တောင်ကိုရီးယားက အရည်အသွေးကောင်း ဗီယက်နမ်ဆန်ကို ဝယ်လို

တောင်ကိုရီးယားက အရည်အသွေးကောင်း ဗီယက်နမ်ဆန်ကို ဝယ်လို                ဗီယက်နမ်ဆန်တင်ပို့သူများမှ ဆန်အရည်အသွေးတိုးမြှင့်ပြီး တောင်ကိုရီးယားနိုင်ငံက ချမှတ်ထားတဲ့ တင်သွင်းမှု စည်းကမ်း လိုအပ်ချက်တွေ လေ့လာထားပြီးပါက ဗီယက်နမ်ဆန်ကို ဝယ်ယူလိုတယ်လို့ တောင်ကိုရီးယား ဆန်တင်သွင်းသူများမှ ပြောကြား ခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားနိုင်ငံပိုင်ကုမ္ပဏီအချို့နဲ့ ပုဂ္ဂလိကကုမ္ပဏီများဟာWTOနဲ့ အနိမ့်ဆုံးဈေးကွက် အခွင့်အလမ်း သဘောတူညီချက်အရ (MMA ) ဆန်တင်သွင်း မူဝါဒများ စတင်မိတ်ဆက်တဲ့ ဧပြီလ ၂၇ ရက် အလုပ်ရုံဆွေးနွေးပွဲမှာ ဗီယက်နမ်ဆန်တင်ပို့သူများနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ဗီယက်နမ်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ တောင်ကိုရီးယား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး(MMA ) စနစ်ဟာ ဆန်အပါအဝင် အချို့လယ်ယာ ထွက်ကုန်များနဲ့ သားငါးထုတ်ကုန်တို့အတွက် ပြည်ပကုန်စည် အာမခံခြင်းဘဲ ဖြစ်ပါတယ်။                 ယခုနှစ်မှာ (MMA ) စနစ်အရ ဆန်တန်ချိန် ၃၄၇ဝဝဝ တင်သွင်းဖို့ ခွင့်ပြုခဲ့ပြီး အဲဒီပမာဏအနက် တန်ချိန် ၂ဝ၅ဝဝဝ ကို သတ်မှတ်ထားတဲ့ နိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က တင်သွင်းဖို့ကိုတာ သတ်မှတ် ထားကြောင်းလည်း သိရပါတယ်။ တောင်ကိုရီးယား တင်သွင်းသူများအနေနဲ့ ယခုနှစ်မေလကစတင်ပြီး တန်ချိန် ၁၄၂ဝဝဝ အတွက် တင်ဒါခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတင်ဒါကိုWTO  အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ခေါ်ယူသွားမယ် လို့လည်း သိရပါတယ်။                ကိုရီးယားတင်သွင်းကုမ္ပဏီကြီးဖြစ်တဲ့Singsong Food Corp  မှ အထွေထွေမန်နေဂျာTak Sung Bang  ပြောကြားချက်အရ မကြာသေးခင်က ပါကစ္စတန်နိုင်ငံဟာ တောင်ကိုရီးယားသို့ ဆန်ရောင်းချဖို့ တင်ဒါအောင်မြင်ခဲ့ ကြောင်း၊ ဒါပေမဲ့ ပါကစ္စတန် ဆန်အရည်အသွေးဟာ ဗီယက်နမ်ဆန်လောက် အရည်အသွေးမမြင့်ဘူးလို့ ဆိုပါတယ်။ အကယ်လို့ ဗီယက်နမ် ဆန်တင်ပို့သူများ အရည်အသွေးတိုးတက်အောင် ပိုမိုကြိုးပမ်းမယ်ဆိုရင် တင်ဒါအောင်မြင်ပါလိမ့်မယ်လို့လည်း ၎င်းက ပြောကြားကြောင်း သိရပါတယ်။ ယခင်နှစ်က ဗီယက်နမ်ဆန်တင်ပို့သူများဟာ ဆန်တင်သွင်းဖို့ တင်ဒါတင်သွင်းခဲ့ပေမဲ့ ဆန်အရည်အသွေး လိုအပ်ချက် မြင့်မားမှုကြောင့် တင်ဒါအောင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်း ဒုတိယဥက္ကဌ Phan Van Bay ပြောကြားတာတော့ ယခင်နှစ်ဗီယက်နမ် ဆန်တင်ပို့မှု တန်ချိန် ၆ ဒသမ ၈ သန်းကျော်နဲ့ နှိုင်းယှဉ်ရင် ဆန်တင်ဒါက ပမာဏ မများပေမဲ့ တင်ဒါအောင်မြင်ခဲ့ရင် ကမ္ဘာ့ဈေးကွက်အတွင်း ဗီယက်နမ်ဆန်ရဲ့ ဂုဏ်သတင်းမြင့်တက်လာမယ်လို့ ဆိုပါတယ်။ လမင်း၊Source: VOU