Main menu

Background

ပေးကားပေး၏ မရ

Sun, 04/24/2011 - 11:11 -- Anonymous (not verified)

 ပေးကားပေး၏ မရအံ့သြစရာ              ကျွန်တော်ပြန်နေကျလမ်းမှာပြန်ရင်း ဓာတ်ဆီတန်းစီနေတဲ့ကားတွေကို တွေ့တာက ညအချိန်မတော်ကြီးပါ။ ပုဂ္ဂလိကဓာတ်ဆီဆိုင်ကြီးက ညမို့ပိတ်နေပေမယ့် ကားတွေကတော့ တန်းစီထားဆဲပါ။ ကျွန်တော် ဒီလူတွေ ဒီလောက် ဇွဲကောင်းစွာ တန်းစီနေတဲ့အတွက် ချီးကျူးရမှာလား၊ သူတို့ နောက်နေ့ကား မောင်းစရာ မရှိလို့ တန်းစီနေတာလား၊ သိချင်စိတ်က တဖွားဖွား။ ဓာတ်ဆီသွားထုတ်မလို့              သိချင်စိတ်လေးနဲ့အတူ သတိရမိတာက ထိထိမိမိကာတွန်းလေးတစ်ခုကို သတိရသွားမိတယ် ''မိသားစု တွေ စားစရာသောက်စရာ အပြည့်အစုံ ဖတ်စရာ စာအုပ်တွေနဲ့ ဘယ်လဲ''လို့မေးတော့''အော် ဓာတ်ဆီ သွားထုတ်မလို့ပါတဲ့''။အင်း.. ဒင်း ပြောတာမမှားဘူး၊ အိပ်ရာလိပ်ပါ ယူသွားရမလို ဖြစ်နေပြီလို့ စိတ်ထဲက တွေးနေမိပါတယ်။ အတိတ်က လက်တွေ့ဘဝ               အတိတ်ကို တူးဆွမိတယ်။ ကျွန်တော်လည်း ကိုယ်ပိုင်ကားစီးပါတယ်။ အရင်က တစ်နေ့ ၂ ဂါလံနှုန်း ၃ ရက်စာထုတ်ရပါတယ်။ အစိုးရက တိုက်ရိုက် ကိုင်တွယ်ခဲ့တာပါ။ အဲဒီအချိန်တွေတုန်းက ဓာတ်ဆီထုတ်ဖို့ တန်းစီးရရင် အလွန်ဆုံး အဆိုးဆုံးက နာရီဝက်လောက်ပါ။ ဆီစာအုပ်နဲ့ ထုတ်ရတယ်။ သတ်မှတ်ခွဲတမ်းပေး တဲ့ဆိုင်မှာ ထုတ်ရပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အဆင်ပြေပါတယ်။ ပျမ်းမျှအားဖြင့်တော့ ၁၅ မိနစ် ၂ဝ မိနစ်လောက်အတွင်းမှာ ထုတ်လို့ပြီးပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်စိတ်ထဲမှာ အော် ငါတို့မလဲ ဒုက္ခလို့ တွေးခဲ့မိပါတယ်။ ဆီထည့်ချင်တဲ့နေရာမှာ လွတ်လပ်စွာထည့်လို့ရရင် သိပ်ကောင်းမှာပဲလို့ တောင့်တ ခဲ့ပါတယ်။ ဆန္ဒပြည့်ဝပျော်ရွှင်ရ              ပြောင်းလဲမှုအစကတော့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့မှာတော့ နိုင်ငံတော်အနေနဲ့ စက်သုံးဆီ ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကိုလည်း ပုဂ္ဂလိကကိုလွဲှပြောင်းပေးလိုက် ပါတော့တယ်။ လွဲှပြောင်းပေးတဲ့အချိန်မှာ ပုဂ္ဂလိက စက်သုံးဆီ သမားတွေကို ပြောခဲ့တာရှိပါတယ်။ နိုင်ငံတော်တွင် စက်သုံးဆီ လုံလောက်စွာဖြန့်ဖြူးရောင်းချရေး၊ သင်တင့်မျှတသော ဈေးနှုန်းဖြစ် စေရေးအတွက် အဓိကပါဆိုတာ သိရပါတယ်။ ပျော်ရွှင်မှုက တစ်ခဏတာ              ပုဂ္ဂလိကကို စတင်လွဲှပြောင်းပေးစဉ်က အရင်လို သတ်မှတ်ဆိုင်မှာ ဆီစာအုပ်နဲ့ ထုတ်စရာမလို၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့ ဆိုင်မှာ ကြိုက်သလောက်ထုတ်လို့ရတော့ စိတ်ချမ်းသာ လိုက်တာ၊ ကောင်းလိုက်တာ၊ ခရီးဝေးသွားတော့ ကိုယ့်ရောက်တဲ့နေရာ ရောက်ရာမြို့က ဆီဆိုင်မှာ ဝင်ထည့်လို့ရခဲ့တယ်။ ဒါပေမယ့် တာရှည် မခံလိုက်ပါ၊ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရတာ ခဏတာပါပဲ။ ဒုံရင်းက ဒုံရင်းသို့              အလွယ်တကူ ထည့်ရနေတာကနေ ဓါတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတန်းစီရတဲ့ပြဿနာဟာ ၂ဝ၁၁ နှစ်ဆန်းလောက်မှာ ပြန်စတော့တာပါပဲ။ ဓာတ်ဆီတွေ တန်းစီဝယ်ကြရပါတော့တယ်။ ကျွန်တော်တို့လို တန်းစီဖို့ ဘယ်လိုမှ အချိန်မပေးနိုင်သူတွေက မဖြစ်မနေ ကားသုံးနေရတော့ တန်းမစီရဘဲ အလွယ်တကူဝယ်ရတဲ့ အောက်တိန်းဆီ ဝယ်ထည့်ခဲ့ကြရပါတယ်။ ဓာတ်ဆီဝယ်ဖို့ တန်းစီတာ မှ အံ့သြစရာပါပဲ။ ဘယ်လောက်ထိ ရှည်သလဲဆိုရင်တော့ ဖော်ပြထားတဲ့ ပုံတွေသာ ကြည့်ပါတော့လို့ပဲ ပြောရတော့မှာပါပဲ။ မောင်းဖို့မဟုတ် ရောင်းဖို့ထုတ်                   တစ်ချို့က ဒီလောက်ဓာတ်ဆီ တန်းစီပြီး ထုတ်နေတာ ဘာလို့လဲ၊ ဘာကြောင့်လဲ သိချင်လာတယ်။ စက်သုံးဆီတွေ ထဲမှာ ပြဿနာက ဓာတ်ဆီပဲ ကျန်တာတွေ အဆင်ပြေတယ်။ ဓာတ်ဆီကို ဘာကြောင့် တန်းစီရတာလဲ တွေ့ပါလေပြီ။ အဖြေက မောင်းဖို့ မဟုတ် ရောင်းဖို့ အတွက် ထုတ်နေကြတာတဲ့။ တစ်ဆိုင်ပြီး တစ်ဆိုင် ဓာတ်ဆီ ထုတ် ရောင်းတာ တစ်နေ့ကို ၂ဝဝဝဝ ကျပ်လောက်တောင် ကိုက်နေပြန်သတဲ့။ အော် သူတို့တွေ မစဉ်းစားတာဘဲ။ ဆီရောင်း လို့တော့ မြတ်ပါရဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်လာမယ့် ကုန်ဈေးနှုန်း တက်လာမယ့် အခြေအနေကို မစဉ်းစား၊ တစ်ကိုယ် ကောင်းသမား တွေပါပဲ။ ဆီတိုးရောင်းစားတဲ့ အုပ်စုက အလွန်ဆုံးရှိမှ ထောင်ဂဏန်း ပေါ့ သူတို့တွေကြောင့်ကျန်တဲ့သူ သန်းခြောက်ဆယ် ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ မစဉ်းစား၊ ကိုယ်ချင်း စာတရားမရှိသူများ လို့ပဲ ပြောရမှာလား၊ နိုင်ငံရဲ့ စီးပွားရေးအစီအစဉ်တွေကို မအောင်မြင်အောင် လုပ်နေတာလို့ပဲ ပြောရမလား၊ စေတနာနဲ့ မတန်သူများ လို့ ပြောရမှာလား။ လုံလောက်အောင် မရောင်းနိုင်တာလား/မရောင်းတာလား                     ပုဂ္ဂလိကကို လွဲှပြောင်းရောင်းချခွင့်ပြုတဲ့အချိန်မှာ စက်သုံးဆီကိုလိုတဲ့အချိန်မှာ လိုသလောက် တင်သွင်းခွင့်ပြု ခဲ့တယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ လေ့လာကြည့်မိ သလောက်တော့ အောက်တိန်း ဓာတ်ဆီ 92 Rom ဆိုတာကို ပင်လယ်ရေကြောင်းကရော နယ်စပ်ကရော တင်သွင်းထားခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝခုနှစ် စက်တင်ဘာကနေ ၂ဝ၁၁ခုနှစ် ဧပြီလဆန်းအထိ ပုဂ္ဂလိက ကဏ္ဍကနေ တင်သွင်းခဲ့တာဟာ စုစုပေါင်း 92 Rom  ဂါလံ ၂၃ဝ သိန်းကျော်တင်သွင်းခဲ့တာပါ။ ဒါက အရင်ပြည်တွင်းမှာ ပေးနေကျ ဓာတ်ဆီအပြင် ပြည်ပက ပိုသွင်းလာတဲ့ အခြေအနေပါ။ တင်သွင်းသမျှ အကုန်ဖြန့်သလား                     ပုဂ္ဂလိက ကဏ္ဍကနေ တင်သွင်းလိုသမျှ ခွင့်ပြုခဲ့လို့ ပုဂ္ဂလိကနေ တင်သွင်းတဲ့ဆီက များပြားလှပါတယ် ။ဒီဆီတွေအားလုံး ကို တင်သွင်းတဲ့ကုမ္ပဏီကဆိုင်မှာ အကုန်ရောင်းသလား...? ၊ တခြားနည်းလမ်းနဲ့ ရောင်းချမှုတွေကောရှိသလား...? ၊ တင်သွင်းသမျှအကုန်ဖြန့်သလား...? ဆိုတာတွေကို ဆက်စပ်စဉ်းစား ကြည့်တဲ့အခါ ကျွန်တော့်အနေနဲ့ အဖြေထုတ်လို့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်း                       ကျွန်တော်တို့နိုင်ငံရဲ့ ၂ဝ၁၁ ဧပြီ ၈ ရက်က စက်သုံးဆီရောင်းဈေးတွေကိုကြည့်တဲ့အခါ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်မှာ ဓာတ်ဆီတစ်ဂါလံ ၂၅ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၄ဝဝဝ ကျပ်နဲ့ ရန်ကုန်မှာ ရောင်းချတာပါ။ လမ်းကြားပြင်ပ အရောင်းဆိုင်တွေက ဓာတ်ဆီ တစ်ဂါလံ ၅ဝဝဝ ကျပ်၊ ဒီဇယ်ဆီ တစ်ဂါလံ ၃၈ဝဝ ကျပ်ပါ။ နေပြည်တော်နဲ့ မန္တလေးမှာတော့ ပုဂ္ဂလိကဓါတ်ဆီဈေးတူပြီး၊ ဒီဇယ်ဈေးက ၄၄ဝဝ ကျပ်နဲ့ ရောင်းတာပါ။ လမ်းဘေးပြင်ပအရောင်းဆိုင်တွေက ဓါတ်ဆီ ၅၄ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၄၅ဝဝ ကျပ်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ အဲဒီဈေးတွေကို ဧပြီ ၈ ရက်နေ့က ပြင်ပမှာ ရောင်းဝယ် ဖြစ်နေတဲ့ 1 US$ ရောင်းဝယ်ဈေး၊ ၈၆၅ ကျပ်နဲ့တွက်ချက်တဲ့အခါ ဓါတ်ဆီဈေးက ပုဂ္ဂလိကဆိုင်ရောင်းဈေး 3.47 US$  နဲ့ ပြင်ပဈေး 4.50 US$  ဖြစ်ပြီး၊ ဒီဇယ်ကတော့ စွမ်းအင်ဝန်ကြီးဌာနဈေး 2.89 US$  နဲ့ ပုဂ္ဂလိကဆိုင်ဈေး 4.15 US$  ဖြစ်တာတွေ့ရပါ တယ်။ ပြည်ပနိုင်ငံတွေရဲ့စက်သုံးဆီဈေးနှုန်း                 ပတ်ဝန်းကျင်နိုင်ငံရဲ့ ဈေးနှုန်းတွေမှာတော့ ဘရူနိုင်း နိုင်ငံကလွဲရင် ကျန်နိုင်ငံရဲ့ ဈေးနှုန်းတွေဟာ ဓါတ်ဆီတစ်ဂါလံ ၃.၈   US$ ကနေ ၇.၅၃ US$ထိရှိပြီး၊ ဒီဇယ်တစ်ဂါလံရဲ့ ဈေးနှုန်းဟာ ၅.၈၉ US$ ကနေ ၈.၂၄ US$ထိရှိတာ တွေ့ရပါတယ်။ ဥရောပနိုင်ငံတွေထဲမှာတော့ ဓာတ်ဆီတစ်ဂါလံ ၈.၉၁  US$ ကနေ ၁ဝ.၇၄ US$ ထိရှိတာ တွေ့ရပြီး၊ ဒီဇယ်ဆီကတော့ ၈.၈ဝ US$ ကနေ ၁ဝ.၃၉ US$ ထိဖြစ်ပေါ်နေတာတွေ့ရပါတယ်။ ဧပြီ ၇၊ ၈ ရက်နေ့က နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးထားပါတယ်။ အဖြေ                 သေချာပြီပေါ့ စက်သုံးဆီ တင်သွင်းတဲ့အရေအတွက် နိုင်ငံတော်က တာဝန်ယူတုန်းကထက် များတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ပုဂ္ဂလိက ကနေ ပြန်ရောင်းတာက သုံးပုံတစ်ပုံပဲရှိပြီး၊ သုံးပုံနှစ်ပုံ ပျောက်နေတယ်။ အိမ်နီးချင်းနိုင်ငံ စက်သုံးဆီဈေးနှုန်းတွေက မြန်မာ့စက်သုံးဆီ ဈေးနှုန်းထက် များနေတယ်ဆိုတာတွေ့ရပါတယ်။ စီးပွား ရေး ပညာမှာလည်း ကုန်စည်သည် ဈေးနှုန်းနိမ့်ရာမှ ဈေးနှုန်းမြင့်ရာ သို့ စီးဆင်း၏လို့ ဆိုထားတော့.. သေချာတာက ပြည်တွင်းမှာ မရောင်းတဲ့ စက်သုံးဆီတွေဟာ ? ? ? ? ? ဓါတ်ဆီဆိုင်မှာ ကားတန်း စီပြီး၊ အမြတ်နဲ့ရောင်းစားနေတဲ့ စက်သုံးဆီတွေရော ဘာလဲ၊ ..ဘယ်လဲ၊ မိမိနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေက ဈေးပိုကြီးတာတွေ့ရပါတယ်။ ဥရောပနိုင်ငံတွေရဲ့ စက်သုံးဆီ ဈေးနှုန်းက ၂ ဆလောက်ပိုမိုမြင့်မားနေပါတယ်။ ပေးကာ ပေး၏မရ                 နိုင်ငံတော်သည် အစစ အရာရာ တာဝန်ယူဆောင်ရွက်ရာ မှ တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ပြီး ပုဂ္ဂလိကသို့ လုပ်ငန်းများကို စနစ်တကျဖြင့် ငြင်သာစွာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲဆောင်ရွက်ပေးခဲ့တာတွေ့ရပါတယ်။ ဒါဟာလည်း ပြည်သူတစ်ရပ်လုံးအတွက် စစ်မှန်တဲ့စေတနာ၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့တာပါပဲ။ အခုထိ ဓာတ်ဆီဈေးနှုန်းတွေ မတက်ရလေအောင် ၂၅ဝဝ ကျပ်ဈေးနဲ့ နိုင်ငံတော်က ပုဂ္ဂလိကဆိုင်တွေဆို ရောင်းချပေးနေဆဲပါ။ ဒီအခြေ အနေကို အခွင့်ကောင်းယူအတ္တဆန်တဲ့ တစ်ကိုယ်ကောင်း သမား တိုင်းပြည်နဲ့လူမျိုးမျက်နှာမထောက် ပြည်သူတစ်ရပ်လုံး ရဲ့ဒုက္ခကို ဂရုမစိုက်ဘဲ ပြောင်ပြောင်တင်းတင်း၊ မှောင်ခိုရောင်းခြင်းဆိုတဲ့ အလုပ်ကို အတ္တသမားလူနည်းစုက ဆောင်ရွက်ခဲ့ကြပါတယ်။ ဓါတ်ဆီဆိုင် တန်းစီဆီထုတ် မှောင်ခိုရောင်းချခြင်းအလုပ်ကို လုပ်ခဲ့ကြပါတယ်။ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံး အစစအရာရာ အဆင်ပြေစိတ်ချမ်းသာအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် နိုင်ငံတော်ရဲ့ စေတနာဟာ ပြည်သူလူထုထံမရောက် ဘေးက အတ္တ သမား လက်တစ်ဆုတ်စာ လူတန်းစားများကြောင့်......။                                                                   ပေးကားပေး၏ မရပါတကား....။ ၇-၃-၁၁ ရက်နေ့မှ ၈-၄-၁၁ ရက်နေ့အတွင်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ စက်သုံးဆီရောင်း ဈေးနှုန်းများ နှိုင်းယှဉ်ချက် Source: Ministry of Foreign Affairsမှတ်ချက်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရောင်းဈေးနှုန်းများမှာ ၈-၄-၁၁ ရက်နေ့ ရောင်းဈေးနှုန်းများဖြစ်ပါသည်။ * စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိရောင်းဈေးနှုန်းများဖြစ်သည့် ဒီဇယ်ဆီ တစ်ဂါလန် လျှင် ၃ဝဝဝ .ဝဝ ကျပ်၊ ဓာတ်ဆီ တစ်ဂါလန်လျှင် ၂၅ဝဝ .ဝဝ ကျပ်နှင့် ဂျက် လေယာဉ်ဆီတစ်ဂါလန်လျှင် ၂၅ဝဝ .ဝဝ ကျပ်တို့ကို ၈-၄-၁၁ ရက်နေ့ရှိ ပြင်ပ ဈေးကွက်ငွေလဲလှယ်နှုန်း ၁  US$ = ၈၆၅ ကျပ်နှုန်းဖြင့်တန်ဖိုးသင့် တွက်ချက် ထားခြင်းဖြစ်ပါသည်။  ဥရောပနိုင်ငံများ၏ စက်သုံးဆီရောင်းဈေးနှုန်းနှိုင်းယှဉ်ချက်   ၇-၄-၂ဝ၁၁ နေ့ အဓိကမြို့ ကြီးများ၏ စက်သုံးဆီဈေးနှုန်းများစာရင်း