ပဲသစ်ဝင်ရောက်မှုကြောင့် ပြည်ပက တင်သွင်းတဲ့ ပဲစင်းငုံဈေးကျ အိန္ဒိယပဲစင်းငုံရိတ်သိမ်းထွက်ရှိနေတာကြောင့် ဖေဖော်ဝါရီလ ပထမ ၂ ပတ်မတိုင်မီ အိန္ဒိယဆိပ်ကမ်းတွေမှာ တင်သွင်းပဲစင်းငုံတစ်တန် ကန်ဒေါ်လာ ၁၁ဝဝ ဝန်းကျင်ရှိခဲ့ရာက လတ်တလောမှာကန်ဒေါ်လာ ၈၅ဝ ကို ကျဆင်းခဲ့ တယ်လို့ ကုန်သည်များနဲ့ဈေးကွက်လေ့လာဆန်စစ်သူများက ဆိုပါတယ်။ ကာနာတာကာ၊ မဟာရပ်ရှ်တရာနဲ့ မဒ္ဒရာပရာဒေ့ရှ် တို့ရဲ့ လက်ငင်းဈေးကွက်တွေကို ပဲစင်းငုံသစ်တွေ ဝင်ရောက်နေခြင်းက ပြည်တွင်းဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ လတ်တလောပဲစင်းငုံဈေးက တစ်ကီလို ရူပီး ၃၅-၃၇ (ကန်ဒေါ်လာ ဝ ဒသမ ၇၈-ဝ ဒသမ ၈၃) ရှိလို့ ဇန်နဝါရီလ ဈေးထက် ရူပီး ၅-၁ဝ (ကန်ဒေါ်လာ ဝသမ ၁၁-ဝ ဒသမ ၂၂) ကျဆင်းခဲ့ပြီး ပဲစင်းငုံခွဲခြမ်း လက်ကားဈေးကလည်း ရူပီး ၅-၁ဝ ကျဆင်းပြီး တစ်ကီလို ရူပီး ၅ဝ-၅၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၂- ၁ ဒသမ ၂၃) နဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ ယခုနှစ်အိန္ဒိယပဲစင်းငုံ အထွက်ကို တန်ချိန် ၂၂ သိန်း ဝန်းကျင်ခန့်မှန်းထားလို့ ပုံမှန်ထွက်ရှိမှု တန်ချိန် ၂၃- ၂၄ သိန်းထက် လျော့ကျပေမဲ့ ပဲပင်ကြီးထွားချိန် အဓိကပဲစိုက်ဒေသတွေမှာ ရာသီဥတုဆိုးဝါးခဲ့လို့ အထွက်လျော့ကျမယ်လို့ အစောပိုင်းခန့်မှန်း ပမာဏထက်တော့ ပိုမိုနေဆဲဖြစ်ကြောင်း အင်ဒိုရီ အခြေစိုက် Ruchi Group မှ မန်နေဂျာReena Gomes က ပြောကြားပါတယ်။ ပဲစင်းငုံကို ဇွန်- ဇူလိုင်လအတွင်း စိုက်ပျိုးပြီး မတ်လမှဧပြီလအတွင်း ရိတ်သိမ်းပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်း လိုအပ်ချက် တန်ချိန် ၂၇-၂၈ သိန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကနိုင်ငံများက နှစ်စဉ် တန်ချိန် ၃ သိန်းမှ ၄ သိန်း ဝန်းကျင် တင်သွင်းရပါတယ်။ အဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ အအေးပိုခဲ့ တာကြောင့် ဇန်နဝါရီလအတွင်း တင်သွင်းဈေးထောင်တက်ခဲ့ပေမဲ့ ရာသီဥတု ကောင်းမွန်လာတာကြောင့် ပဲဈေးလည်း ပြန်ကျလာခဲ့တယ်လို့ Gomes က ပြောကြားပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲဝယ်လိုအားနည်းခြင်းကလည်း ပဲဈေးနှုန်းကို ကျဆင်းစေပါတယ်လို့ ဈေးကွက် ကျွမ်းကျင်သူများက ထောက်ခံပြောကြားပါတယ်။ လတ်တလောမှာ ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်ကို စားသုံးနေကြလို့ ပဲစင်းငုံ ဝယ်လိုအား နည်းနေတာပါလို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ရောင်းချမှု လျော့ပါးလာမယ့် ဧပြီအလွန်လောက်မှတော့ ပဲစင်းငုံ ဈေးနှုန်း တဖန်ပြန်တက်လာနိုင်တယ်လို့ မွန်ဘိုင်းအခြေစိုက် ပဲမျိုးစုံ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဝယ်လိုအားလျော့ကျခြင်းနဲ့ ပြည်တွင်းပဲပိုမိုရရှိမယ်လို့ မျှော်မှန်းချက်တွေကြောင့် အိန္ဒိယပဲတင်သွင်းမှု ကျဆင်းခြင်းက ဈေးနှုန်းကို ထိခိုက်စေပါတယ်လို့ Gomes က ထပ်လောင်းပြောကြားပါတယ်။ လတ်တလော အများပြည်သူရောင်းဝယ်ရေး ဆိုင် (PSUs) များကလည်း ပြင်ပပေါက်ဈေးနိမ့်နေလို့ များများစားစား ဝယ်ယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာ လည်း မြန်မာနိုင်ငံက ပဲအထွက်ကောင်းမယ့် အခြေအနေတွေအရ မနှစ်ကလို ဈေးမြင့်တက်လာမှာမဟုတ်ဘူးလို့Ruchi Group မှ အရာရှိများက ဆိုပါတယ်။ ယခင်နှစ်က ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ထုတ်လုပ်မှု ကျဆင်းလို့ ပဲစင်းငုံ ခွဲခြမ်း တစ်ကီလိုကို ရူပီး ၁ဝဝ (ကန်ဒေါ်လာ ၂ ဒသမ ၂၄) ထိ ထောင်တက်ခဲ့ကြောင်း သိရပါတယ်။ ယမင်းရွှေစင်၊Source: Business strandard
Background