အောင်ပန်းချင်းသစ်ဈေးကွက်ဝင် မေပထမပတ် အောင်ပန်းဈေးကွက်ကို အောင်ပန်းမြို့နယ်မြောက်ဘက်က အသစ်ဖော်တဲ့ချင်းတွေ ဝင်နေပါတယ်။ အောင်ပန်းမြောက်ဘက်နယ်တွေ ဖြစ်တဲ့ လွယ်မော၊ သာမိုင်းခမ်းစတဲ့နယ်တွေက ချင်းကို အခုမှ ဖော်ကြတာကြောင့် ဈေးကွက်ကို အသစ်လိုဝင်နေကြတယ်လို့ သိရပါတယ်။ ချင်းစိုသက်တမ်းက ၅ လရှိပြီး၊ ချင်းအခြောက်ဆိုရင် တစ်နှစ်ထားလို့ရပါတယ်။ ဈေးကွက်အခြေအနေအရ မတူးပဲ မြေထဲမှာ ၃ လမှ ၄ လအထိ ထားနိုင်တာကြောင့် တောင်သူတွေကလည်း စိတ်ကြိုက်ဈေးရတဲ့အချိန်မှ ဖော်ကြပါတယ်။ အခုလည်း ချင်းအသစ်ပြန်စိုက်တော့ မှာ ဖြစ်တာကြောင့်ရယ်၊ ကြိုက်ဈေးလည်းရတာကြောင့်ရယ် တောင်သူတွေက ဖော်ပြီးရောင်းလာကြပါတယ်။ ချင်းကို ဧပြီလကုန်၊ မေလမှာစပြီး စိုက်ပျိုးကြပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုက အဝင်လည်းမရှိ၊ လက်ကျန်လည်း မရှိသလောက်ဖြစ်သွားပြီလို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ဒီနှစ်ရာသီဥတု အခြေအနေက ဒီအတိုင်းသာ မိုးကောင်းနေမယ်ဆိုရင် သီးနံှတွေ မနှစ်ကထက် အထွက်နှုန်းကောင်းနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၃ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်ဈေးထိရှိပါတယ်။ လတ်လတ်ဆတ်ဆတ်ချင်း (ဖော်ပြီးစ) တွေကတော့ တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
Background