကြောင်း၊ တန်ခူးလအထိ ကြံစိုက်ပျိုးမှု ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ 'လာမယ့်နှစ် ကြံဈေးနှုန်းက ဒီထက်မလျော့ရင်၊ ရာသီဥတုမဖောက်ပြန်ရင် တောင်သူတွေအတွက် အဆင်ပြေမယ်။ မနှစ်ကအထွက်နှုန်းကောင်းမယ် ခန့်မှန်းပေမယ့် မိုးနောက်ကျပြီး အပူချိန်လွန်ကဲတဲ့အတွက် အထွက်နှုန်းကျခဲ့တယ်။ တစ်ဧကကို ၁၆ တန်၊ ၁၇ တန်ဘဲထွက်ခဲ့တယ်။ အထွက်နှုန်းလျော့ပြီး ဈေးကောင်း တဲ့အတွက် တောင်သူတွေအရှုံးမရှိခဲ့ဘူး။ ကြံဈေးနှုန်းက စက်ရုံအရောက်ဈေး တစ်တန်ကို ၅ဝဝဝဝ ဝန်းကျင်ရှိတယ်။ တစ်ဧကကို တန် ၂ဝ-၂၅ တန်ကြားထွက်ခဲ့ ရင် ဒီနှစ်အမြတ်များများရနိုင်တယ်။ ကြံဈေးကောင်းသလို မျိုးဈေးကောင်းတဲ့ အတွက် အရင်းအနှီးမတတ်နိုင်တဲ့တောင်သူအချို့ စိုက်ဧက မတိုးခဲျ့နိုင်လို့ စိုက်ဧက အများကြီးတော့ မတိုးနိုင်ဘူး' လို့ ဦးမြဝင်းကပြောပါတယ်။ မြန်မာနိုင်ငံအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စိုက်ဧက ၁ သိန်း ၂ သောင်းကျော်စိုက်ပျိုးမှုရှိ၍ အများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ဧက ၉ သောင်းကျော် စိုက်ပျိုးမှုရှိခြင်းကြောင့် ဒုတိယအများဆုံးစိုက်ပျိုးမှု ရှိကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ဧက ၁၇၆၁၂ ဧက၊ မြောက်ပိုင်း တွင် စိုက်ဧက ၅၃၈၄ဝ ဧက၊ အရှေ့ပိုင်းတွင် ၆၈၂၃ ဧကစိုက်ပျိုးမှု ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background