ရေနံကြိုပွိုင့်ဈေးနဲ့ ချီကာကို ပဲပုပ်ဆီဈေး ကျဆင်းလို့ အာရှစားအုန်းဆီကြမ်းလည်း သီတင်း ၂ ပတ်အတွင်း အနိမ့်ဆုံး ကိုကျဆင်းလာ ရေနံကြိုပွိုင့်ဈေးနဲ့ ချီကာကိုပဲပုပ်ဆီ ဈေးကျဆင်းခြင်းကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးလည်း မေလ ၅ ရက်ရှေ့ပိုင်းသီတင်း ၂ ပတ်အတွင်း အနိမ့် ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ လက်ကျန်ပမာဏမြင့်တက်ခြင်းကလည်း ဈေးနှုန်းအကျဘက်ဆင်းဖို့ ဖိအားဖြစ်စေတယ်လို့ ကွာလမ်လမ်ပူအခြေစိုက် ဈေးကွက် လေ့လာဆန်းစစ်သူ တစ်ဦးက ဆိုပါတယ်။ ဧပြီလကုန် လက်ကျန်ပမာဏဟာ တန်ချိန် ၁ ဒသမ ၈ သန်း-၁ ဒသမ ၈၅ သန်းအထိ ရှိလို့ ၂ဝ၁ဝ ဇန်နဝါရီနောက်ပိုင်း အမြင့်ဆုံးပမာဏလို့ ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစာချုပ်ဈေးဟာ မေလ ၄ ရက် နေ့ထက် ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ရင်းဂစ် ၃၂၂၉ (ကန်ဒေါ်လာ ၁ဝ၇၆)နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇူလိုင် ပဲပုပ်ဆီဈေးလည်း ဝ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၆ ဒသမ ၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မှာ ရေနံစိမ်းဈေးက ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ကန်ဒေါ် လာ ၁ဝ၆ ဒသမ ၅၈ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စားအုန်းဆီအခြေခံဈေးဟာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ တစ်တန်ကို ရင်းဂစ် ၃၉၇၆ (ကန်ဒေါ်လာ ၁၃၂၅) ထိ ၃ နှစ်အတွင်းအမြင့်ကို ရောက်ရှိခဲ့ရာမှ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်မှု ထပ်မံတိုးတက် နေတဲ့အတွက် လာမယ့် သီတင်းပတ်များမှာလည်း စားအုန်းဆီဈေးဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရာသီဥတုကောင်းမွန်မှုကြောင့် ဧပြီလစားအုန်းဆီ ထုတ်လုပ်မှုဟာ ၁ဝ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၅ သန်းအထိ ထွက်ရှိနိုင်တယ်လို့ ကုန်သည်များနဲ့ စိုက်ပျိုးသူတွေက ခန့်မှန်းထားပါတယ်။ ၂ နှစ် ဆက်တိုက် ထုတ်လုပ်မှုကျဆင်းနေခဲ့ရာက ယခုလို ထုတ်လုပ်မှုမြင့်တက်ခြင်းဟာ အောက်တိုဘာလ နောက်ပိုင်းမှာ မကြုံစဖူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဈေးကွက်များမှာ မေလနဲ့ ဇွန်လအတွက် သန့်စင်ပြီး စားအုန်းဆီ ခဲဝယ်လိုအားမြင့်တက်နိုင်တယ်လို့ စင်ကာပူက ဟင်းသီးဟင်းရွက်ဆီ တင်ပို့သူတစ်ဦးက ဆိုပါတယ်။ မလေးရှား FOB လက်ငင်းဈေးကွက်မှာတော့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာပို့ရမယ့် စားအုန်းဆီခဲဈေးက တစ်တန်ကို ရင်းဂစ် ၁၁၃၇ ဒသမ ၅ဝ မှ ၁၁၄၅ အတွင်း ရောင်းဝယ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက ရင်းဂစ်၂ဝ လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁၁၂ဝ) နဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
Background