ရန်ကုန်ကားဈေးကွက် အရောင်းအသင့်အတင့်ရှိနေ မေလ၏ထက်ဝက်ဖြစ်သောဒုတိယရက်သတ္တပတ်တွင် ရန်ကုန်မြို့၏ ကားဈေးကွက်အခြေအနေမှာ အကောင်းကြီးထဲ မဟုတ်သော်လည်း အရောင်း အဝယ်အသင့်အတင့်ရှိနေကြောင်း သိရသည်။ အပေါ်ဝိုင်းလည်း အပေါ်ဝိုင်း အလျောက် အပေါ်ကားနှင့် အလယ် အလတ်ကားများ အသင့်အတင့် အရောင်းအဝယ်ရှိနေပြီး အောက်ဝိုင်း များတွင် ပစ်ကပ်လေးများ၊ ဆလွန်း မိုဒယ်နိမ့်များ၊ စက်မှုဇုန်ထုတ် သိန်း ၁ဝဝ အောက် ပစ်ကပ်များ၊ CNG တက္ကစီ အနိမ့်များ အရောင်းအဝယ်အနည်းငယ် ရှိကြောင်း သိရသည်။ ယခုကာလသည် ကျောင်းဖွင့်ကာ လနီးကပ်လာပြီဖြစ်၍ ယခင်နှစ်များ၏ ထုံးစံအတိုင်း အရောင်းအဝယ်လေးများ ဖြစ်လေ့ရှိရာ ယခင်နှစ်များအား မမီငြား သော်လည်း ယခုနှစ်ဆန်းပိုင်းလများ၏ ဈေးကွက်အခြေအနေနှင့်စာလျှင် မဆိုးသေးဟု ဆိုရမည်ဖြစ်သည်။ ယခင်နှစ်များကတည်းက ခွင့်ပြု ပေးခဲ့သော စက်မှုဇုန်ထုတ်အဆင့်မြင့် ဘက်စုံသုံး (အပ်ပီဗွီ) ယာဉ်များလည်း သင့်တင့်သောဈေးဖြင့် ဈေးကွက်ထဲသို့ လှိုင်လှိုင် ဝင်ရောက်လာသဖြင့် လက်တွင်းငွေရှိ၍ ကားဝယ်မည့်သူများလည်း အသစ်၊ အကောင်းမက်သော သဘာဝ အရ စက်မှုဇုန်ထုတု်ကားသစ်များအား ဝယ်ယူစီးနင်းကာ သုံးစွဲသူများလာကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ဖက်စပ်ထုတ်လုပ်ထားသော လူစီးယာဉ်ငယ်များ အများဆုံး အသုံးပြုလာကြ သည့်အထဲတွင် သြင်္ကန်ကာလအပြီး ရေပန်းစားလာသော ဌာနဆိုင်ရာ ထုတ် မီနီဆလွန်း လူစီးယာဉ်ငယ်မှာ လူကြိုက် များမှု ထိပ်ဆုံးမှာရှိနေကြောင်း၊ ပြင်ပ စက်မှုဇုန်ထုတ် တရုတ်နိုင်ငံဖြစ်ကားများနှင့်ယှဉ်လျှင် အရွယ်အစား ကွာခြားသေးငယ်သော်လည်း လူအများ၏ ပုံဆန်း၊ ပုံသစ် စိတ်ဝင်စားတတ်သော သဘောအရ ပေါက်ဈေးထက်ပင် ၃ ဆ နီးနီး ၁၄ဝ သိန်းခန့်ဖြင့် တစ်ဆင့်ဝယ်ယူ စီးနင်းလာခြင်းရှိကြောင်း အပေါ်ဝိုင်းဝါရင့် ယာဉ်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။ ကားဈေးများ တက်နေသည် မဟုတ်သော်လည်း အပေါ်ဝိုင်းထဲတွင် အဖွဲ့အစည်းသွင်း ကိုရီးယားနိုင်ငံထုတ် အဆင့်မြင့် ဆလွန်ကားများ တစ်စီးစ နှစ်စီးစမှာ တဖြည်းဖြည်း အရောင်း အဝယ်ရှိနေပြီး အရောင်ခွဲခြားဈေးဖြတ် ကြကာ ကျပ်သိန်း ၁ဝဝဝ မှ ၁၁ဝဝ ကြား တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း ၎င်းမှပြောသည်။ SN
Background