သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူအရှုံးမရှိ သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူလက်ထဲတွင် ကုန်ကြမ်းများ ရောင်းချပြီးဖြစ်ခြင်းကြောင့် အရှုံးမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌ ဦးဝင်း ဌေးက '' သကြားဈေး ကျတဲ့အချိန်မှာ ပွဲရုံလက်ထဲ၊ စက်ပိုင်နဲ့ လှောင်လက်မှာဘဲ ကုန်ရှိတဲ့အတွက် တောင်သူအရှုံးမရှိဘူး။ ဒီနှစ်က ကြံအထွက်နှုန်းကောင်းတယ်။ မနှစ်ကထက်စာရင် အထွက်နှုန်းတိုးတဲ့အတွက်ရော၊ ရာသီဥတု မိုးရွာနေတော့ ဖျော်ရည်သမားတွေအဆွဲနည်းနေတာကြောင့်ရော၊ ရန်ကုန်ဘက်က အဆွဲမရှိဘဲ မန္တလေးဈေးကွက်ထဲဘဲ အဝယ်ရှိနေတော့ သကြားဈေး ထိုးကျလာတယ်။ ဒီနှစ်နွေရာသီမှာ ဖျော်ရည်လုပ်ငန်းရှင်က သုံးပုံတစ်ပုံဘဲသုံးတော့ လုပ်ငန်းရှင်တစ်ဦးကို အရင်အိတ် ၃ဝဝ ရောင်းရရင် ဒီနှစ်မှာအိတ် ၁ဝဝ လောက်ဘဲရောင်းရတယ်''လို့ ပြောပါတယ်။ သကြားဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာကို ၁၃၈ဝ ကျပ်ရှိခဲ့ရာမှ မေလဆန်းပိုင်းတွင် အနိမ့်ဆုံးဈေး ၁၂၂ဝ ကျပ်၊ အမြင့်ဆုံးဈေး ၁၂၆ဝ ကျပ်သာ ရှိကြောင်း၊ တင်လဲရည်ဈေးမှာ တစ်ပိဿာကို ၂၅ဝ ကျပ်မှ ၂၃၅ ကျပ်ထိ ဈေးကျ ဆင်းလာကြောင်း၊ ပွက်ရည်တစ်ပိဿာကို ၇၈ဝ ကျပ်မှ ၆၄ဝ ကျပ်ထိ ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး
Background