ဂျပန်နိုင်ငံက ပါကစ္စတန်မှာ ဂျပွန်နီကာစပါးစိုက်ပျိုးဖို့ စိတ်အားသန်နေ

ဂျပန်နိုင်ငံက ပါကစ္စတန်မှာ ဂျပွန်နီကာစပါးစိုက်ပျိုးဖို့ စိတ်အားသန်နေ                ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီကြောင့် လယ်ကွင်းများ ပျက်စီးခဲ့ရတဲ့အတွက် ပါကစ္စတန်မှာ ဂျပန် ဂျပွန်နီကာစပါးစိုက်ပျိုးဖို့ ဂျပန်စိုက်ပျိုးရေးလုပ်ငန်းရှင်တွေက စိတ်အားသန်နေတယ်လို့ သိရပါတယ်။ စပါးစိုက်ပျိုးဖို့ ပရိုဂျက်တစ်ခုကို ထင်ရှားတဲ့ ဂျပန် ကုမ္ပဏီနဲ့ ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (REAP ) တို့ ကနဦးအနေနဲ့ စတင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပရိုဂျက်ကို REAP  ဥက္ကဌ Irfan Armed Sheikh  က ဂျပန်လုပ်ငန်းရှင် Hironao Takahashi  နဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။                  ဂျပန်ပြည်သူအများစုဟာ ဂျပန်ဆန်ကိုသာ ကြိုက်တာကြောင့် ပါကစ္စတန်မှာ ဂျပန်စံနှုန်းနဲ့ အညီ ဂျပန်ဆန်ကို စိုက်ပျိုးသွားနိုင်မယ်ဆိုရင် ပိုကောင်းတယ်လို့ တာကာဟာရှီက ပြောကြားပါတယ်။ ဂျပန်ဆန်က မွှေးရနံ့ရှိပြီး အရသာ ထူးခြား ကောင်းမွန်တာကြောင့် ကမ္ဘာတစ်ဝန်း ထင်ရှားနေတာကြောင့် အဲဒီဆန်စိုက်ပိုျးဖို့ဟာ ဂျပန်နိုင်ငံကို တင်သွင်းရုံသာမက တရုတ်နိုင်ငံလို ဈေးကြီးမြင့်တဲ့ ဆန်စားသုံးနိုင်တဲ့နိုင်ငံတွေကိုလည်း တင်ပို့သွားမယ်လို့ ဆိုပါတယ်။               အဲဒီပရိုဂျက်ကို ပါကစ္စတန်မှာ နှစ်စဉ် ဂျပန်ဆန်တန်ချိန် တစ်သိန်းအထိ စိုက်ပျိုးဖို့ စီစဉ်ထားကြောင်းနဲ့ ယင်းကုမ္ပဏီအနေနဲ့ စပါးမျိုးစေ့ကီလို ၁ဝဝ ကိုလည်း ပါကစ္စတန်မှာ စိုက်ဖို့ ပို့ပြီးသွားပြီလို့ ဆိုပါတယ်။ REAP အနေနဲ့ ပါကစ္စတန်ရဲ့ စပါးစိုက်ပျိုးမယ့် ဒေသ ၈ နေရာမှာ ဖြန့်ဝေပြီးသွားပြီလို့ Irfan Sheikh က လည်း ပြောကြား တယ်လို့ သိရပါတယ်။REAP  နဲ့ အစိုးရအနေနဲ့ စပါး၊ ဆန်အရည်အသွေးထိန်းသိမ်းဖို့ အဲဒီပရိုဂျက်မှာ သိပ္ပံပညာရှင်များစွာလည်း ပါဝင်ဆောင်ရွက်စေမယ်လို့ ဆိုပါတယ်။ နောက် ၃ လအတွင်း အဲဒီပရိုဂျက် ရုပ်ရုံးပေါ်လာမှာဖြစ်ပြီး ပရိုဂျက်အောင်မြင်ပါက ပါကစ္စတန်အနေနဲ့ ဒေါ်လာသန်းရာ ပေါင်းများစွာ ရရှိမယ်လို့ ဆိုပါတယ်။ လက်ရှိစပါးမျိုးစေ့ဟာ အလွန်နည်းနေသေးကြောင်း၊ အကယ်လို့ ပါကစ္စတန်မှ စိုက်ပျိုးမှု အောင်မြင်မယ်ဆိုရင်လာမယ့်နှစ်များမှာ စီးပွားဖြစ် စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။ ဂျပွန်နီကာဆန်ဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ ဝန်းကျင်ရှိပြီး ပါကစ္စတန်ဆန်ကိုတော့ တစ်တန် ကန်ဒေါ်လာ ၄ဝဝ ဝန်းကျင်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။                   လမင်း၊Source: riceonline