ဆန်ထွက်နှုန်းကောင်းမွန်ဆဲဖြစ်သည့် ဖိလစ်ပိုင်
ဆန်ထွက်နှုန်းကောင်းမွန်ဆဲဖြစ်သည့် ဖိလစ်ပိုင် ဖိလစ်ပိုင်အမျိုးသားစားသောက်ကုန် အာဏာပိုင်အဖွဲ့National Food Authority (NFA) ရဲ့ အုပ်ချုပ်ရေးမှူးLito Banayo ကဇွန်လ ၂၂ ရက်နေ့မှာ ဖိလစ်ပိုင်အနေနဲ့ ကမ္ဘာ့ဆန်အများဆုံးတင်သွင်းတဲ့ နိုင်ငံ မဖြစ် နိုင်တော့ကြောင်း ပြောကြား လိုက်တယ်။ ယခုနှစ်မှာ ဆန်တန်ချိန် ၈၆ဝဝဝဝ ကိုတင်သွင်းခဲ့ရာ ပြီးခဲ့သည့်နှစ်က တန်ချိန် ၂ ဒသမ ၄ သန်းမှ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း Banayo ကBulong–Pulungan သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင် အနေနဲ့ မိမိကိုယ်ကိုဆန်ဖူလုံမှုရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ အားစိုက်လုပ်ဆောင်လျက်ရှိတယ်။ တင်သွင်းမှုကိုလျှော့ချကာ ပြည်တွင်း စပါးကို ဝယ်ယူခြင်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍကို ဆန်တင်သွင်းမှုတွေကို ပြုလုပ်စေခဲ့ကြောင်း Banayo က ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်က ဖိလစ်ပိုင်မှာ ရေအရင်းအမြစ်လုံလောက်မှုမရှိတာကြောင့် ဆန်တစ်ကီလိုဂရမ်ကို ထုတ်လုပ်ဖို့ ကုန်ကျစရိတ်က အခြားဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေထက် ပိုမိုတာကြောင့် ဆန်စိုက်ပျိုးခြင်းထက် ဆန်ဝယ်ယူတင်သွင်းခြင်းက ပိုမိုကောင်းမွန်ကြောင်း အကြံပြုထားပါတယ်။ Banayo ကလည်း ကုန်ကျစရိတ်ပိုမိုမြင့်မားတယ်ဆိုတာ မှန်ပေမဲ့လည်း ရေရှည်မှာ မိမိပြည်တွင်း စက်ရုံတွေကို အကူ အညီပေးဖို့ ထောက်ပံ့ပေးတာက ပိုမိုကောင်းမွန်ကြောင်း ပြောကြားလိုက်တယ်။ ယခုနှစ်မှာ ဆန်ထွက်ရှိမှုက ကောင်းမွန်ကြောင်း နဲ့ နွေဦးသီးနံှက ယခင်နှစ်ကထက်စာရင် ၁၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း အထိတိုးတက်လာကြောင်းသိရှိရပါတယ်။ နှစ်နှစ် သုံးနှစ်ဆက်တိုက် ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါက ဖိလစ်ပိုင်က မိမိဘာသာ ဆန်ဖူလုံမှုရှိတဲ့နိုင်ငံ ဖြစ်လာမှာ ယုံကြည်ကြောင်း Banayo ကဖြည့်စွက် ပြောကြားလိုက်တယ်။ ထုတ်လုပ်မှုတည်ငြိမ်စေရေးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တစ်ခုတည်းသောပြဿနာမှာ တိုက်ဖုန်းမုန်တိုင်း နဲ့ ရာသီဥတု ပြောင်းလဲမှုပဲဖြစ်ကြောင်း သိရှိရတယ်။ အဓိကမှာ ဆန်အဓိကစိုက်ပျိုးတဲ့ ဒေသတွေဖြစ်တဲ့ Luzon ဒေသမှာ မုန်တိုင်းတွေနဲ့ တိုက်ဖုန်းမုန်တိုင်းတို့ဖြစ်ပွားလေ့ရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.tempo.com.ph
