မန္တလေးကန်တော်ကြီးကန်အတွင်း အနက် သုံးပေ ပြန်လည်တူးဖော်မည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ကန်တော်ကြီးကန်အတွင်း အနက်သုံးပေရှိ မြေများကို မတ်လ ၂၂ ရက်နေ့ကစတင်၍ ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရပါတယ်။ လတ်တလောတွင် ကန်တော်ကြီးမြောက်ခြမ်း ရေကန်အတွင်း စက်ယန္တရားများဖြင့် စတင်တူးဖော်လျက်ရှိပြီး၊ တူးဖော်ရရှိတဲ့ နုန်းမြေများကို ကန်တော်ကြီး သဘာဝပတ်ဝန်းကျင်တွင် ကျွန်းများပြုလုပ်ခြင်း၊ ပန်းခြံများပြု လုပ်ခြင်း၊ ရေဝပ်ဧရိယာများတွင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မှာဖြစ်ကြောင်း သိရပါတယ်။ ကန်တော်ကြီး မြေမျက်နှာသွင်ပြင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၂ဝ တွင်တည်ရှိပြီး ဧရာဝတီနဲ့ တောင်မြောက်ယှဉ်လျက် အရှေ့ဘက်ကမ်းတွင် ညီညာပြေပြစ်စွာရှိတဲ့အပြင် ရေဝင်ရေထွက်စီးဆင်း နိုင်တဲ့ အဆင့်မြင့်ဥယျာဉ်ရေကန်ကြီးဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ယခင် နှစ် မိုးများခြင်းကြောင့် ရေဝပ်ခြင်းများဖြစ်ပေါ်၍ ယခုနှစ်မိုးတွင်းကာလ အမီ ရေဝပ်မှုနည်းပါးစေရန် ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ''ကန်က နှစ်ကြာတော့ နုန်းတွေတင်ပြီး ရေစုနိုင်တဲ့ဧရိယာ နည်းလာတဲ့အတွက် ပြန်လည်တူး ဖော်ရခြင်းဖြစ်တယ်။ မနှစ်က မိုးရေချိန်များတော့ ရေဝပ် ဧရိယာနည်းတဲ့အတွက် သစ်ပင်ပန်းမန်တွေ ဆုံးရှုံးမှုများခဲ့တယ်။ ကန်အတွင်း နှစ်ပေါင်းများစွာက စုနေတဲ့ နုန်းတွေ တူးဖော်လိုက်မယ်ဆို မြို့ပေါ်က ရေလံျှမှုလျော့ပြီး၊ ကန်တော်ကြီး သဘာဝပတ်ဝန်းကျင်ဧရိယာ မပျက်စီး အောင် ထိန်းသိမ်းနိုင်မယ်။ ကန်တော်ကြီး မြောက်ခြမ်းတူးပြီးရင် တောင် ခြမ်းကို ဆက်တူးဖော်သွားမယ်''လို့ ပြောပါတယ်။ ကန်တော်ကြီးအတွင်းသို့ မန္တလေးမြို့ အနောက်ခြမ်းမှ စီးဆင်းတဲ့ သင်္ဂဇာချောင်းနဲ့ အရှေ့မြောက်ဘက်မှ ကြေးချောင်းတို့စီးဝင်၍ ကန်တော်ကြီး တောင်ခြမ်း ရေထွက်ပေါက် ရေတံခါးမှ ရွှေတချောင်းအတွင်း ပေါင်း ဝင်ပြီး ရွှေဂဲရေထိန်းတံခါးမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်ပါတယ်။ ကန်တော်ကြီးရေဖြင့် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိရာ ယခုနှစ်မိုးတွင်းကာလတွင် မြေနိမ့်ပိုင်းများ၌ ရေဝပ်၊ ရေလံျှခြင်းမရှိစေရန် ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
Background