မြန်မာ့ရေထွက်ပစ္စည်းများ ပြည်ပဈေးကွက်ရရှိလာခြင်း မြန်မာနိုင်ငံက ပင်လယ်ကမ်းရိုးတန်းအလျားမိုင် ၁၃ဝဝ ကျော်ခန့်တည်ရှိတာနဲ့အမျှ ရေထွက်သယံဇာတ (Marine Natural Resources) အများအပြားလည်း ပိုင်ဆိုင်လျက်ရှိပါတယ်။ ပုလဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့စတဲ့ အဖိုးတန်သယံဇာတနဲ့ ရေချိုရေငန်ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံး၊ ကင်းမွန်၊ ပင်လယ်မျှော့၊ ရေညှိ၊ ရေမှော် စတဲ့ သယံဇာတတွေက ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူတွေရဲ့ စီးပွားရေးကိုသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အရေးပါလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ္ဋငါး၊ ပုစွန်၊ ကဏန်းနဲ့ အခြားရေထွက်စတဲ့ ရေထွက်ကုန်ပစ္စည်းများမှာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်ကြတဲ့ ရေလုပ်သားတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သလို၊ ပြည်ပဝင်ငွေရရှိအောင် ကူညီပံ့ပိုးပေးလျက်ရှိတဲ့ ပို့ကုန်အမယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေကို ပြည်တွင်းစားသုံးကုန်အတွက် ပြည်တွင်း ဈေးကွက်များမှာ ဖြန့်ဖြူးရောင်းချမှုတွေရှိသလို ပြည်ပဈေးကွက်ကိုလည်း ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ် ကုန်သွယ်မှုနည်းလမ်းတွေနဲ့ ကမ္ဘာ့ဈေးကွက်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ရာတွင် မြန်မာ၊ တရုတ်နယ်စပ်မှာ မူဆယ်နယ်စပ်ကုန်သွယ်စခန်းမှလည်းကောင်း၊ မြန်မာ၊ ထိုင်းနယ်စပ်မှာ မြဝတီ၊ ကော့သောင်း၊ မြိတ်စခန်းများမှ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်တွေ၊ မောင်းတောစခန်းများမှ လည်းကောင်း အသီးသီးတင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဘဏ္ဍာနှစ် ၆ နှစ်အတွင်း ရေထွက်ပစ္စည်းတင်ပို့မှုတွေကို ပို့ကုန်ပစ္စည်းစုစုပေါင်းတင်ပို့မှုနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်တွင် ၃၈၄ ဒသမ ဝ၅ သန်းရှိပြီး၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၁ဝ ဒသမ ၈ ရာခိုင်နှုန်း၊ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်တွင် ၄၉၁ ဒသမ ၅ဝ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၉ ဒသမ ၃၉ ရာခိုင်နှုန်း၊ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်တွင် ၅၅၄ ဒသမ ၅ဝ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၈ ဒသမ ၆၆ ရာခိုင်နှုန်း၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်တွင် ၄၆၄ ဒသမ ၂၈ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၄ ရာခိုင်နှုန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် မတ်လ ၂၇ ရက်နေ့ထိတွင် ၂၈၂ ဒသမ ၉၁ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၃ ဒသမ ၇ ရာခိုင်နှုန်းစီအသီးသီးရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် နှစ်စဉ်တင်ပို့မှုတွေအပေါ် ခြုံငုံကြည့်ရင် ရေထွက်ပစ္စည်းတင်ပို့မှုမှာ စုစုပေါင်းပို့ကုန် တန်ဖိုး ၇ ဒသမ ၂၃ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရပါတယ်။ ကုန်သွယ်မှုနည်းလမ်း ၂ ခုနဲ့ တင်ပို့မှုတွေကို နှိုင်း ယှဉ်ရင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုက စုစုပေါင်းရေထွက်ပစ္စည်းတင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းရှိပြီး၊ နယ်စပ်ကုန်သွယ်မှု နည်းလမ်းနဲ့ တင်ပို့မှုက ၄၆ ရာခိုင်နှုန်းခန့်သာရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် ဥရောပတင်ပို့ခွင့်ရ အအေးခန်းစက်ရုံ (EU Licences (or) Eu FDA Certificate) ၈ ရုံရှိကာ ပင်လယ်ရေကြောင်းမှ ရေထွက်ပစ္စည်းတင်ပို့တဲ့ ကုမ္ပဏီစုစုပေါင်း ၁၅ဝ ခန့်ရှိပြီး ဈေးကွက်ရရှိမှုမှာ အိမ်နီးချင်း အာဆီယံ ငါးနိုင်ငံ၊ အာရှ ၁ဝ နိုင်ငံ၊ ဥရောပ ခြောက်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ အာဖရိကတိုက်ရှိ ကင်မရွန်နိုင်ငံတို့ကို တင်ပို့နိုင်ပြီး စုစုပေါင်း ၂၂ နိုင်ငံကို ဈေးကွက်ရရှိလျက်ရှိကြောင်း တွေ့မြင်ရမှာဖြစ်ပြီး နယ်စပ်ကုန်သွယ် မှုနည်းလမ်းနဲ့ ကုမ္ပဏီ ၂၁ဝ ခန့်မှ အိမ်နီးချင်း ၆ နိုင်ငံ တင်ပို့နိုင်တဲ့အထိ ဈေးကွက်ခိုင်မာလျက်ရှိကြောင်း သိရှိရပါတယ်။ အေးမြင့်
Background
