စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ် ဆန်အရောင်းအဝယ် သဘောတူညီချက် လက်မှတ်ရေးထိုး
စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ် ဆန်အရောင်းအဝယ် သဘောတူညီချက် လက်မှတ်ရေးထိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကာလရှည်ဆန်ရောင်းချနိုင်ရေး ဗီယက်နမ်က ဆန္ဒရှိနေတယ်လို့ ဝန်ကြီးချုပ် ငုယင်တန်ဇွန်းက ဧပြီလ ၁၈ ရက်နေ့က ပြောကြားကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာနဲ့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာအက်ဘဒူလာရာဇက်မှ ဗီယက်နမ်ကို အလည်အပတ် ရောက်ရှိစဉ် ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ တစ်ချိန်ထဲမှာပဲ နှစ်နိုင်ငံ စားနပ်ရိက္ခာဖူလုံဖို့နဲ့ ဆန်ကုန်သွယ်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီစာချွန်လွှာက ဆန်ဈေးကွက်တည်ငြိမ်ရေးနဲ့ နိုင်ငံအတွင်း ရာသီဥတုအပြောင်းအလဲနဲ့ သဘာဝဘေးဒဏ် တွေအရ ဆန်အထွက်လျော့ကျမှုတွေ၊ ထိခိုက်မှုတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဗီယက်နမ်ကုန်သွယ်ရေး ဝန်ကြီး Hoang က လည်းဆိုပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုဟာ ယခင်နှစ်က ကန်ဒေါ်လာ ၂၈၈ သန်းရှိခဲ့လို့ ၂ဝဝ၉ ခုနှစ်ကထက် ၂၅ဝ ရာခိုင်နှုန်းမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို ဆန်၊ စတီး၊ ဖိုင်ဘာ၊ စက်ပစ္စည်း ပလတ်စတစ်နဲ့ ဆဲလ် ဖုန်းများ တင်ပို့ပြီး ၂ဝ၁ဝ ခုနှစ်အတွင်း ဆန်တန်ချိန် ၃၅ဝဝဝဝ ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၁၂ဝ ကုန်သွယ်မှု ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ကို ပေါင်းဆန် တင်ပို့ဖို့အတွက်လည်း အဆင့်မြှင့်တင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂ဝဝ၉ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူဦးရေ တိုးပွားလာခြင်းနဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုကြောင့် စားနပ်ရိက္ခာဖူလုံဖို့အတွက် ဆန်တန်ချိန် ၂ သန်း-၃ သန်းအတွင်း တင်သွင်းရတယ်လို့ သိရပါတယ်။ လမင်း၊Source: riceonline
